အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ မြန်မာရဲ့ စစ်အာဏာသိမ်းတဲ့အပေါ်တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြေညာလိုက်ပါတယ်။
အခုလို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီလ ၁၀ ရက် က အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်ဒီစီရဲ့ စံတော်ချိန်အရ ပြောကြားတဲ့ မိန့်ခွန်းထဲမှာထည့်သွင်းကြေညာခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိမြန်မာအစိုးရရဲ့ ရန်ပုံငွေတွေကို စစ်အာဏာသိမ်း တပ်က မတော်မတရားတဲ့နည်းနဲ့ယူလို့မရအောင် အမေရိကန် အစိုးရအနေနဲ့ ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သမ္မတဂျိုးဘိုင် ဒန်က ပြောပါတယ်။
ဒါ့ပြင် စစ်အာဏာသိမ်းဖို့ ညွှန်ကြားချက်ပေးတဲ့ စစ်ခေါင်းဆောင်တွေ၊သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သူတို့နဲ့ နီးစပ် တဲ့မိသားစုဝင်တွေအပေါ် ချက်ခြင်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူလို့ ရအောင်အုပ်ချုပ်ရေးအမိန့် အသစ်တရပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။
ပထမအသုတ် အနေနဲ့ ဘယ်သူတွေကို ပစ်မှတ်ထားပြီး အရေးယူသွားမလဲ ဆိုတာကိုယခုသီတင်းပတ်အတွင်းမှာ ရွေးချယ်သွားမှာဖြစ်ပြီး ပြည်ပပို့ကုန်တွေကိုလည်းတင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအစိုးရရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်သွားမှာ ဖြစ်ပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ရိုက်အကျိုးရှိစေမယ့်လုပ်ငန်းတွေကို ဆက်လက် ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ဒီမိုကရေစီ အခွင့်အရေးကို အကြမ်းဖက် နှိမ်နင်းခဲ့ရင် လက်ခံမှာမဟုတ်ဘူးလို့လည်း ၎င်းက အခိုင်အမာ ပြောပါတယ်။ မြန်မာပြည်သူတွေဟာသူတို့ရဲ့ဆန္ဒကို ဖော်ထုတ်နေကြပြီး ဒါကို ကမာ္ဘကလည်း စောင့်ကြည့်နေကြတယ်။ဒီအားထုတ်မှုမှာ ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတကာကို လည်းပန်ကြားလိုက်ပါတယ် လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂ EU ထိပ်တန်း သံတမန် Josep Borrell ကလည်း EU အနေနဲ့တပ်မတော်ခေါင်းဆောင်တဦးတယောက် ချင်း အပါအဝင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာပြောဆိုလိုက်ပါတယ်။
နယူးဇီလန်၊ ဩစတြးလျ စတဲ့ နိုင်ငံတွေကလည်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်တွေမှာ တာ ဝန်ရှိတဲ့ အာဏာသိမ်း တပ်မတော်နဲ့အဆင့်မြင့် နိုင်ငံရေး၊ စစ်ရေး အဆက်အသွယ်တွေ ဖြတ်တောက်တော့မှာ ဖြစ်တယ်လို့ အသီးသီး ကြေညာထားပါတယ်။
You may also like these stories:
အကြမ်းဖက်ဖြိုခွင်းသူများ လူသားမျိုးနွယ်စုကို ချိုးဖောက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်ဟု UN ပြော
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ
မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်