အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာထောင်ရှိ မြန်မာများ လွတ်မြောက်ရေးနှင့် စစ်ကောင်စီလက် ပြန်မအပ်ရေး အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၇ ရက် ရှိပြီဖြစ်ပြီး ထိုအထဲမှ အမျိုးသား ၂ဦးမှာ ကျန်းမာရေး ချို့တဲ့လာသဖြင့် ဆေးရုံတင်ထားရကြောင်း သိရသည်။
ဇွန် ၁၆ ရက်က လူငယ် ၂၈ ဦးမှ စခဲ့သည့် ထောင်တွင်း အစာငတ်ခံဆန္ဒပွဲကို နောက်တရက်၌ ထောင်အာဏာပိုင် တို့က အသံဗုံး၊ ရာဘာကျည်များ သုံး၍ ဖြိုခွဲရာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ နောက်ပိုင်း မြန်မာ ၉၉ ဦးအထိ ပါဝင်လာ ကြောင်း၊ ထိုအထဲမှ ရက်ကန်းလုပ်သား ၃၃ ဦးကို ဇွန် ၂၀ရက်က ထောင်အာဏာပိုင်တို့မှ မြန်မာပြည်ဘက် ပြန်ပို့ရန် ညှိနှိုင်းရာ သဘောတူသဖြင့် ယခုအခါ ၆၆ဦးက ဆက်လက် ဆန္ဒပြနေခြင်းဖြစ်သည်။
လက်ရှိ အသက် ၅၀ကျော်အရွယ် အမျိုးသားနှစ်ဦး အစာငတ်ခံမှုကြောင့် အင်အားချည့်နဲ့လာ၍ ဆေးရုံတင် ကုသ နေရကြောင်း India For Myanmar အဖွဲ့ ၏ တည်ထောင် ဆလိုင်းဒိုခါရ်က ပြောသည်။
၎င်းက “ဆန္ဒပြမှု ဆက်တိုက်လုပ်နေတယ်။ သက်ကြီးပိုင်းနှစ်ယောက်ကတော့ ဆေးရုံ အရေးပေါ်တက်ရတဲ့ အနေ အထား ရောက်သွားပြီ။ ဆန္ဒပြမှုကို ဖြိုခွင်းစဉ်က ဒဏ်ရာရ သူတွေလည်း သက်သာတဲ့ အနေအထားမရှိဘူး။ ဆန္ဒပြ တာ က ခြောက်ရက်ကျော် လာပြီဆိုတော့ သူတို့လည်း တော်တော်လေး ဒုက္ခရောက်နေတာတော့ အမှန်ပဲ”ဟု ပြောသည်။
ဖမ်းဆီးထားသူများတွင် ရွေ့ပြောင်းရက်ကန်းလုပ်သားများအပြင် မဏိပူရ်ပြည်နယ်ထဲ တိမ်းရှောင်လာရသည့် စစ်ရှောင် များနှင့် ပြည်နယ်တွင်း သွားလာနေကြသည့် မြန်မာနိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။
အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက “သတ်မှတ် ထောင်ဒဏ် ငွေဒဏ် ကျခံပြီးသား၊ ပြန်လည်း မလွှတ်ဘူး၊ လွှတ်ရင်လည်း ယောက်ျားလေးတွေ လူငယ်တွေ စစ်ကောင်စီလက်ထဲဆိုတော့ အဆင်မပြေဘူး၊ ဒါကြောင့် ဆန္ဒပြရ တာ။ စစ်မှုထမ်း ဥပဒေထဲ ဘောင်ဝင်တဲ့သူတွေ မလုံခြုံလိုမှ ဒီဘက်ကို ပြေးလာတာ မြန်မာကိုပို့ရင် ပြန်ဖမ်းခံရနိုင် တယ်၊ ဒါကြောင့် အိန္ဒိယပြည်နယ်ထဲမှာပဲ အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ” ဟု ပြောသည်။
အိန္ဒိယနိုင်ငံ အာသံနဲ့ မဏိပူရ်ပြည်နယ်မှ ထောင်များတွင် ဖမ်းခံထားရသည့် မြန်မာနိုင်ငံသားများနှင့် စစ်ဘေးဒုက္ခ သည် များကို မြန်မာပြည် ပြန်မပို့ရန် အိန္ဒိယအစိုးရအား India For Myanmar ၊ Blood Money Campaign ၊ Defend Myanmar Democracy နှင့် Sitt Nyein Pan Foundation စသည့်အဖွဲ့လေးခုက ဇွန်လ ၁၉ ရက်နေ့တွင် တောင်း ဆိုထားသည်။
လက်ရှိ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်နှင့် မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ကို စစ်ကောင်စီ ထံသို့ လွှဲပြောင်းရန် အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း ကြားသိရ၍ စိုးရိမ်ပူပန်နေကြောင်း အဆိုပါ အဖွဲ့များ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။
လက်ရှိ အင်ဖာထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်သေး ကြောင်း India For Myanmar အဖွဲ့ထံမှ သိရသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်တွင် အဖမ်းခံထားရသည့် ရွေ့ပြောင်းရက်ကန်းအလုပ်သမား မြန်မာအမျိုးသမီး ၃၈ ဦးကို မေလ ၂ ရက်က စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို ဇွန်လ ၁၁ နေ့ကလည်း နောက်ထပ် မြန်မာအမျိုးသမီး ၃၈ ဦးကို စစ်ကောင်စီထံသို့ ပြန်ပို့ခဲ့သေးသည်။