ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းပြီး နှစ်လအကြာတွင် အာဏာချိန်ခွင်လျှာသည် မြန်မာစစ်တပ်က မလိုလားသည့်ဘက်သို့ ယိမ်းနေပြီး ခုခံတော်လှန်ရေး အင်အားစုများနှင့် ပဋိပက္ခတွင် နွံနစ်နေသည်။
“မြန်မာစစ်တပ်သည် တပ်သား မလုံမလောက်သော အခြေအနေမှ အင်အားချိနဲ့သော အခြေအနေသို့ ရောက်နေသည်” ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ ဧည့်သုတေသီ ကိုရဲမျိုးဟိန်းက မေလတွင် ထုတ်ပြန်သည့် သုတေသနတွင် ပြောသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် စစ်မြေပြင်သေဆုံးသူ ၁၃,၀၀၀၊ ဘက်ပြောင်းသူနှင့် ထွက်ပြေးသူ ၈,၀၀၀ ကျော်၊ စုစုပေါင်း အင်အား ၂၁,၀၀၀ ခန့် ဆုံးရှုံးကြောင်း ထိုသုတေသနက ဖော်ပြသည်။ စစ်ကောင်စီတပ်တွင် ယခင်က အင်အား ၃ သိန်းမှ ၄ သိန်းအထိရှိသည်ဟု သုတေသီများက ခန့်မှန်းကြသည်။
စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက ချဲ့ထွင်ထားသော ဖွဲ့စည်းပုံကို ဖြည့်ဆည်းရန် လုံလောက်စွာ တပ်သားသစ် မစုဆောင်းနိုင်သောကြောင့် တပ်ရင်းအများအပြားမှာ အင်အား အလွန်နည်းနေကြောင်း ကိုရဲမျိုးဟိန်းက ပြောသည်။
“စစ်တိုက်နိုင်သော တပ်အင်အား ၇ သောင်း၊ ထောက်ပံ့ရေးနှင့် အကူတပ်များသို့ လေတပ်နှင့် ရေတပ်သားများကို ပေါင်းထည့်လျှင်ပင် မြန်မာစစ်တပ်သည် အင်အား ၁ သိန်းခွဲခန့်သာ ရှိတော့သည်” ဟု ၎င်းက ရေးသားသည်။
ဘန်ကောက်အခြေစိုက် မြန်မာ့စစ်ရေး ကျွမ်းကျင်သူ အန်ထော်နီ ဒေးဗစ်ကလည်း မြန်မာခြေလျင် တပ်အင်အားသည် ၁ သိန်းမှ ၁ သိန်း ၂ သောင်းသာ ရှိကြောင်း ပြောသည်။ “အစဉ်အလာအားဖြင့် မြန်မာစစ်အင်အားကို ခန့်မှန်းမှုများသည် ပိုမိုတွက်ချက်ထားကြောင်း မိမိသဘောတူသည်” ဟု ကိုရဲမျိုးဟိန်းက ပြောသည်။
တပ်သားသစ် စုဆောင်ရေး အခက်အခဲများသည် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအပြီး ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှ မြစ်ဖျားခံလာသည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက မြန်မာလူငယ် အများအပြားသည် မြန်မာစစ်တပ်၏ အင်အားသုံးခြင်းကို လက်မခံကြပေ။
အင်အားလျော့ကျလာသောကြောင့် စစ်ကောင်စီတပ်သည် ဒီမိုကရေစီလိုလားသည့် ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အသုံးပြုလာသည်။ ဧပြီလတွင် လေတပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခန်းသစ်ဖွင့်ပွဲ တက်ရောက်သည့် ပြည်သူများ စုဝေးနေသည့် စစ်ကိုင်းတိုင်းမှ ပဇီကြီးကျေးရွာကို ဗုံးကြဲပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးစေသည်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများက အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တုံ့ပြန်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အကြမ်းမဖက် ခုခံတော်လှန်ရေးကို ထောက်ခံမှု နည်းလာသည်။ ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေးသမားများသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ဟု ခေါ်သည့် လက်နက်ကိုင်တပ်များ ဖွဲ့စည်းကြပြီး စစ်တပ်ပစ်မှတ်များကို ပြောက်ကျားနည်းဖြင့် တိုက်နေသည်။
ထိုတပ်ဖွဲ့များသည် ကနဦးက အမဲလိုက်သေနတ်များ၊ တူမီးသေနတ်များကိုသာ အဓိက အသုံးပြုသည်။ သို့သော် ၂၀၂၂ ခုနှစ်၊ ဒုတိယနှစ်ဝက်မှစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံ၊ ဒေသတွင်း ထုတ်လုပ်မှုများမှအပြင် စစ်တပ်၏ရန်သူများထံမှ အော်တိုမစ်တစ်ရိုင်ဖယ်များနှင့် အခြားလက်နက်ငယ်များ စတင်ပျံ့နှံ့လာသည်ဟု ဒေးဗစ်က ရေးသားသည်။
စစ်တပ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများအကြား တိုက်ပွဲမြင့်မားနေသည်။ ခုခံတော်လှန်ရေး အင်အားစုသည် အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များ အပါအဝင် အရပ်သား ၅,၄၀၀ ကို သုတ်သင်ခဲ့သည်ဟု အာဏာသိမ်းပြီး နှစ်နှစ်ကြာသောအခါ စစ်ကောင်စီတပ်က ပြောသည်။
စစ်တပ်လိုလားသည့် ထင်ရှားသော အဆိုတော် လီလီနိုင်ကျော်သည် မကြာသေးမီက ပစ်ခတ်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်တပ်၏ ကန့်သတ်ချက်များသော ဥပဒေအောက်တွင် ပြန်လည် မှတ်ပုံမတင်သောကြောင့် မတ်လတွင် ဖျက်သိမ်းခံရသည်။
ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို မြန်မာစစ်တပ်အား ဆန့်ကျင်တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်က ဘယ်လိုပဲရှိနေနေ ကျနော်တို့က စစ်တပ်ကို အစိုးရထဲက ထုတ်မယ့် တော်လှန်ရေးကို လိုလားတယ်” ဟု NUG သတင်းရင်းမြစ်တခုက ပြောသည်။
ကိုးကား ။ ။ Nikken Asian သတင်း Shrinking Myanmar military struggles to quash resistance
You may also like these stories:
စစ်ကောင်စီအတွက် စစ်တိုက်ဖို့ ငြင်းကြသူများ
ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်