မြန်မာနိုင်ငံမှ စစ်ဘက်နှင့် သက်ဆိုင်နေသော ကုမ္ပဏီများကို ပစ်မှတ်ထား ဘဏ္ဍာရေးအရေးယူမှုများပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပြီး ထိုလုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်နေသော စီးပွားရေးကုမ္ပဏီများသည် နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နိုင်ကြောင်းပြောကြားလိုက်သည်။
လူ့အခွင့်အရေး ကျွမ်းကျင်သူအဖွဲ့တဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အချိတ်အဆက်ရှိသော လုပ်ငန်းပေါင်းများစွာကို ဖော်ထုတ်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လုပ်ငန်းများနှင့် လုပ်ငန်းခွဲများကို ပိုင်ဆိုင်ခြင်းဖြင့် မြန်မာ့စီးပွားရေးတွင် ကျယ်ပြန့်သော နယ်ပယ်ကို ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးဆင်နွှဲသည်ဟု စွပ်စွဲခံနေရသည်။
၂၀၁၇ ခုနှစ်အတွင်း တပ်မတော်က ဦးဆောင်သည့် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးများအတွင်း မွတ်ဆလင် ၇၃၀၀၀၀ ကျော်သည် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြပြီး ထိုစစ်ဆင်ရေးများအတွင်း အစုလိုက်သတ်ဖြတ်ခြင်းနှင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ကုလသမဂ္ဂနှင့်အနောက်နိုင်ငံများက ဆိုသည်။ မြန်မာ့တပ်မတော်က စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်သည်တို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်များအတိုင်း ပြုမူဆောင်ရွက်ကြောင်း ဆိုသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲတခုက ထိုအကြမ်းဖက်မှုများကို လွန်ခဲ့သောနှစ်က အစီရင်ခံစာတစောင်တွင် ရှုတ်ချခဲ့ပြီး တပ်မတော်အပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူရန် တောင်းဆိုသည်။ ယခု အစီရင်ခံစာသစ်၏ ရည်ရွယ်ချက်မှာ တပ်မတော်နှင့် အချိတ်အဆက်ရှိသော ကုမ္ပဏီများအား ဘဏ္ဍာရေး အဆက်ဖြတ်ရာတွင် နိုင်ငံများကို ကူညီရန် ဖြစ်သည်ဟု ဆိုသည်။
“ဒီအစီရင်ခံစာဟာ ပထမဆုံးအနေနဲ့ အချို့ ဥရောပနဲ့ အာရှကုမ္ပဏီတွေပါဝင်ပတ်သက်နေတဲ့ ရုပ်ပုံလွှာကို ရှင်းရှင်းလင်းလင်းပြသလိုက်ပြီး ဒါဟာ ဆက်စပ်မှုရှိတယ်၊ ကုလသမဂ္ဂ သဘောတူညီချက်တွေနဲ့ စံနှုန်းတွေကို ချိးဖေါက်တာဖြစ်တယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်” ဟု အဖွဲ့ဥက္ကဌ မာဇူကီ ဒါရပ်စ်မန်းက တနင်္ဂနွေနေ့က ဂျကာတာတွင်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင်ပြောသည်။
ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်မှသည် ဟောင်ကောင်နှင့် တရုတ်အထိ မြန်မာ့တပ်မတော်နှင့် စီးပွားရေအဆက်အစပ် တနည်းနည်းဖြင့်ရှိနေသော ပြည်ပကုမ္ပဏီ အနည်းဆုံး ၅၉ ခုကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ခဲ့သည်။ ၎င်းတို့အနက် ၁၅ ခုသည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခု သို့မဟုတ် ၄င်တို့၏ လုပ်ငန်းခွဲများနှင့် ဖက်စပ်လုပ်ငန်းများဆောင်ရွက်နေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုပြီးနောက် စုံစမ်းစစ်ဆေးသူများသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လက်နက်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် သက်ဆိုင်သော ကိရိယာများရောင်းချသည့် အစ္စရေး၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် တရုတ်တို့မှ နိုင်ငံပိုင်လုပ်ငန်းများအပါအဝင် ကုမ္ပဏီ ၁၄ ခု၏အမည်ကို ဖော်ပြခဲ့သည်။
တပ်မတော်နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ ပတ်သက်သည့် မည်သည့်ပြည်ပစီးပွားရေး လုပ်ဆောင်မှုမဆိုသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖေါက်ခြင်းကို အကျိုးပြုစေ သို့မဟုတ် ဆက်စပ်နေသည့် အန္တရာယ် ကြီးမားစွာ ဖြစ်စေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
