သတင်း

မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

အာဏာသိမ်း မြန်မာ့တပ်မတော် ထိပ်တန်း စစ်ခေါင်းဆောင် ၁၀ ဦးကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကြေညာချက်ပါ အရေးယူခံရသူများ၏ အမည်စာရင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ သမ္မတ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့၏ အမည်များ ပါဝင်သည်။

ထို့ပြင် ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ကိုလည်း အရေးယူ ဒဏ်ခတ်မှုတွင် ပါဝင်ကြောင်း သိရသည်။

တပ်မတော်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်း ၃ ခုဖြစ်သော Myanmar Ruby Enterprise၊ Myanmar Imperial Jade ကုမ္ပဏီလီမိတက်နှင့် Cancri (Gems and Jewelry) ကုမ္ပဏီလီမိတက်တို့ကိုလည်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဌာနက အရေးယူ ဒဏ်ခတ်လိုက်သည်။

အဆိုပါ စစ်ခေါင်းဆောင် ၁၀ ဦး နှင့် စီးပွားရေးလုပ်ငန်း ၃ ခုတို့၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ၅၀ ရာခိုင်နှုန်းနှင့် အထက် ပိုင်ဆိုင်သော အမေရိကန် ပြည်ထောင်စုရှိ ပစ္စည်းပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားအားလုံးကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရသည့် အရပ်သား အစိုးရကို ဖမ်းဆီးထားပြီး တပ်မတော်က အာဏာ သိမ်းခြင်းသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet L. Yellen က ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီ ရရှိရေး အတွက် မြန်မာပြည်သူလူထု၏ ကြိုးပမ်းမှုများကို ကူညီရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ပြောသည်။

မြန်မာ့တပ်မတော်အနေနှင့် ၎င်းတို့၏ လမ်းကြောင်းကို တစုံတရာ ပြောင်းလဲမှု မရှိပါက နောက်ထပ် အရေးယူမှုများ ဆောင် ရွက်သွားရန် အမေရိကန်က အဆင်သင့်ရှိနေကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက် နှိမ်နင်းလာပါက ယခု အရေးယူမှုများသည် ပထမအဆင့် အရေးယူမှုများသာ ဖြစ်ခြင်းကို မြန်မာ့တပ်မတော်ဘက်က သိစေရမည်ဖြစ်ကြောင်း Janet L. Yellen ကပြောကြားသည်။

You may also like these stories:

မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့

ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား

စစ်တပ်ကို ထောက်ပံ့မှုများ ရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြ

Loading