သတင်း

အာဏာသိမ်းစစ်တပ် ကားအား KNPP ဖြတ်တိုက် တပ်ရင်းမှူး အပါအဝင် ၄ ဦး သေဆုံး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်တပ်မှ တပ်ရင်းမှူးတဦးအပါအဝင် ၄ ဦး သေဆုံးကြောင်း KNPP အတွင်းရေးမှူး – ၂ ဦးအောင်ဆန်းမြင့် က ဧရာဝတီကို အတည်ပြုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မောင်းနှင်လာသော ကားတစီးကို ဒီဇင်ဘာ ၂၀ ရက်တွင် ရှားတောမြို့နယ် တနေရာ၌ KNPP လက်အောက်ခံ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ဆန်းမြင့် က “သူတို့ (စစ်တပ်) က လျှောက်သွားတာကိုး ကျနော်တို့လှုပ်ရှားတပ်တွေနဲ့ထိပ်တိုက်တွေ့ပြီး ပစ်ကြတာပေါ့။ စစ်ယာဉ်တန်းတော့မဟုတ်ပါဘူး။ ကားတစီးတည်းပါ။ ကျနော်တို့ ရဲဘော်တွေကပစ်တော့ သူတို့ဘက်က ၄ ယောက်သေသွားတာပေါ့။ တပ်ရင်းမှူးတဦးပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများသည် ဖားဆောင်းမြို့ အခြေစိုက် အမှတ် (၁၃၄) တပ်ရင်းမှ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်ကလည်း ဧရာဝတီသို့ ပြောသည်။

KNPP အနေဖြင့် ဖေဖော်ဝါရီ ၁ ရက် ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့်အတူ ရပ်တည်သည်ဟု ပြောထားသဖြင့် စစ်ကောင်စီဘက်က ကယား ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာပါက တိုက်ပွဲများ ဖြစ်မည်ဖြစ်ကြောင်း ခူးဒယ်နီရယ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်များတွင် စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေ သဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ခူးဒယ်နီရယ်က “တိုက်ပွဲကတော့ ဆက်ဖြစ်နေမှာပဲ။ ကျနော်တို့က လူထုနဲ့ တသားတည်း ရှိတယ်ဆိုတော့ အခု KNDF (ကရင်နီအမျိုးသား များကာကွယ်ရေးတပ်) တို့၊ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တို့ ဆိုတာက လူထုထဲကနေ ပေါ်လာတဲ့ ကာကွယ်ရေးတပ် လို့ ပြောလို့ရတယ်ပေါ့။ သူတို့နဲ့ အတူတူကတော့ ကျနော်တို့ တိုက်ပွဲဝင်နေမှာပါပဲ။ သူတို့ (စစ်ကောင်စီ) က လူထုကို သတ်ဖြတ်တယ်၊ ရွာတွေ မီးရှို့တယ် လုပ်နေသမျှတော့ ကျနော်တို့က လူထုဘက် ရပ်တည်ပြီးမှ တိုက်ပွဲဝင်ရမှာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်အတွင်းက ရှားတောမြို့နယ် ပွန်ချောင်းအနီး ကရင်နီတပ်မတော်၊ KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များကြား နှစ်ရက်အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်မှ ဒီဇင်ဘာ ၇ ရက်အထိ KNPP နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၈၆ ကြိမ်ထက်မနည်း ဖြစ်ထားကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ခန့် သေဆုံးပြီး KNPP ၏ ကရင်နီ ကာကွယ်ရေးတပ်နှင့် KNDF၊ PDF တို့ဘက်မှ စစ်သည် ဆယ်ဂဏန်းကျော် သေဆုံးထားကြောင်း KNPP ၏ အချက် အလက်များအရ သိရသည်။

KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ် ၂၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားခဲ့သည်။

စစ်တပ်မှ အသွင်ပြောင်းလာသည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၂၀၁၂ တွင် KNPP နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့သော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တရားဝင် ချူပ်ဆိုနိုင်ခြင်း မရှိခဲ့ပေ။

KNPP သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို လက်နက်ကိုင် ခုခံဆန့်ကျင် တိုက်နေသလို KNPP ခေါင်းဆောင်အချို့သည်လည်း အာဏာသိမ်းမှု ဆန့်ကျင်သော အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။

Loading