အာဏာသိမ်း စစ်ကောင်စီ၏ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ ဖြင့် စွဲဆိုခြင်း ခံထားရသည့် နေပြည်တော် ဒုတိယ မြို့ တော်ဝန်ဟောင်း၊ NLD ပါတီဝင် ဦးရဲမင်းဦးကို ယနေ့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အထူးတရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်းတွင် ယင်းပုဒ်မဖြင့် စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခင်က ယင်းပုဒ်မ ၄၀၉ ဖြင့် အင်းစိန်ထောင် အထူးတရားရုံးတွင် ပုံမှန် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခြင်း မရှိသေးဘဲ ယာယီ ဆိုင်းငံထားခဲ့ကြောင်း၊ ယနေ့ ရုံးချိန်းတွင်မူ တရားလိုဘက်မှ ဦးလင်းလင်းထွန်း ဆိုသူကို စတင် စစ်ဆေးခဲ့ကြောင်း ဦးရဲမင်းဦး၏ ရှေ့နေဖြစ်သူက ပြောသည်။
“ပုဒ်မ ၄၀၉ အမှုကို တရားလိုကို စစစ်တယ်။ တရားလို လင်းလင်းထွန်းပေါ့။ မပြီးသေးဘူး။ အပြန်အလှန် စမေးနေပြီ။ နောက်တချိန်းကို ချိန်းလိုက်တယ်။ ဇူလိုင်လ ၉ ရက်နေ့ကို ပြန်ချိန်းတယ်။ သူ့ကို ဒီတမှုပဲ စစ်တာ ရှိသေးတယ်။ အဂတိ အမှုကတော့ အကျိုးအကြောင်း မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ မှာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စား လှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု”ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။
ဦးရဲမင်းဦးသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စီမံကိန်း မြေနေရာ ချထားပေးမှု တွင် လုပ်ထုံးလုပ်နည်းစည်းကမ်းများ ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အဂတိ လိုက်စားမှု ပုဒ်မ ၅၅/၆၃ ဖြင့် ထပ်မံ အမှုဖွင့်ခြင်း ခံထားရသေးသည်။
“သူ့(ဦးရဲမင်းဦး)ကျန်းမာရေးလည်း ကောင်းတယ်။ ထောင်ဝင်စာတွေကတော့ နှစ်ပတ်တခါ ပုံမှန်ပေးလို့ရတယ်။ သူတို့တွေ ထဲက ဘယ်သူမှ မိသားစုနဲ့ တွေ့ ခွင့် မရဘူး။ ရှေ့နေတွေပဲ တွေ့ ခွင့်ရတယ်။ ရှေ့နေတွေတောင် မြို့နယ်ရုံးမှာပဲ တရားစွဲလို့ ထောင်ထဲမှာ စစ်လို့ တွေ့ရတာ”ဟု ဦးရဲမင်းဦး၏ ရှေ့နေက ပြောသည်။
အင်းစိန်ထောင်ထဲတွင် ရောက်ရှိနေသည့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် မမိုးဆန်းစုကြည်၊ မတရာအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ဦးစိုးလေး၊ ဦးဘမျိုးသိမ်းတို့ကိုလည်း လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
“သူတို့တွေရဲ့ ကျန်းမာရေးလည်း ကောင်းပါတယ်”ဟု ရှေ့နေ ဖြစ်သူက ပြောသည်။
ဦးရဲမင်းဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် နံရိုးကျိုးသည်အထိ နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီ၏ နေဝင်ချိန်
စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