သတင်း

အင်းစိန်ထောင်ဝင်စာအခန်းကို ICRC က ဒေါ်လာ ၃သိန်းကုန်ကျခံ ပြင်ဆင်မည်

ပြစ်မှုကျူးလွန်လိုစိတ်များ လျော့ချရန် ရည်ရွယ်သည့် အနေဖြင့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC)က ရန်ကုန် အင်းစိန်ထောင်၏ ထောင်ဝင်စာအခန်းကို အမေရိကန်ဒေါ်လာ ၃သိန်း အကုန် အကျခံကာ ပြင်ဆင်ပေးမည်ဟု တနင်္လာ နေ့က ကြေညာသည်။

အဆိုပါ အဆင့်မြှင့်တင်ကာ ပြုပြင်ပေးမည့် အဆောက်အအုံသည် အကျဉ်းကျခံနေရသူများနှင့် မိသားစုဝင်များ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ခွဲခွာနေထိုင်ရသောကြောင့် ဖြစ်ပေါ်သော စိတ်ဖိစီးမှုများကို လျော့ချပေးမည်ဖြစ်ကာ ၊ လျှပ်စစ်မီးနှင့် လေဝင်လေထွက်၊ လွတ်လပ်မှု ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးကာ သန့်စင်ခန်းအသစ်များ၊ ကော်ဖီဆိုင် တဆိုင်နှင့် ကလေးများအတွက် ကစားကွင်းတကွင်း တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ICR ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦး “ငွေရော၊ ဒီဇိုင်းပိုင်းကိုပါ ICR က အပြည့်အ၀ ထောက်ပံပါ တယ်”ဟု ပြောသည်။

ထိုလုပ်ငန်းများကို လာမည့်နှစ် အစောပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့်ရပြီး ကျပ်ငွေသန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၂၉၅၀၀၀) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အင်းစိန်ထောင်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးထောင် ဖြစ်ပြီး အကျဉ်းသား ၁၂၀၀၀ခန့်ထားရှိသည်။

“နေရာအကျယ်အဝန်းက အခုထက်နှစ်ဆလောက် ပိုကျယ်မယ်၊ ဒါကြောင့် မိသားစုတွေပိုပြီး လွတ်လွတ်လပ်လပ်နေလို့ ရ တာပေါ့။အကျဉ်းသားနဲ့ ဧည့်သည်တွေကို မှန်နဲ့ ခြားထားမယ်၊ဖုန်းနဲ့ဆက်ပြီးစကားပြောရမှာ”ဟုလည်း ဦးမျိုးဦးပြောသည်။

လက်ရှိ ထောင်ဝင်စာတွေ့ ဆုံသော အဆောက်အအုံမှာ လွတ်လပ်မှုမရှိဘဲ အကျဉ်းသားနှင့် ဧည့်သည်များကို သံဇကာ ဖြင့်ခြားထားသည်။

အဆင့်မြှင့်တင်မည့် အစီအစဉ်အသေးစိတ်ကို ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ထိုအဆောက်အအုံသစ်သည် နိုင်ငံ တကာစံနှုန်းမီမည်ဟု ဦးမျိုးဦးက ရှင်းပြသည်။

ဆောက်လုပ်ဆဲကာလ၌ စည်းကမ်းချက်အပြောင်းအလဲများကို အကျဉ်းသားမိသားစုများအား အကြောင်းကြား မည်ဖြစ်ပြီး ထောင်ပြင်ပတွင်လည်း စည်းကမ်းချက်များကိုကပ်ထားမည်ဟုလည်း ၎င်းကဆိုသည်။

အဆောက်အအုံသစ်တွင် အကျဉ်းသားနှင့် ဧည့်သည်များ အတွက်ထိုင်ခုံများ ပါရှိပြီး ၎င်းတို့ကို သံတိုင်နှင့် မှန်များခြား မည်ဖြစ်ကာ ဧည့်သည်များစောင့်ဆိုင်းရမည့် သီးသန့်နေရာတခုလည်း ပါဝင်သည်ဟုICRC ၏သရုပ်ဖေါ်ပုံအရသိရသည်။

အင်းစိန်ထောင်မှ စာရင်းများအရ ကြားရက်များတွင် နေ့စဉ် ထောင်ဝင်စာ လာရောက်တွေ့ ဆုံသော ဧည့်သည် ၆၀၀ ခန့် ရှိပြီး စနေ၊ တနင်္ဂနွေနေ့များတွင် ထောင်ဝင်စာလာရောက် တွေ့ဆုံသူ တရက်လျှင်၂၀၀၀ခန့်ရှိသည်ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများကို ညှင်းပမ်းနှိပ်စက်ရာတွင် အမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင် တွင် အကျဉ်းဦးစီး ဌာနသည် ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပတ်သက်၍ စည်းကမ်းများကို လျော့ချ ထားပြီး၊ ပညာပေး အစီအစဉ်များကို ကောင်းမွန်အောင် စတင်လုပ်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက လွန်ခဲ့သည့်နှစ်က ကြေညာသည်။

သို့သော် အင်းစိန်ထောင်တွင် လွန်စွာကျပ်သိပ်နေကြောင်းနှင့် အဆောင်သစ်များ ဆောက်ရန်လို ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလွန်ခဲ့သောနှစ်မှာပင်အကြံပြုခဲ့သည်။

“အဆောင်တိုက်တွေကိုအဆင့်မြှင့်တင်ဖို့အစီအစဉ်တော့မရှိသေးဘူး” ဟုဦးမျိုးဦးပြောသည်။

၂၀၁၁ခုနှစ်တွင် ICRC သည် အကျဉ်းကျခံနေရသူများ ကျန်းမာရေးတိုးတက်စေရန် အင်းစိန်ထောင် တွင် ရေသန့်စင်စနစ် နှင့် လုံခြုံရေးကောင်းမွန်စေရန်CCTV ကင်မရာများတပ်ဆင်ပေးခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော နန်းလွင်၏ Red Cross to Pay For $300K Facelift of Insein Prison Visitors Area ကို ဘာသာပြန်သည်။)

Loading