၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဒုတိယ အကြိမ် ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ် ယူရာ တွင် စက်ခလုတ် အသုံးမပြုဘဲ လျှို့ဝှက်ဆန္ဒမဲပေး စနစ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က အသိပေး ကြေညာလိုက်သည်။
ဆန္ဒမဲ ပေးမှုကို ယခုလ ၁၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး မဲပေးရမည့်ပုံစံမှာ လွှတ်တော် နာယက၏ ရှေ့တွင် ဆန္ဒမဲ ပုံးများထားကာ လွှတ်တော် ကိုယ်စားလှယ် တဦးချင်း စီတန်း၍ လိျှု့ဝှက်ဆန္ဒမဲ ပေးရမည် ဖြစ်ကြောင်း သိရသည်။
လွှတ်တော် နယက ဦးတီခွန်မြတ် က “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် များ အတွက် အဆုံးအဖြတ်ရယူခြင်း ၄ ကြိမ် နဲ့၊ ပုဒ်မ ခွဲ(ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်များ အတွက် အဆုံးအဖြတ် ရယူခြင်း ၅ ကြိမ် ခွဲပြီး ဆောင်ရွက်ဖို့ လျာထား ပါတယ်” ဟု ပြောသည်။
ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်ပုဒ်မ ပုဒ်မခွဲ ၅၅ ခု ပါဝင်သော ဥပဒေ မူကြမ်း၏ ပြင်ဆင်ချက် ဇယား နောက်ဆက်တွဲ ဇ (၂) ကို အပိုင်း ၄ ပိုင်း၊ ဆန္ဒမဲလက်မှတ် ၄ စောင် ခွဲခြားပြီး လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မ (ခ) နှင့် သက်ဆိုင်သော ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ အခု ၈၀ ပါဝင်သော ဥပဒေ မူကြမ်း၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ ဇ (၂) ကို အပိုင်း ၅ ပိုင်း၊ ဆန္ဒမဲ လက်မှတ် ၅ စောင်၊ ခွဲခြားပြီး လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လွှတ်တော် နာယက က ရှင်းပြ သည်။
ပြည်တောင်စုလွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အချုပ်ဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီးပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦး ရှိသည်။
ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်ရှိကြောင်း၊ တဦးချင်းစီ ထွက်၍ ဆန္ဒမဲ ပေးကြ မည် ဖြစ်၍ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းများ ရှိနိုင်သဖြင့် ဆန္ဒမဲ လက်မှတ် ၉ စောင် ရှိရာတွင် ၁ ရက်ကို ဆန္ဒမဲ လက်မှတ် ၁ စောင်နှုန်းဖြင့် ပေးမည်ဆိုပါက ပျဉ်းမျှ ၉ ရက် ကြာနိုင်ကြောင်း၊ ၁ ရက်ကို ဆန္ဒမဲ လက်မှတ် ၂ စောင် နှုန်းဖြင့် ဆန္ဒမဲ ပေးမည်ဆိုပါက ၅ ရက်ကြာမည် ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေမှူးလည်း ဖြစ်သူ ဦးနေမျိုးထွန်း က “သမ္မတ မဲပေးတဲ့ စနစ် အတိုင်း သွားမှာဆိုတော့ နာယက ပြောတာကလည်း ၁၀ ရက်နေ့ စမယ်ဆိုတော့ ဒီအပတ်ထဲ ၄ ရက်ဆိုတော့ နောက်အပတ်ထဲလောက် အထိ ရောက်သွားမယ်လို့ ထင်တယ်”ဟုလည်း ပြောဆိုသည်။
မဲပေးရမည့် ပုံစံကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင် ဖြန့်ဝေထားပြီး ဖြစ်ကြောင်း၊ နမူနာ ပုံစံ၏ ဆန္ဒမဲ လက်မှတ် ၂ ၏ အမှတ်စဉ် ၁ မှာ တွေ့နိုင်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် တဦးချင်း အနေဖြင့် ပြင်ဆင်ချက် ၂ ခု လုံးကို ဆန္ဒပြုရမှာ ဖြစ်ကြောင်း၊ ပြင်ဆင်ချက် ၂ ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိပါက ထောက်ခံမဲ ပိုများသည့် ပြင်ဆင်ချက်ကို အတည်ပြုမည် ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောသည်။
ဦးတီခွန်မြတ် က “နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြောက်ပွဲ ကျင်းပစဉ်က လုပ်ငန်းစဉ်များ အတိုင်း အခြေခံ၍ ဆန္ဒမဲ လက်မှတ် ပြုစုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောပြသည်။
လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း အစီအစဉ်တွင် လွှတ်တော် ရုံးဝန်ထမ်း အဖွဲ့ ၈ ဖွဲ့၏ ဆောင်ရွက်မှု အပေါ် တဖွဲ့ လျှင် ၄ ဦးနှုန်းဖြင့် ကြီးကြပ် စောင့်ကြည့်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦးရဲ့ အမည် စာရင်းကိုလည်း နိုင်ငံရေး ပါတီ၊ သူ့အဖွဲ့အလိုက် သင့်တင့် မျှတသည့် အင်အား သတ်မှတ်တောင်းခံထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် မှ သိရသည်။
အဆိုပါ ၃၂ ဦးမှာ NLD ပါတီ ၁၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ကြံ့ခိုင် ရေး ပါတီ ၅ ဦး၊ ရခိုင် အမျိုးသား ပါတီ ၂ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၂ ဦး၊ ပလောင် (တအန်း) အမျိုးသား ပါတီ ၁ ဦး၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ၁ ဦး၊ ပအို့ဝ် အမျိုးသား အဖွဲ့ ပါတီ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
လွှတ်တော်၏ အဆုံးအဖြတ် ရယူမည့် အစီအစဉ် စတင်မည့်ရက်တွင် လွှတ်တော်ကိုယ်စားလှယ် တဦးချင်း အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံ ရှင်းလင်းသွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက က ပြော သည်။
မဲပေးရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ထွက်ပေါ်လာသည့် ရလဒ်ကို ကိုယ်စားလှယ်များ အားလုံး က နားလည် လက်ခံကြရမည် ဖြစ်ကြောင်းလည်း နာယက ဦးတီခွန်မြတ်က ပြောဆိုသည်။
လက်ရှိ အချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ပြင်ဆင်မည့် ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဆွေးနွေးရာတွင် အပြန်အလှန် ကန့်ကွက်မှုများလည်း ဖြစ်ပွားနေသည်။
You may also like these stories:
NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော