အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်သည့် ရွေးကောက်ပွဲ ဦးတည်ချက် တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးလည်း ပါဝင်ခဲ့ပါသည်။
ထို ရွှေးကောက်ပွဲ ဦးတည်ချက် တခုဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော် တွင်းမှ ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင်း၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။
ထို NLD လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက ဇန်နဝါရီ ၂၇ ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း ၂ ခုတွင် တပ်မတော် နှင့် ပတ်သက်၍ ပြင်ဆင်ရန် အဆိုပြုထားသည့် ပုဒ်မများအား စုစည်း ဖော်ပြလိုက်ပါသည်။
ယင်း ပုဒ်မများတွင် အရေးပေါ်အခြေအနေ တပ်မတော် ဦးဆောင်မှု ပယ်ဖျက်ခြင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် လျှော့ချမှု၊ မဲပေးခွင့် ကန့်သတ်မှု၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ)တွင် တပ်မတော် အသာရမှုကို ပယ်ဖျက်ခြင်း၊ ကာ/လုံ၏ လုပ်ပိုင်ခွင့်များ လျှော့ချခြင်းတို့ အဆို ပြုထားသည်ကိုလည်း တွေ့ရသည်။
၁။ ပုဒ်မ ၆ (စ)
အမျိုးသား နိုင်ငံရေး ကဏ္ဍတွင် တပ်မတော်က ဦးဆောင်မည့် ဦးတည်ချက်ကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
မူလ ပြဋ္ဌာန်းချက်၌ – နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။
ပြင်ဆင်ရန် အဆိုပြုချက်တွင် – နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော် က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို ဦးတည်သည်ဟု ပြောင်းလဲထားသည်။
၂။ ပုဒ်မ ၁၄၊ ပုဒ်မ ၁၀၉ (ခ)၊ ပုဒ်မ ၁၄၁ (ခ)၊ ပုဒ်မ ၁၆၁ (ဃ)
အထက်ပါ ပုဒ်မ ၄ ခုအား ပြင်ဆင်ရန် အဆိုပြုချက်များသည် လွှတ်တော်များတွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချ ထားခြင်း ဖြစ်သည်။
လွှတ်တော် အသီးသီး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုကို နောက်လာမည့် လွှတ်တော် သက်တမ်းများတွင် အဆင့်လိုက် လျှော့ချသွားရန်ဖြစ်ပြီး ပဉ္စမအကြိမ် လွှတ်တော် (၂၀၃၁–၂၀၃၆) ခုနှစ် သက်တမ်း အထိ တပ်မတော်သား ကိုယ်စားလှယ်များ အလုံးစုံ ထွက်ခွာရေးကို အဆိုပြုထားခြင်း မရှိပေ။
လက်ရှိ ပြဋ္ဌာန်းချက်များအရ လွှတ်တော် အသီးသီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီ ပါဝင်လျက် ရှိသည်။
ပြင်ဆင်ရန် အဆိုပြုချက်တွင် – တတိယအကြိမ် လွှတ်တော် (၂၀၂၁–၂၀၂၆) တွင် ကိုယ်စားလှယ် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် လွှတ်တော် (၂၀၂၆–၂၀၃၁) တွင် ကိုယ်စားလှယ် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ် လွှတ်တော် (၂၀၃၁–၂၀၃၆) တွင် ကိုယ်စားလှယ် စုစုပေါင်း၏ ၅ ရာခိုင်နှုန်းတို့ထက် မပိုသော အရေအတွက်သာ ပါဝင် ပြင်ဆင်ချက် အဆိုပြုထားသည်။
၃။ ပုဒ်မ ၄၀(ခ)၊ ပုဒ်မ ၄၀(ဂ)၊ ပုဒ်မ ၄၁၃၊ ပုဒ်မ ၄၁၃(ခ)၊ ပုဒ်မ ၄၁၅၊ ပုဒ်မ ၄၁၈(က)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၄၁၉၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၂၁၊ ပုဒ်မ ၄၂၁(က)၊ ပုဒ်မ ၄၂၁(ခ)
အထက်ပါ ပုဒ်မများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အဆိုပြုချက်များသည် နိုင်ငံ၏ အရေးပေါ် အခြေအနေ တွင် ဥပဒေအရ အာဏာလွှဲယူနိုင်မည့် အခြေအနေကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
နိုင်ငံ၏ အရေးပေါ်ကာလ ကာကွယ်ရေး ဦးစီးချုပ်က ဦးဆောင်မည့် နေရာတွင် သမ္မတက ဦးဆောင်ရန် အဆိုပြု ထားခြင်း ဖြစ်သည်။
ယင်းပြင်ဆင်ချက်များ အောင်မြင်ပါက အရေးပေါ် အခြေအနေကာလတွင် နိုင်ငံတော် အာဏာအား ပြည်ထောင်စု လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်ဖြင့် သမ္မတက ကိုင်တွယ် ဆောင်ရွက်သွားမည့် သဘောဖြစ်သည်။
၄။ ပုဒ်မ ၁၇(ခ)၊ ပုဒ်မ ၂၃၂(ည)(၂)၊ ပုဒ်မ ၂၃၅(ဂ)(၂)၊ ပုဒ်မ ၂၆၂(ဎ)(၂)၊ ပုဒ်မ ၂၆၄(ခ)(၂)၊ ပုဒ်မ ၂၈၅(စ)၊ ပုဒ်မ ၂၈၆(က) (၃)(ခခ)
အထက်ပါ ပုဒ်မများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အဆိုပြုချက်များသည် ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင် များအား အုပ်ချုပ်ရေးကဏ္ဍ ရာထူးခန့်အပ်မှုများ၊ တာဝန်မှ ရပ်စဲခြင်းများတွင် ကာကွယ်ရေး ဦးစီးချုပ် ၏ ဆုံးဖြတ်ခွင့်ကို ပယ်ဖျက်ထားခြင်း ဖြစ်သည်။
အဆိုပြုချက် အောင်မြင်ပါက ရာထူး ခန့်အပ်ခံရသည့် တပ်မတော်သားသည် အငြိမ်းစားယူရမည် ဖြစ်သည်။ (မူလ ပြဋ္ဌာန်းချက်အရ တပ်မတော်က နုတ်ထွက်ရန် မလို)
၅။ ပုဒ်မ ၂၀(ဂ)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်။ နိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တပ်မတော်ကွပ်ကဲမှု အောက်တွင် ရှိရမည်။ ပြည်တွင်း၊ ပြည်ပ အန္တရာယ်များ ကာကွယ်ရေး အတွက် တပ်မတော်က ဦးဆောင်ရမည် ဆိုသည့် အချက်များကို ပယ်ဖျက်ရန် အဆိုပြုထားခြင်း ဖြစ်သည်။
၆။ ပုဒ်မ ၂၀၁(ဇ)၊ ပုဒ်မ ၂၀၁(ဈ)၊ ပုဒ်မ ၂၀၁(ဋ)
အထက်ပါ ပုဒ်မများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အဆိုပြုချက်များသည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) တွင် တပ်မတော်၏ အားသာမှုကို ပြင်ဆင်ဖွဲ့စည်းရန် ဖြစ်သည်။
ကာ/လုံတွင် ပါဝင်သည့် နယ်စပ်ရေးရာ ဝန်ကြီးအား ပါဝင်ခွင့်မပေးတော့ဘဲ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် တို့မှ ဒုတိယ ဥက္ကဋ္ဌ ၂ ဦးအား ထပ်မံထည့်သွင်းရန် အဆိုပြုထားခြင်း ဖြစ်သည်။
ယင်းပြင်ဆင်ရန် အဆိုပြုချက် အောင်မြင်ပါက မူလက တပ်မတော်နှင့် ဆက်စပ်ပါဝင်သူ ၆ ဦးနှင့် အရပ်ဘက်က ပါဝင်သူ ၅ ဦး စုစုပေါင်းအဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် ကာ/လုံတွင် အဖွဲ့ဝင် ၁၂ ဦး ရှိလာမည် ဖြစ်ပြီး အရပ်ဘက်က ၇ ဦး နှင့် တပ်မတော် နှင့် ဆက်စပ် ပါဝင်သူ ၅ ဦးရှိမည် ဖြစ်သည်။
၇ ။ ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၂(က)၊ ပုဒ်မ ၄၁၂(ခ)၊ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၂၂၊ ပုဒ်မ ၄၂၃၊ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၂၆၊ ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၂၇(က)၊ ပုဒ်မ ၄၂၈၊ ပုဒ်မ ၄၂၉၊ ပုဒ်မ ၄၃၁၊ ပုဒ်မ ၄၃၂၊ ပုဒ်မ ၂၀၄(ခ)
အထက်ပါ ပုဒ်မများ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အဆိုပြုချက်များသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ၏ အရေးပါမှုကို လျှော့ချထားခြင်း ဖြစ်သည်။
အရေးပေါ်ကာလ အခြေအနေ ပေါ်ပေါက်ပါက ကာ/လုံ ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရမည်ဟု မူလ ပြဋ္ဌာန်းချက် များအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်ရေးဟု ပြင်ဆင်ရန် အဆိုပြုထားခြင်း ဖြစ်ပြီး ဆက်စပ်သည့် ပုဒ်မ တချို့ကို အပြီးပယ်ဖျက်ရန်လည်း အဆိုပြုထားသည်။
ယင်း ပုဒ်မများတွင် ပုဒ်မ ၂၀၄(ခ)အား ပယ်ဖျက်ရန် အဆိုပြုထားပြီး အောင်မြင်ပါက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကို ကာ/လုံ ၏ ထောက်ခံချက်မလိုဘဲ သမ္မတက ပေးပိုင်ခွင့်ရှိမည် ဖြစ်သည်။
၈။ ပုဒ်မ ၂၉၄ အား ပြင်ဆင်ခြင်း
မူလ ပြဋ္ဌာန်းချက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သော်လည်း စစ်ဘက် ဆိုင်ရာ တရားရုံးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့၏ စီရင်ပိုင်ခွင့်အာဏာနှင့် သီးခြားသဘောဖြစ်သည်။
ပြင်ဆင်ရန် အဆိုပြုထားချက် အောင်မြင်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စစ်ဘက်တရားရုံးများ အပါအဝင် နိုင်ငံအတွင်း တရားရုံးအားလုံး၏ အမြင့်ဆုံး တရားရုံးဖြစ်လာမည်ဖြစ်ပြီး စစ်ဘက်တရားရုံး စီရင်ချက်များ အပေါ် ကာကွယ်ရေး ဦးစီးချုပ်မဟုတ်သည့် တရားလွှတ်တော်ချုပ်ထံ အယူခံခွင့်ရလာနိုင်မည် ဖြစ်သည်။
၉။ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)
အထက်ပါ ပုဒ်မများ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အဆိုပြုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ မဲပေးခွင့်ကို ပယ်ဖျက် ထားခြင်း ဖြစ်သည်။
မူလ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှု ပါမှသာ ပြင်ဆင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ပြင်ဆင်ရန် သဘောတူမှသာ ဆောင်ရွက် နိုင်မည့် မူလပြဋ္ဌာန်းချက်ကိုလည်း ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် ထောက်ခံချက်ဖြင့် အစားထိုးရန် အဆိုပြုထားသည်။
အဆိုပြုချက်တွင် ရွေးကောက်တင်မြှောက်ခံ စကားရပ် ထည့်သွင်းထားသည့် အတွက် ပြင်ဆင်ချက် အဆိုပြုမှု အတည်ဖြစ်ပါက ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်တော်သား ကိုယ်စားလှယ်များ ပါဝင်ဆုံးဖြတ်ခွင့် ရှိတော့မည် မဟုတ်ပေ။
၁၀။ ပုဒ်မ ၁၁၅(ခ)၊ ပုဒ်မ ၁၄၇(ခ)
မူလ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာများ၊ တပ်မတော်ဆိုင်ရာများနှင့် ပတ်သက်ပြီး လေ့လာ တင်ပြရန် အကြောင်း ပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သား ကိုယ်စား လှယ်များဖြင့် ကာကွယ်ရေးနှင့်လုံခြုံရေး ကော်မတီ ဖွဲ့စည်းရမည့် အချက်ကို ပယ်ဖျက်ရန် အဆိုပြုထားခြင်း ဖြစ်သည်။
ထို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) စစ်အစိုးရ လက်ထက် ၁၉၉၃ ခုနှစ်က စတင်၍ ၁၅ နှစ်ခန့် ရေးဆွဲခဲ့သော အခြေခံ ဥပဒေ ဖြစ်သည်။
၂၀၀၈ ခုနှစ် မေလတွင် ယင်း အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ ၍ဟု ဆိုကာ စစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေသည် စတင် ပြဋ္ဌာန်းစဉ်ကတည်းက စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် ဥပဒေဖြစ်ပြီး ဒီမိုကရေစီ နည်း မကျကြောင်း၊ ထို့ကြောင့် ပြင်ဆင် ပြောင်းလဲ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဝေဖန် သုံးသပ်မှုများစွာ ထွက်ပေါ်ခဲ့ သော ဥပဒေ တရပ်လည်း ဖြစ်ပါသည်။ ။
You may also like these stories:
ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော
ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်ပါ ထောက်ခံမှ ပြင်လို့ရမည်
ဖွဲ့စည်းပုံ အခြေခံမူများ ပြင်ဆင်ရေး တပ်မတော်နှင့် ကြံ့ခိုင်ရေးတို့ မတင်သေး