မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အလုပ်အကိုင် ရှားပါးလာမှုများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရား မဝင် ဝင်ရောက်သူ များပြားနေပြီး ယခု မတ်လ ၁၀ ရက်တာ ကာလအတွင်း မြန်မာနိုင်ငံသား ၇၀၈ ဦးကို ထိုင်းနယ်စပ် တွင် ဖမ်းမိခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်များဖြစ်သည့် မွန်ပြည်နယ် နယ်စပ် ကန်ချနဘူရီ ပြည်နယ်၊ တနင်္သာရီတိုင်းနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်၊ ကရင်ပြည်နယ် နယ်စပ် တာ့ခ်ပြည်နယ်တို့မှ အများဆုံး ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း ပို့ဆောင်ပေးမည့် လမ်းပြပွဲစားများအား ထိုင်းနယ်စပ်သို့အရောက် ဘတ် ၁၀၀၀၀ မှ ဘတ် ၁၈၀၀၀ အထိ ပေးရပြီး အလုပ်အကိုင် ရှာဖွေပေးမည်ဆိုသည့် ပွဲစားများကို ဘတ် ၂၅၀၀၀ မှ ဘတ် ၂၈၀၀၀ အထိ ပေး၍ လာရောက်ကြရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလအတွင်း ထိုသို့ တရားမဝင် ဝင်ရောက်သူများအပြင် ၎င်းတို့ကို လမ်းပြခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား ပွဲစား အယောက် ၂၀ ခန့်ကိုလည်း ဖမ်းဆီးရမိထားကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဦးမိုးကြိုးက “မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တာ တချက်။ အိမ်ပေါင်၊ ခြံပေါင်၊ လယ်ပေါင် အတိုးကြီးကြီးနဲ့ ငွေချေးပြီးတော့ MoU စနစ်နဲ့ လာဖို့အတွက် ကြိုးပမ်းနေကြတဲ့ MoU လုပ်သားတွေ အများစုပါတယ်။ ဒီ ၇၀၈ ဦးမှာ အများစုက MoU လုပ်သားတွေပဲ။ ထိုင်းကနေ ထွက်သွားပြီး ထိုင်းကိုပြန်ဝင်ဖို့ ကြိုးစားနေတဲ့ MoU လုပ်သားတွေပဲ။ အတွေ့အကြုံ ရှိပြီးသား အလုပ်လုပ်ဖူးတဲ့ လူတွေပဲ။ တရားဝင် လမ်းကြောင်းကနေ ဝင်ရနိုးဝင်ရနိုးနဲ့ မျှော်ကိုးပြီး မစောင့်နိုင်လို့ အတင်းဝင်ရောက်လာကြတာက တချက်။ ပြီးတော့ ထိုင်းနိုင်ငံမှာ အထောက်အထားအသစ်တွေ ပြုလုပ် ပေးနေပြီ။ ထိုင်းနိုင်ငံကို မရောက်ရောက်အောင် ဝင်ကြဟေ့ဆိုပြီး ပွဲစားတွေရဲ့ စကားကို နားယောင်နေတဲ့ လူတွေလည်း ပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူများမှာ အသက် ၁၈ နှစ်နှင့် ၄၀ နှစ်ကြားများ ဖြစ်ကြပြီး အသက်မွေးဝမ်းကြောင်း အတွက် အလုပ်အကိုင် ရရှိရေးအပြင် စစ်ကောင်စီ၏ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းမှ ရှောင်တိမ်းနိုင်ရေး ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများမှာ ရန်ကုန်၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ မန္တလေး၊ ရခိုင်ပြည်နယ်မှ အများစုဖြစ်ပြီး တချို့သောသူများမှာ မလေးရှားနိုင်ငံထိ သွားရောက်ရန် ရည်ရွယ်ထားကြသူများ ပါရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံအစိုးရက လုပ်ငန်းလိုအပ်ချက်အရ အိမ်နီးချင်း ၃ နိုင်ငံမှ လုပ်သားများကို MoU (Memorandum of Understanding) စနစ်ဖြင့် ခေါ်မည့် လုပ်ငန်းစဉ်မှာ ဖြစ်မလာသေးသည့်အတွက် MoU ဖြင့် လာရောက်ရန် ရည်ရွယ် ထားသူ အများစုမှာလည်း တရားမဝင် နည်းလမ်းများဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၃ သန်းထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းတွက်ချက်ထားသည်။