မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ သိမ်းပိုက်ထားသည့် စစ်စခန်းများမှ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာ ပေးလိုက်ရပြီးနောက် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်မှစ၍ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းတပ်များက စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်ခဲ့သလို ဓာတုဗုံးများ ပါဝင်သည့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆိုသည်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက “သူတို့ ထိန်းချုပ်သွားတာက မတ္တရာမြစ်ကြောင်းတလျှောက် အနောက်ခြမ်းအကုန်နီးနီးပေါ့။ အကုန်လုံးတော့ သူတို့ မဝင်ရောက်သေးဘူး။ အဓိကကတော့ ကျနော်တို့ ခေတ္တခဏ ရှောင်ပေးတဲ့သဘောပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက ခေတ္တခဏ ဆုတ်ခွာပေးလိုက်တာပေါ့” ဟု နိုဝင်ဘာ ၂၅ ရက်တွင် ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်က ရာဝတီမြစ်ကြောင်းတလျှောက်ရှိ ရွှေဘိုးကြီး၊ ထန်းခြောက်ပင်၊ သူဌေးကုန်း စသည့် ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားပြီး အခြားကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ယင်းကျေးရွာများ အပါအဝင် မတ္တရာအနောက်ခြမ်းကျေးရွာများမှ ဒေသခံသောင်းချီ၍ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေရကြောင်း သိရသည်။
စစ်ကောင်စီက မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် အင်အားစုဖွဲ့၍ သဖန်းဒေါင့်ရွာမှတဆင့် နိုဝင်ဘာ ၁၇ ရက်၌ ဆောက်ခြုံပေါက်ရွာသို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီးပြီး ခြေမြန်တပ်ရင်း ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံး၍ လက်နက် ၉ လက် သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ပူးပေါင်းအဖွဲ့များ၏ အဆိုပါတိုက်ခိုက်မှုအတွင်း အထိနာခဲ့ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထပ်မံ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
၎င်းက “အဲဒီနောက်ပိုင်းမှာ လေကြောင်းရော၊ မြေပြင်စစ်ကူရော စစ်ကြောင်းတွေ တောက်လျှောက်ထိုးလာတယ်။ (စကခ-၄) တပ်တွေ စစ်ကြောင်းထိုးတယ်။ သူ့နောက်ကနေ မန္တလေး လပခ တပ်နယ်က လက်ရုံးဝန်ထမ်းတပ်တွေက လိုက်တယ်။ မြေပြင်လက်နက်ကြီးရော တောက်လျှောက်ပစ်တယ်” ဟု ဆိုသည်။
မတ္တရာအနောက်ခြမ်းတွင် နယ်မြေစိုးမိုးထိန်းချုပ်မှုများဖြင့် အားကောင်းလာသော ပူးပေါင်းတပ်များက ပုသိမ်ကြီးမှ ထီးတော်မိုးအထိ နီးကပ်လာပြီး မန္တလေး စည်ပင်သာယာ နယ်နိမိတ်ထိ ခြိမ်းခြောက်လာနိုင်သဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူးက မတ္တရာအနောက်ခြမ်းမှ ပူးပေါင်းတပ်များကို အပူတပြင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခိုင်းခြင်းဖြစ်သည်ဟုလည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။
ထိုသို့ မတ္တရာအနောက်ခြမ်းတခုလုံးနီးပါးအား စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သွားပြီးနောက် စစ်ရေးအရ အချက်အချာ ကျသည့် မတ္တရာအရှေ့ခြမ်းကို ထိန်းချုပ်ထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း လမ်းပိုင်းများအား လတ်တလော စစ်ရေးအခြေအနေကြောင့် ယာယီသွားလာမှုများ စတင်ကန့်သတ် သွားမည်ဟု ယနေ့ အသိပေးထုတ်ပြန်လာသည်။
လက်ရှိတွင် စစ်ကောင်စီက မတ္တရာအနောက်ခြမ်းကို ထိန်းချုပ်ထားနိုင်သော်လည်း မတ္တရာအရှေ့ခြမ်းကို ခြိမ်းခြောက် ထိန်းချုပ်သွားနိုင်မည့် အခြေအနေ မရှိနိုင်သေးကြောင်း စစ်ရေးသုတေသီတဦးက သုံးသပ်သည်။
၎င်းက “မတ္တရာအနောက်ခြမ်းက ဗြန့် (မြေပြန့်) ဖြစ်တယ်။ ဧရာဝတီမြစ်ကမ်းဘေး ဖြစ်တယ်။ စစ်တိုက်ရလွယ်လို့ သူတို့ ထိုးတာ။ မတ္တရာရှေ့အခြမ်းကျတော့ တောင်ကြောတွေဖြစ်တယ်။ သူတို့ စစ်တိုက်ရတာ မလွယ်ဘူးလေ။ ရှေ့အပေါ်တက် မယ်ဆို တောင်ကြောတွေ ပြန်ဖြစ်သွားတော့ ပြန်ခက်ဦးမှာပါ။ လက်ရှိအင်အားနဲ့တော့ ထိုးနိုင်မယ်လို့မထင်ဘူး” ဟု ဆိုသည်။
မတ္တရာအရှေ့ခြမ်းအခြေအနေနှင့် ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံကလည်း “အရှေ့ခြမ်းက သူတို့ ဒီလိုလုပ်လို့ရမှာ မဟုတ်ဘူးဗျ။ အနောက်ခြမ်းတောင် ကျနော်တို့အဖွဲ့တွေ ဆုတ်ခွာပေးမှုကြောင့် သူတို့ရတာ။ ကျနော်တို့ အဖွဲ့တွေ မဆုတ်ရင် ဒီလိုထိန်းချုပ်နိုင်ဖို့ရှိမှာ မဟုတ်ဘူး။ အရှေ့ခြမ်းကတော့ သူတို့ ထိန်းချုပ်ဖို့ ပိုပြီးတော့ ခက်တယ်။ စုဖွဲ့မှုလည်းအားကောင်းတယ်။ ကျနော်တို့ အနောက်ခြမ်းလည်း စုဖွဲ့မှုအားကောင်းပါတယ်။ ခေတ္တဆုတ်ခွာပေးလိုက်ခြင်း သာ ဖြစ်တယ်။ သူတို့ကို အပိုင်ပေးလိုက်တာ မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့်အတူ ရှမ်းမြောက်နှင့် ဆက်စပ်နေသည့် မန္တလေးတိုင်းရှိ မြို့တချို့နှင့် စစ်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ရာ စစ်ကောင်စီဘက်မှ မတ္တရာအနောက်ခြမ်းကို ယခုရက်ပိုင်းအတွင်း ပြန်လည်ထိုးစစ်ဆင်ပြီး သိမ်းပိုက်လာခြင်း ဖြစ်သည်။
You may also like these stories:
မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ
မတ္တရာကို ဝင်သည့်စစ်ကြောင်း ဒေသခံအိမ်များ ဖောက်ထွင်းယူငင်
မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်