သတင်း

လူအသေအပျောက်ရှိသည့် အုတ်ဖိုရေကြီးမှု စာသင်ကျောင်းများ ပိတ်ထားရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ရေကြီးမှုကြောင့် လူတဦး သေဆုံးပြီး ရေစီးနှင့် မျောပါသွားသူ တဦး ပျောက်ဆုံးနေသည့်အပြင် စာသင်ကျောင်း ၂၅ ကျောင်းကိုလည်း ပိတ်ထားရကြောင်း သတင်းရရှိသည်။

ရေကြီးရေလျံမှု စတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်ထိ ၃ ရက် အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်း အစရှိသည့် အစိုးရ စာသင်ကျောင်းပေါင်း ၂၄ ကျောင်းနှင့် ပုဂ္ဂလိက စာသင်ကျောင်း တကျောင်းကို ပိတ်ထားရခြင်း ဖြစ်ကြောင်း အုတ်ဖိုမြို့နယ် ဒုတိယပညာရေးမှူး ဦးကျော်ဝင်းထွန်း က ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရေကြီးမှု မြင်ကွင်း / ကောင်းမြတ်မင်း / ဧရာဝတီ

ဦးကျော်ဝင်းထွန်း က “၃၀ ရက်နေ့ထိကျောင်း ၂၅ ကျောင်းရှိသွားပြီ ကျနော်တို့မြို့နယ်မှာ အဖိတ်ဥပုဒ်က ကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် ရေပြန်ကျသွားတဲ့အခါမှာ ပိတ်ရက်ဖြစ်တဲ့ အဖိတ်ဥပုဒ်နေ့တွေမှာ အစားထိုး သင်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီလိုရေတက်က အရင်နှစ်ကတော့ မဖြစ်ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ် ကတော့ တခါဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရေကြီးမှု မြင်ကွင်း / ကောင်းမြတ်မင်း / ဧရာဝတီ

ရေနစ်သေဆုံးသူ အမျိုးသားတဦးမှာ ဘန့်ဘွေးကုန်း ရွာသားဖြစ်ကြောင်းသိရပြီး၊ သြဂုတ်လ ၂၉ ရက်နေ့ညနေပိုင်းက ရေဆင်းကူးရင်း ရေစီးနှင့် မျောပါပျောက်ဆုံးနေသည့် ၁၀ တန်းကျောင်းသား တဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းတွင် ယခုလ ၂၇ ရက်နေ့မှစ၍ မိုးဆက်တိုက်ရွာပြီးနောက် အုတ်ဖိုမြို့ပေါ်ရှိ ရက်ကွက် ၆ ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ စုမှ ရွာပေါင်း ၃၂ ရွာရေနစ်မြုပ်ခဲ့ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး က ပြောသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရေကြီးမှု မြင်ကွင်း / ကောင်းမြတ်မင်း / ဧရာဝတီ

ဦးကျော်ဇင်ဦး က “ရေကတော့ ပြန်ကျသွားပြီဆိုပေမယ့်။ အထဲမှာချက်ပြုတ် စားသောက်ဖို့ အဆင်မပြေတဲ့ အိမ်တွေကို မြို့နယ်တွင်းမှာရှိတဲ့ မြို့နယ်တွင်း ရေလွတ်တဲ့နေရာကသူတွေ လာလှူတဲ့ ထမင်းထုတ်တွေ ဝေတယ်။ ရဲတပ်ဖွဲ့ကတော့ ရေသန့်တွေ ဝေပေးတယ်။ ခန်းမမှာတော့ ယာယီဆေးကုနိုင်ဖို့ ဆေးခန်းဖွင့်ထားပေးတယ်” ဟု ဧရာတီသို့ ပြောသည်။

အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံအတွင်း ရေများဝင်ရောက်သဖြင့် လူနာများအား သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ရေလွတ်ရာ အဆောက်အအုံသစ်သို့ ရွှေ့ပြောင်းခဲ့ရပြီးအတွင်းလူနာ ၁၁၆ ဦးတွင် အခြေအနေကာင်းမွန် သက်သာသည့်လူနာ ၆၉ ဦးကို ဆေးရုံဆင်းပေးပြီး ၄၇ ဦးကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ အုတ်ဖိုမြို့နယ် မြို့မရဲစခန်း ဗဟိုကင်းရှိ အချုပ်သား ၁၆ ဦးနှင့် မ တဦးကိုလည်း ရေလွတ်ရာနယ်မြေရဲကင်းသို့ ပြောင်းရွှေ့ထားရကြောင်းသိရသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရေကြီးမှု မြင်ကွင်း / ကောင်းမြတ်မင်း / ဧရာဝတီ

ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ ကျေးရွာ ၃၂ ရွာမှ လယ်ယာမြေများလည်း ရေဝင်လျှက်ရှိပြီး ရေမြုပ်သည့် ဧရိယာပမာဏကို သက်ဆိုင်ရာ ရပ်ကျေးလယ်စီအဖွဲ့များမှ စာရင်းကောက်ယူမှုများ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် ကိန်းဂဏန်းအချက်အလက် အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

“အုတ်ဖိုမြို့ပေါ်မှာတော့ ရေကတဖြည်းဖြည်း ကျလာပြီ။ စိုးရိမ်တာက သူစီးထွက်မယ့် မြစ်မခမြစ်မှာထောက်နေရင် အောက်က ရွာတွေ အကုန်ရေမြှုပ်ပျက်ဆီးအုံးမှာ။ ဒါကတော့ ရေကျပြီဆိုပေမယ့် စိုးရိမ်ရမယ့် အခြေအနေတခုပါ ” ဟု ဒေသခံ ကိုပီ က ပြောသည်။

Loading