တပ်မတော်၏အဓိက လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ အကြောင်းကိုလည်း ဖော်ပြသည်။ ယင်းတို့သည် ကျောက်မျက်လုပ်ငန်း၊ ကြေးနီလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းအထိ နယ်ပယ်များစွာတွင် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဘဏ်များအနက် နှစ်ခုဖြစ်သော မြဝတီဘဏ်နှင့် အင်းဝဘဏ်များကို ပိုင်ဆိုင်ကြကြောင်း အစီရင်ခံစာက ဆိုသည်။
ထိုလုပ်ငန်းစုကြီးနှစ်ခုတွင် လုပ်ငန်းခွဲများစွာရှိပြီး ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းမှသည် ကျောက်မျက်တူးဖေါ်ခြင်းလုပ်ငန်းအထိ ကဏ္ဍအသီးသီးတွင် စုစုပေါင်း စီးပွားရေးလုပ်ငန်း ၁၂၀ ရှိသည်ဟု အထက်ပါအစီရင်ခံစာက ဆိုသည်။ ထိုလုပ်ငန်းများကို MEHL နှင့် MEC တို့အပြင် ကုမ္ပဏီတည်ဆောက်ပုံအရ ထိုလုပ်ငန်းနှစ်ခုနှင့်ဆက်စပ်နေသော အခြား ကုမ္ပဏီ ၂၇ ခုတို့က ပိုင်ဆိုင်ကြသည်ဟု ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းသော ဥပဒေ ကျွမ်းကျင်သူ ၃ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စာမျက်နှာ ၁၁၁ မျက်နှာပါရှိသော အစီရင်ခံစာက တပ်မတော်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများအား ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ လက်နက်မရောင်းချခြင်းနှင့် စားသုံးသူ သပိတ်မှောက်ခြင်းများဖြင့် အဆက်အသွယ်ဖြတ်ရန် တိုက်တွန်းထားသည်။
ထိုအစီရင်ခံစာတွင် ပြည်တွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းစုကြီး ၂ ခု ဖြစ်သော ကမ္ဘောဇနှင့် မက်စ်မြန်မာတို့ကိုလည်း နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရန် တားဆီးပြီး ဒုက္ခများကို ပိုမိုဆိုးရွားစေမည်ကို သိလျက်နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ခြံစည်းရိုးကာရန် ကူညီခဲ့သည်ဟု စွပ်စွဲထားသည်။
မက်စ်မြန်မာအုပ်စုက ၎င်းတို့၏ အလှူငွေနှင့်ပတ်သက်သည့် အစီရင်ခံစာပါ ဖေါ်ပြချက်ကို တနင်္လာနေ့မွန်းလွဲပိုင်းက ပြတ်ပြတ်သားသား ပယ်ချသည်။
“ မက်စ်မြန်မာအုပ်စု၏ လှူဒါန်းမှုကို လူ့အဖွဲ့အစည်းပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ပြုစုပျိုးထောင်ရေးအတွက် သက်သက်သာရည်ရွယ်ပြီး ကံမကောင်းအကြောင်းမလှသည့်ဖြစ်ရပ်များကြောင့် ထိခိုက်ရသည့် ဒေသခံလူမှုအသိုင်းအဝန်းများအတွက် လူသားချင်းစာနာမှုအကူအညီနှင့် တိုးတက်ရေးနှင့်ပြန်လည်နေရာချထားရေးအတွက် UEHRD အစီအစဉ်သို့ ပေးခဲ့သည်”ဟု မက်စ်မြန်မာအုပ်စုက ထုတ်ပြန်သည်။ UEHRD သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖြစ်သည်။
ခြံစည်းရိုးတည်ဆောက်ရေးအတွက် အလှူငွေထည့်ရန် တပ်မတော်သို့ ကနဦးက ကတိပေးခဲ့သော်လည်း မက်စ်မြန်မာအုပ်စုသည် ရခိုင်ပြည်နယ်မှ လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်ပြုစုပျိုးထောင်ရေးကို ပိုမို အာရုံစိုက်လိုသောကြောင့် အလှူငွေ မထည့်ဖြစ်ကြောင်း မက်စ်မြန်မာမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်က ဧရာဝတီသို့ပြောသည်။
“ ဒါကြောင့်မို့လို့ နယ်စပ်စည်းရိုးအတွက် ဘာအလှူငွေမှ မထည့်ခဲ့ဘူး” ဟု သူပြောသည်။ တပ်မတော်နှင့် ၎င်းတို့အကြား စီးပွားရေးဆက်စပ်မှုကို မေးသောအခါ “ အခု ကျနော်တို့နဲ့ သူတို့ကြားမှာ ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး” ဟုလည်း ဆိုသည်။
ကမ္ဘောဇ စီးပွားရေးအုပ်စု၏ ကိုယ်စားလှယ်များထံမှ လတ်တလော တုံ့ပြန်ပြောကြားမှု မရရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန်
မြန်မာ့ စစ်ဘက်စီးပွားရေးလုပ်ငန်းများကို အနီးကပ်ကြည့်ရှုခြင်း