စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များသည် ထီးချိုင့်မြို့နယ် အတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြတောင်ရွာကို တိုက်ခိုက်နေရာ လက်ရှိ စစ်တပ်စခန်းအားလုံးနီးပါး ရထားသော်လည်း ထီးချိုင့်မြို့နှင့် ဆက်ထားသည့် မြစ်ကူးတံတားထိပ်၌ လေကြောင်းပစ်ကူဖြင့် ခုခံနေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။
လက်ရှိတွင် ပူးပေါင်းတပ်များက မြတောင်နှင့် ၉ မိုင်အကွာရှိ တကောင်းနီကယ်စက်ရုံရှိရာ မောင်ကုန်းရွာနှင့် မိုင် ၂၀ခန့် ကွာသည့် ရာဇဝင်လာ တကောင်းမြို့ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ရာ မြတောင်ရွာကို ဆက်လက်စစ်ဆင်ခြင်း ဖြစ်သည်။
သြဂုတ် ၂၀ ရက် နံနက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက မြတောင်ရွာကို တိုက်ခိုက်ရာ အခိုင်အမာတည် ထားသည့် ကာကင်းစခန်းကြီးများ အပါအဝင် မြဘုရင်သကြားစက်၊ ကက္ကူလမ်းဆုံ၊ ဖုန်ကုန်လေး၊ ဖုန်ကုန်ကြီး စသည့် ကင်းစခန်းများ အားလုံးရရှိပြီးနောက် မြတောင်တံတားထိပ်မှ စခန်းကို ဆက်လက် တိုက်ခိုက်ခြင်းဖြစ်သည်။
ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “သူတို့ ကင်းစခန်းတွေအားလုံး ရပြီဆိုတော့ မြတောင်ရွာနဲ့ အနီးစပ်ဆုံး အကုန်နီးပါး ရထားပြီလို့ ပြောလို့ရတယ်၊ အခုကျန်နေက မြတောင်တံတားပေါ့၊ ဧရာဝတီမြစ်ကူးတံတား မြတောင်ဘက်ကမ်းမှာရှိတဲ့ အခြမ်းလေးမှာ နည်းနည်းလေး ကျန်နေတာ၊ ဒီဘက်က ပြေးသွားကြတဲ့သူတွေနဲ့ ပေါင်းပြီး အဲဒီကနေ ခံနေကြတာ”ဟု ပြောသည်။
အဆိုပါ တံတားထိပ်ရှိ ကာကင်းစခန်းသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးချိုင့်မြို့အတွက် အရေးပါသဖြင့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးကာ ဗုံးကြဲနေသလို လက်နက်ခဲယမ်းများ ချပေးနေကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
“ထီးချိုင့်မကျဖို့ မြတောင်က အဓိကခံတပ်လို့ ပြောနိုင်တယ်၊ တော်လှန်ရေးတပ်တွေက ထီးချိုင့်မြို့ ပတ်ဝန်းကျင်ကို ထိန်းထားတော့ မြေပြင် ရိက္ခာပို့လမ်းကြောင်း မရှိတာကြောင့် စကစ က မြတောင်ကိုအခြေပြုပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေကြောင်းနဲ့ ပို့ပေးတာ၊ အဲဒီကမှ ထီးချိုင့်ထဲကအဖွဲ့တွေအတွက် တဆင့်ပို့ပြီး ဖြည့်တင်းပေးနေတာ၊ အခု မြတောင် ရပြီဆိုတော့ ထီးချိုင့်လည်း မကြာခင်ကျမှာပဲ”ဟု အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆက်ပြောသည်။
မြတောင်ရွာတိုက်ပွဲ၌ လက်နက်ချသူများနှင့် စခန်းစွန့်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းမိထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တော့ ထီးချိုင့်မြို့ထဲကနေ မြတောင်ဘက်ကို စစ်ကူ ကူးလာတာတွေလည်း ရှိတယ်၊ လက်ရှိ ထီးချိုင့်မြို့ထဲမှာတော့ အနည်းငယ်လောက်ပဲ ကျန်မယ်လို့ ယူဆရတယ်၊ ထွက်ပြေးတဲ့ သူတွေကိုလည်း ၃ ယောက်မျိုး ၄ ယောက်မျိုး စသဖြင့် သုံ့ပန်းအနေနဲ့ ဖမ်းမိထားတာမျိုးတွေလည်း ရှိတယ်၊ ဖမ်းမိတဲ့ လူစာရင်းတော့ အတိအကျ မသိရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
မြတောင်ရွာသည် မန္တလေး-ဗန်းမော်ဗျူဟာလမ်းပိုင်း၌ အိမ်ခြေ ၁ထောင်ကျော်ရှိသည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ရွာကြီးဖြစ်ကာ အနီးရှိ တကောင်းနီကယ်စက်ရုံရှိရာ မောင်းကုန်ရွာနှင့် တကောင်းမြို့ဟောင်းကို တော်လှန်ရေးအင်အားစုများက သိမ်းထားပြီး မောင်းကုန်းရွာကို စစ်ကောင်စီကင်းစင်နယ်မြေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာန(MOD)က ဩဂုတ်လ ၂ ရက်က ထုတ်ပြန်ထားသည်။
မြတောင်ရွာတိုက်ပွဲများကြောင့် ဒေသခံများမှာ ကသာမြို့နယ်ဘက်သို့ အများဆုံး တိမ်းရှောင်နေကြကြောင်း၊ စစ်ရှောင် စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တာဝန်ခံ ပြောသည်။
လက်ရှိ စစ်တပ်စခန်းများအနေဖြင့် ဧရာဝတီမြစ်ကူးတံတား (ထီးချိုင့်) စခန်းအပြင် ထီးချိုင့်မြို့တွင်း အမှတ် ၃ ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာဆောက်ထားသည့် မြသိန်းတန်စခန်းကုန်း၊ ကျောက်စေတီစိုးမိုးကုန်းများသာ ကျန်ရှိ တော့ကာ ထီးချိုင့်မြို့အား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားသည်ဟု သိရသည်။
ထီးချိုင့်သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက်စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ထီးချိုင်မြို့နယ်အတွင်း လူဦးရေ ၁သိန်း ၂သောင်း ကျော်ရှိပြီး ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ ရွာပေါင်း ၁၁၉ ရွာရှိကာ လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတို့ရှိပြီး အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ကသာမြို့နယ်များနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်များနှင့် နယ်နမိတ် ထိစပ်နေသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ထီးချိုင်မြို့ကို KIA နှင့် မဟာမိတ်တပ်များက တိုက်ခိုက်ရာ မြို့ ၃ ပုံ ၂ ပုံခန့် ထိန်းချုပ်နိုင်သော်လည်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ ဗုံးကြဲသဖြင့် ပြန်ဆုတ်ပေးခဲ့ရာ စစ်ကောင်စီတပ်များက ပြန်လည် နေရာယူထားခြင်း ဖြစ်သည်။
ထိုတိုက်ပွဲများအတွင်း မြို့မှာ ၉၀ရာခိုင်နှုန်း ပျက်စီးသွားသလို မြို့ခံ ၁၀၀ကျော် သေဆုံးကာ လူ ၃သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်မှာ ၁၀လခန့် ရှိပြီဖြစ်သည်။
You may also like these stories:
တကောင်းကို သိမ်းခြင်းက ဧရာဝတီမြစ်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာ
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွား