ဝေယျာဝစ္စများကို ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်း မရှိသဖြင့် မိသားစု ပြုစုစောင့်ရှောက်ရန် မဖြစ်မနေ လိုအပ်သည့် ကိုဗစ်လူနာများကို မိသားစုဝင် ၁ ဦး လိုက်ပါစောင့်ရှောက်ခွင့် တောင်းခံနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
ကိုဗစ်ကုသရေးဌာန အချို့တွင် အပေါ့အလေးသွားခြင်း၊ စားသောက်ခြင်းတို့တွင် ကိုယ်တိုင်လုပ်ကိုင်နိုင်စွမ်း မရှိသည့် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူအချို့မှာ အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုအခြေအနေများအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “အသက်ကြီးတဲ့သူတွေမှာ သူတို့ကို ပြုစု ကုသပေးဖို့ လိုနေတယ်ဆိုရင် မိသားစုဝင် ၁ ယောက် လိုက်ပါဖို့ အတွက် ခွင့်ပြုပါတယ်။ သက်ဆိုင်ရာ အဖွဲ့က ဒါကိုဆုံးဖြတ်ပါတယ်။ တချို့တွေက အသက်တော့ သိပ်မကြီး သေးဘူး။ သူက အိပ်ယာထဲမှာ လဲနေတယ်။ သူ့ကိစ္စရပ်တွေကိုလည်း တယောက် တည်း ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးဆိုရင် သူ့ရဲ့ မိသားစုဝင် ၁ ယောက်က လိုက်ပါဆောင်ရွက်လို့ ရတယ်”ဟု ရှင်းပြသည်။
သို့သော် ကိုဗစ်ပိုးတွေ့လူနာအား အမှန်တကယ်ပြုစု စောင့်ရှောက်ရန် လိုအပ်မှသာ သက်ဆိုင်ရာအဖွဲ့က စဉ်းစား ဆုံးဖြတ် ပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများ၊ ပြုစုစောင့်ရှောက်ရန် လိုအပ်သူများကို သက်ဆိုင်ရာ ဆေးရုံရှိ ဆရာဝန်၊ ဆရာမများသာမက လူနာအချင်းချင်းကလည်း ကူညီစောင့်ရှောက်မှုများ ရှိကြောင်း ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက “သူ့ရဲ့ မိသားစုဝင်မှာ ပိုးတွေ့တဲ့သူ မဟုတ်ပေမယ့်လို့ ကိုယ့်ရဲ့ အမေ၊ အဖေကို ပြုစု စောင့်ရှောက် ချင်တယ် ဆိုရင် အဖွဲ့ကနေ ဆုံးဖြတ်ချက်နဲ့ လိုအပ်တဲ့ အကာအကွယ် အစောင့်အရှောက်တွေ လုပ်ရမှာပေါ့။ ဒါမျိုးတွေနဲ့ ပြုစုစောင့်ရှောက်ပေးလို့ ရပါတယ်။ သို့သော် အသက်ကြီးလို့ ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့တော့ နောက်ထပ် စောင့်ရှောက်မှုပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ ကိုမြင့်စိုးက “ပြီးခဲ့တဲ့ ရက်ကပဲ ဝှီးချဲ ဝယ်ပြီးပို့ပေးရတယ်။ ဘဘကျော်က ဆီးချိုနဲ့ ခြေထောက်က အနာကြောင့် မြောက်ဥက္ကလာပ ဆေးရုံမှာ ဆေးရုံတက်နေရင်းနဲ့ Positive တွေ့တော့ ဖောင်ကြီးပို့တာ။ လူနာစောင့်ကလည်း တခြားနေရာမှာ Q ဝင်ရတော့ ဘေးမှာ ဘယ်သူမှ မရှိတော့ အခက်အခဲဖြစ်နေတာ” ဟု ပြောသည်။
ကိုမြင့်စိုး၏ ဘကြီးဖြစ်သူမှာ အသက် ၇၅ နှစ်ခန့်ဖြစ်ပြီး ဆီးချိုရောဂါဖြင့် ခြေထာက်အနာကြောင့် မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးရုံတက်နေရာမှ ကိုဗစ်ရောဂါ ပိုးတွေ့ရှိသဖြင့် ဖောင်ကြီးယာယီဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံရခြင်း ဖြစ်သည်။
“ဟိုမှာတော့ နည်းနည်းပါးပါး ကူမယ့်သူရှိပေမယ့် ကိုယ့်မိသားစု ဘေးမှာ ရှိသလိုတော့ မဟုတ်ဘူး။ အရိပ်အခြေ ကြည့်ရတာပေါ့။ ဆီးသွားချင်လည်း အောင့်ထားပြီး တယောက်ယောက်လာမှ ထသွားရတာမျိုးဆိုတော့ အဆင်မပြေဘူး။ လူနာစောင့်လည်း ကွာရန်တင်း စင်တာ ပို့ရမယ့်အတူတူကို တနေရာထဲ ထားပေးသင့်တယ်” ဟု ကိုမြင့်စိုးက ဆိုသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂,၄၄၅ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၅၃၅ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၆,၃၆၆ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသမည်
ကိုဗစ်လူနာကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဖြစ်သေး ဟုဆို
ရခိုင်ပြည်နယ် ကိုဗစ် ကူးစက်မှု ထိန်းချုပ်နိုင်ပြီလား