မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) ပါဝင်လာပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများ လက်လွှတ်ခဲ့ရသည့် ရွာအချို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
မတ္တရာအနောက်ခြမ်းရှိ လက်လွှတ်ခဲ့ရသောရွာများကို ပြန်လည်ထိုးစစ်ဆင်ရာ ရွာသစ်၊ ဝန်စု၊ ထိန်ပင်စောက်ရွာများကို ဒီဇင်ဘာ ၆ ရက်က ပြန်လည် သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။
မန္တလေး PDF မှ ပြောခွင့်ရကိုအော်စမွန်က “နိုဝင်ဘာလနောက်ဆုံးပတ်လောက်မှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့ တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ရွာတွေ ဖြစ်ပါတယ်။ ဒီရွာတွေကို ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ အပြီးသတ် ပြန်လည် သိမ်းပိုက်ရ ရှိခဲ့တာ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးတာတွေရှိခဲ့ပြီးတော့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိတာ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်တင်းနေတာမျိုးတွေ တွေ့ရပေမယ့် တိုက်ပွဲတွေ ပြန်ငြိမ်သက်နေတယ်လို့ ပြောရင်ရပါတယ်ဗျ” ဟု ပြောသည်။
မန္တလေးနှင့် ၂၅ မိုင်ခန့်အကွာရှိ မတ္တရာတမြို့နယ်လုံး ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်မှ စ၍ လေကြောင်း၊ ရေကြောင်းများဖြင့်ပါ သုံး၍ တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်များ နောက်ဆုတ်ပေးခဲ့ရသည့်အတွက် မတ္တရာအရှေ့ခြမ်းကို သိမ်းထား သော မန္တလေး PDFတို့က အနောက်ခြမ်းတိုက်ပွဲများတွင်ပါ ဝင်ရောက်တိုက်ခိုက် လာခြင်းဟု သိရသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “လက်ရှိ မန္တလေး PDF အဖွဲ့လည်း မတ္တရာအနောက်ခြမ်းကို ဝင်နေပြီလို့ ပြောလို့ ရတာပေါ့။ မတ္တရာအနောက်ခြမ်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်နိုင်ပြီးမှ ပါလာတာပါ။ အရင်က ထဲထဲဝင်ဝင် ပါတာမဟုတ် ဘူး အခုမှ ပါလာတာ။ ဒီလိုမျိုး တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းနိုင်တာ ကောင်းပါတယ်။ အဓိက ကျနော်တို့ လုပ်နေ တာက စစ်အာဏာရှင် လက်အောက် လွတ်မြောက်ဖို့ပဲလေ၊ ဒီအတွက် ကျနော်တို့တော့ ကြိုဆိုတယ်၊ ဝမ်းသာတယ်၊ အောင်ပွဲတွေလည်း ဒီထက်မက ရလာမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မတ္တရာမြို့နယ် အနောက်ခြမ်းတိုက်ပွဲများတွင် MDY-PDF နှင့်အတူ မတ္တရာ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်မြို့နယ်များမှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (Generation Z Power-GZP) တို့ ပူးပေါင်း၍ တိုက်ခိုက် နေခြင်း ဖြစ်သည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “စစ်ကောင်စီကို ဘယ်သူတွေတိုက်တယ် ဆိုတာ အဓိက မကျပါဘူး၊ စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ဖို့ အဓိကအကျဆုံးမို့ နာမည်တွေသာကွဲ နေကြ တာပါ၊ တော်လှန်ရေးလုပ်တာတွေ ခံယူချက်တွေ အတူတူပဲ။ အခုလို ပေါင်းစည်းပြီးလုပ်နိုင်တော့ တော်လှန်ရေးအရှိန် ပိုအားကောင်းပြီး မြန်မြန်ပြီးသွားနိုင်တယ်လေ” ဟု ဆိုသည်။

မန္တလေး PDF အနေဖြင့် ဇွန် ၂၅ ရက်မှ စတင်ခဲ့သော ၁၀၂၇ အပိုင်း ၂ တိုက်ပွဲများ ဖော်ဆောင်မှုတွင် ရှမ်း-မန်း စစ်ဆင်ရေး ကိုပါ ပူးတွဲဖော်ဆောင်ခဲ့ရာ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်) နှင့် ဆည်တော်ကြီးတပ်စခန်း အပါ အဝင် မတ္တရာအရှေ့ခြမ်းရှိ စစ်တပ်စခန်း ၃၅ ခုထိသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။
မန္တလေးသို့ စစ်မီးမကူးရန် မတ္တရာ၊ စစ်ကိုင်းတို့မှတဆင့် ညှပ်ပိတ်၍ ခံစစ်လုပ်ဆောင်နေပြီး မတ္တရာမြို့နယ်မကျရေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင် စစ်ဆင်ရေးဦးစီးနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“မတ္တရာက လုံးဝ ကျမသွားဖို့ အထက်ရဲ့ ဖိအားတခုနဲ့ လုပ်နေတဲ့အတွက်ကျေးရွာအထိကို အင်အားအလုံးအရင်းနဲ့ ဝင်ပြီး မြို့ပေါ်မှာတောင် လူသိပ်မချန်ဘဲနဲ့ ဆင်းတိုက်တဲ့အနေအထားဆို တော့ သူတို့အတွက် မတ္တရာဟာ ဘယ်လောက် အရေးပါလဲဆိုတာ သိသာစေတာပေါ့၊ ဒါကြောင့်လည်း လပခ ဒုတိုင်းမှူးကိုယ်တိုင်စစ်ရေး ဖော်ဆောင်မှုတွေ ကို ဦးစီးနေ တယ်လို့ ကျနော်တို့သိထားတယ်” ဟု မတ္တရာပကဖ မှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားမှုမျိုး မရှိသော်လည်း တပ်စွဲအထိုင်ချထားသည့် မတ္တရာမြို့၊ ထီးတော်မိုးတပ်၊ တုန်ကုန်း၊ ယမ်းကုန်း၊ ဥဒိန်ရွာများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက် မှ ရွာများကို စစ်ကောင်စီက ထိန်းထားနိုင်ဆဲ ဖြစ်သလို ဥဒိန်ရွာမှတဆင့် တောင်ဘက်ရွာစဉ်ဆက်၍ အင်အားများဖြန့်ခွဲကာ အထိုင်ချထားသဖြင့် မတ္တရာ အနောက်ခြမ်း ရွာများသို့ ပြည်သူများ ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း၊ ဒီဇင်ဘာ ၇ ရက်က မတ္တရာ အနောက်မြောက်ခြမ်း တံငါမြစ် တောင်ဘက်ရှိ ထိန်ပင်စောက်ရွာမှ အိမ်များအား မီးရှို့ခဲ့သလို ငွေထိန်ပင်၊ သူဌေးကုန်းရွာကိုလည်း မီးရှို့ခဲ့ကြောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းမှ မြွေဆင်ကုန်း၊ ပိုဝ (မြောက်) ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယနေ့တွင်လည်း စစ်တပ်အထိုင်ချတပ်စွဲထားသည့် ဥဒိန်ကျေးရွာမှ အိမ်များ မီးရှို့ခံရသလို လက်ရှိ မတ္တရာအနောက်ခြမ်း ကျေးရွာများမှ စစ်ရှောင်ဦးရေ ၁ သောင်းကျော်ရှိပြီး စစ်ရှောင်စခန်းများအပြင် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ တောတောင်များအတွင်း နေထိုင်ကြကြောင်း သိရသည်။
“အခုလိုအချိန်မှာ အဓိက ဒုက္ခရောက်တာ ပြည်သူတွေပဲပေါ့၊ ဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် စစ်ရှောင်တွေအတွက် အနွေးထည်တွေ စောင်တွေကတော့ အဓိကလိုအပ်နေပါတယ်။ ပြီးတော့ စားရေးရိက္ခာနဲ့ ဆေးဝါးပေါ့၊ အဲဒီလိုအပ်ချက်တွေ ကို ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု စစ်ရှောင် ကူညီနေသူတဦးက ပြောသည်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ စာရင်းများအရ မြို့နယ်အနှံ့၌ စစ်ဘေးရှောင်စခန်း ၃၈ ခုတွင် အိမ်ထောင်စု ၁၆၈၈ စု၊ လူဦးရေ ၅၆၅၀ ခန့် ရှိနေပြီး လူဦးရေ ၃ သောင်းခွဲခန့်အထိ ရှိနေကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာ၊ လူဦးရေ ၂၅၁၇၅၇ ဦးရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက် မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေ သလို မန္တလေးမြို့သို့ ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရသည်။
You may also like these stories:
သိမ်းထားသည့် မတ္တရာအနောက်ခြမ်းမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်
မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ














