ဂျိမ်းစ်ဘွန်း (James Bond 007) ရုပ်ရှင် လိုဂို ဖန်တီးရှင် ဒီဇိုင်နာ Joe Caroff ဟာ အသက် ၁၀၄ နှစ် ပြည့်ဖို့ တရက် အလို သြဂုတ် ၁၇ ရက်နေ့ ၁၀၃ နှစ် အရွယ်မှာတင် ကွယ်လွန် သွားခဲ့ပါတယ်။
Joe Caroff ဟာ အမေရိကန် မန်ဟက်တန်ရှိ သူ့နေအိမ်မှာပဲ နာတာရှည် ကုသမှု ခံယူရင်း ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း သားတွေ ဖြစ်တဲ့ Peter နဲ့ Michael Caroff တို့ကလည်း New York Times ကို ပြောကြားကြပါတယ်။
Caroff ဟာ 7 ဂဏန်းကနေ သေနတ်ပုံစံ ပြောင်းသွားတဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေရဲ့ 007 လိုဂိုကို ၁၉၆၂ ခုနှစ်မှာ Dr. No ရုပ်ရှင်အတွက် စတင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ် ၆ ခုစာ အသုံးပြုလာခဲ့တဲ့ အဆိုပါ ဒီဇိုင်းအတွက် အနုပညာကြေး ဒေါ်လာ ၃၀၀ သာ ရရှိခဲ့ပြီး ရုပ်ရှင်တွေမှာ သူ့ကို အသိအမှတ်ပြု ဖော်ပြတာတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့မှာတော့ ဂျိမ်းစ်ဘွန်း ရုပ်ရှင် ထုတ်လုပ်သူတွေ ဖြစ်တဲ့ Barbara Broccoli နဲ့ Michael Wilson တို့က 007 လိုဂို ထွင်းထားတဲ့ Omega နာရီ တလုံး လက်ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ စပိုင် အဖွဲ့အစည်း MI6 ရဲ့ လျှို့ဝှက် အေးဂျင့် အဖြစ် Code name 007 နဲ့ လှုပ်ရှားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ဟာ ရုပ်ရှင်သမိုင်း တလျှောက် အတည်မြဲဆုံး ဇာတ်ကောင်တွေထဲက တခု ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် Dr. No ရုပ်ရှင်ကနေစပြီး ၂၇ ကား ထွက်ရှိခဲ့ကာ သရုပ်ဆောင်တွေ အဖြစ် Sean Connery, David Niven, George Lazenby, Roger Moore, Timothy Dalton, Pierce Brosnan နဲ့ Daniel Craig တို့က ဂျိမ်းစ်ဘွန်း အဖြစ် သရုပ်ဆောင်ခဲ့တာပါ။
ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေ အားလုံးကို Eon Productions ကနေရိုက်ကူး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Caroff ရဲ့ လိုဂိုကို ဆယ်စုနှစ် ၆ ခုလောက် ရုပ်ရှင်တွေနဲ့ ပတ်သက်သမျှ ပိုစတာ၊ မားကက်တင်း စတာတွေမှာ တောက်လျှောက် အသုံးပြုခဲ့ပါတယ်။
Caroff ဟာ 007 အတွက်တင် မကဘဲ တခြား ရုပ်ရှင်တွေ အတွက်လည်း အလုပ်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Saul Bass ဆွဲပေးတယ်လို့ အမှတ်မှားကြတဲ့ West Side Story (1961) ရုပ်ရှင်ရဲ့ ပိုစတာ ဒီဇိုင်းကိုလည်း ဖန်တီး ပေးခဲ့ပြီး A Hard Day’s Night (1964), Cabaret (1972), Last Tango in Paris (1972), Manhattan (1979) နဲ့ Temptation of Christ (1988) ရုပ်ရှင်တွေ အတွက်လည်း ပိုစတာ ဒီဇိုင်း ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Caroff ကို ၁၉၂၁ ခုနှစ်မှာ မွေးခဲ့ပြီး ဒုတိယ ကမ္ဘာစစ် ကာလ အမေရိကန် စစ်တပ်မှာ တာဝန် မထမ်းဆောင်ခင် ပြင်သစ် ဒီဇိုင်နာ Jean Carlu ထံမှာ လေ့ကျင့် သင်ကြားခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းမှာတော့ ရုပ်ရှင် ဂရပ်ဖစ် ဒီဇိုင်းဘက်ကို မကူးပြောင်းခင် စာအုပ် ကာဗာ ဒီဇိုင်းတွေ ဖန်တီးပေးခဲ့တယ် လို့လည်း သိရပါတယ်။
၁၉၆၅ ခုနှစ်မှာတော့ ကိုယ်ပိုင် အေဂျင်စီတခု တည်ထောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် ရုပ်ရှင်တွေ အတွက် ကမ်ပိန်း လှုပ်ရှားမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Caroff ကို ဒီဇိုင်း နယ်ပယ်ပြင်ပမှာ သိသူနည်းပေမယ့် ရုပ်ရှင်သမိုင်းမှာ သူ့ရဲ့ဖန်တီးမှုတွေက မယုံနိုင်လောက်စရာ အဖြစ် ကျန်ရစ်နေမှာ ဖြစ်ပြီး 007 လိုဂို ကလည်း အသိအမှတ်ပြု ခံရဆုံး အမှတ်အသားတွေထဲက တခု အဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။
Ref : Bangkok Post / The New York Times














