ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက်က သက်ဆိုင်ရာအာဏာပိုင်များကို ခေါ်ယူ၍ ပရာသက် ကူးမီး (ငါတို့ တိုင်းပြည်မှာ ဒါတွေရှိတယ်) အမည်ရှိ ရက်ပ်သီချင်းနှင့်ပတ်သက်၍ သုံးသပ်ရန် ညွှန်ကြားခဲ့သည်။
အဆိုပါ သီချင်းဗီဒီယိုဖိုင်ကို Youtube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုမှုပေါင်း ၂၃ သန်းရှိခဲ့ပြီး အထူးသဖြင့် ထည့်သွင်းထား သော မြင်ကွင်းပုံရိပ်များမှာ ၁၉၇၆ ခုနှစ် ဘန်ကောက်မြို့ သမာဆတ်တက္ကသိုလ်၌ ဖြစ်ခဲ့သည့် ဆန္ဒပြပွဲတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို ဖော်ညွှန်းထားမှုများလည်း ပါရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ကောင်ချက်ပ် ထရန်ထရာဗန်နက်ရှ်က ယင်း ဗီဒီယိုပါ သမာ ဆတ်တက္ကသိုလ် အရေးအခင်းတွင် လူသိများသည့် လူသေအလောင်းကို သစ်ပင် တွင် တွဲလောင်းဆွဲထားသည့် ပုံကို ထည့်သွင်းသုံးရသည့် အကြောင်းနှင့် ပတ်သက်၍ ဖန်တီးသူအား မေးမြန်းလိုကြောင်း ဆိုသည်။
“ဒီပုံတွေ ထည့်သုံးထားတာ အကြမ်းဖက်မှုကနေ သူတို့ရဲ့ပုဂ္ဂိုလ်ရေး ကျေနပ်မှုအတွက်သာ ဖြစ်ပါ တယ်” ဟု ၎င်း က ပြောသည်။
ဆက်လက်ပြီး ယင်းဗီဒီယိုဖိုင်သည် ထိုင်းပြည်သူများအတွင်း အကြမ်းဖက်မှု ထင်ဟပ်စေလျှင် ဖြစ်စေ (သို့မဟုတ်) အကြမ်း ဖက်မှု လှုံ့ဆော်လျှင်ဖြစ်စေ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဗီဒီယိုဖိုင်ကို စစ်ဆေးသင့်ကြောင်းနှင့် နိုင်ငံပြန်လည် သင့်မြတ်ရေး တည်ဆောက်နေသည့် အစိုးရဆပ် ကော်မတီ ကိုယ်စား ယခုကဲ့သို့ ပြောဆိုနေရခြင်း ဖြစ်ကြောင်း ထည့်သွင်း ရှင်းလင်းသွားသည်။
သမာဆတ် တက္ကသိုလ် ပါမောက္ခအချို့ကမူ အဆိုပါ သီချင်းကို ချီးကျူးခဲ့ကြပြီး ထိုင်းစစ်အာဏာရှင် အစိုးရ အတွက် စိန်ခေါ်မှုတခု ဖြစ်ကြောင်း၊ အများပြည်သူများမှာ ၎င်းတို့ ခံစားချက်များကို မြိုသိပ် ထားရသည်မှာ ကြာပြီဖြစ်ကြောင်း သမာဆတ်တက္ကသိုလ်တွင် အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပသည့် “ဝိဇ္ဇာပညာ၊ အာဏာနှင့် အမိန့်မနာခံမှု” ဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။
Visual (အမြင်ဆိုင်ရာ) ဝိဇ္ဇာဘာသာရပ် ကထိက သနွန်ချာ ပါဒီးက ပြောကြားရာတွင် အဆိုပါသီချင်း သည် အစိုးရက ဥပဒေပုဒ်မ ၄၄ ကို သုံး၍ လွတ်လပ်စွာ ထုတ်ဖော်မှုကို ကန့်သတ် ဆင်ဆာဖြတ် ထားမှုမှ ပြည်သူလူထု လွတ်မြောက်ရေး တောင်းဆိုထားခြင်း ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
“လူထုဟာ မွတ်သိပ်နေပါတယ်။ သူတို့အတွက် ပြောပေးဖို့ တယောက်ယောက်ကိုလည်း ရှာနေကြ ပါတယ်။ အခုဆိုရင် လူထုက ဒီလိုသီချင်းကို အင်တာနက်ပေါ်မှာ like ပေးဖို့ သတ္တိရှိနေကြပေမယ့် သီချင်းဆိုရမှာတော့ အင်မတန် ကြောက်ကြတယ်ဗျ” ဟု သူက ပြောသည်။
အနုပညာဆိုသည်မှာ ပုံဖော်ပြသရခြင်းဖြစ်ပြီး အနုပညာရှင်များအနေဖြင့် တမျိုးပြီး တမျိုး ရှာဖွေ ဆန်းသစ်နေရဦး ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။ ၎င်းရက်ပ်ပါများသည် Block Chain နည်းပညာသုံးပြီး အင်တာနက်ပေါ်မှာ သီချင်းထုတ်လွှင့်ခဲ့ဖြစ်၍ အစိုးရအနေဖြင့် Block လုပ်ခြင်း၊ ဖျက်ပစ်ခြင်းပြုလုပ်၍ မရကြောင်း သိရသည်။
လူထုအပေါ် သက်ရောက်မှု ပြင်းထန်နိုင်သဖြင့် နိုင်ငံရေးအနုပညာကို အာဏာရှင်များက ပိတ်ပင်ကြ ကြောင်း၊ နိုင်ငံရေးအနုပညာသည် နားလည်ရန် လွယ်ကူပြီး သပွတ်အူလိုက်နေသော နိုင်ငံရေးကိစ္စ များကို နားလည်လွယ်အောင် ဖန်တီးပေးကြောင်း သမာဆတ်တက္ကသိုလ်မှ ဥပဒေ ကထိက စဝါထရီ ဆက်စရီက ပြောသည်။
(Ministry questions use of 1976 massacre in rap video အား ဆီလျော်အောင် သာဘာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှု့ရန် – ကြည့်သူ သန်းချီရှိတဲ့ ဝေဖန်ရေး ရက်ပ်သီချင်း ထိုင်းဝန်ကြီးချုပ် သဘောမကျ