အမေရိကန်က မြန်မာ့ပို့ကုန် အခွန်တိုးကောက်သည့် သြဂုတ်လ စ၍ ကုန်အမှာလျော့နည်းလာသည်ကို အကြောင်းပြကာ ရန်ကုန် ရွှေပြည်သာနှင့် လှိုင်သာယာစက်မှုဇုန်များရှိ အထည်ချုပ်နှင့် အိတ်ချုပ်စက်ရုံ ၆ ရုံပိတ်သိမ်းခဲ့သလို အချို့စက်ရုံများ လုပ်သားလျော့ခြင်း၊ အချိန်ပို(OT) အလုပ်ချိန်လျော့ချခြင်းများ ပြုလုပ်လာသည်။
အထွေထွေအလုပ်သမားများ အဖွဲ့ချုပ် (FGWM) ၏ ပြောရေးဆိုခွင့်ရှိသူ မအိက “ပြီးခဲ့တဲ့ လကတည်းက အမေရိကန် အစိုးရ အခွန်တိုးတဲ့အတွက် ပိတ်ဖို့စီစဉ်တဲ့ စက်ရုံတွေရှိသလို ပစ္စည်းတွေ ရွှေ့တာမျိုး၊ အိုတီတွေ လျှော့ချတာမျိုး လုပ် တယ်။ ဒါကြောင့် စက်ရုံပိုင်ရှင်တွေ ပြောင်းပြေးမှာလားဆိုတဲ့ အလုပ်သမားတွေ စိုးရိမ်စိတ်ရှိနေတယ်။ မြစိမ်းရောင် စက်မှုဇုန်က စက်ရုံဆိုရင် အလုပ်သမား ၁,၀၀၀ ကျော်ရှိတာမှာ ၁,၀၀၀ လောက်ထိ လျှော့ချလိုက်တာ၊ ကျန်အလုပ်သမား တရာကျော်၊ နှစ်ရာလောက်ကို ရုံ ၁ ကို ပေါင်းလိုက်တယ်။ ရုံ ၂ ကို လျှော့ချလိုက်တာမျိုးရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
ပိတ်သိမ်းသွားသည့် စက်ရုံများမှာ ရန်ကုန်မြို့ရှိ ရွှေပြည်သာ ဝါးတရာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ မြစိမ်းရောင် စက်မှုဇုန်နှင့် ရွှေလင်ဗန်းစက်မှုဇုန်တို့မှ တရုတ်နိုင်ငံသားပိုင် စက်ရုံများ ဖြစ်ကြောင်း သိရသည်။
“သူတို့က နှစ်ရုံရှိရင် တရုံကို လူလျှော့လိုက်ပြီး သူတို့လိုအပ်တဲ့ လူလောက်ပဲ ကျန်တဲ့ တရုံနဲ့ ပေါင်းပြီးလည်ပတ်တယ်။ အဓိကတော့ တရုံလျော့ချပြီးနောက်တရုံနဲ့ လည်ပတ်တယ်ဆိုတဲ့ ပုံမျိုးလုပ်တာ အပြီးပိတ်လိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ အပြီးပိတ်လိုက်တယ်ဆိုရင် အလုပ်သမားရဲ့ နစ်နာကြေးက အပြည့်အဝပေးရမယ်။ လုပ်ငန်းလျှော့ချတယ် ဆိုရင်တော့သူက အော်ဒါမရှိလို့ လျော့ချတယ်၊ ဒီလောက်ပဲပေးနိုင်မယ် ဆိုတဲ့ပုံမျိုးနဲ့ လက်ရှိမှာ လုပ်နေကြတာ”ဟု မအိက ဆိုသည်။
အမေရိကန်သည် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ စတုတ္ထအကြီးဆုံး ဈေးကွက်တခုဖြစ်ပြီး ယခင် အခွန် ၂၀ ရာခိုင်နှုန်း ဝန်းကျင် ကောက်ခံရာမှ လက်ရှိ ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံလာခြင်းဖြစ်သည်။
ထို့သို့ အခွန်တိုးမြှင့်ခြင်းသည် အထည်ချုပ်လုပ်ငန်းများ၊ အထူးသဖြင့် ဖိနပ်နှင့် အိတ်ချုပ်လုပ်ငန်းတို့အပေါ် သက်ရောက်မှု ရှိနေသဖြင့် အော်ဒါများ ကျဆင်းလာသလို လုပ်ငန်းများအတွက် ကုန်ကြမ်း တင်သွင်းခွင့်လိုင်စင် တင်းကျပ်ထားခြင်း၊ လိုင်စင်ချထားပေးမှု နည်းပါးခြင်း၊ ပို့ကုန်ရငွေ ဖြတ်တောက်သဖြင့် လုပ်ငန်းများ လည်ပတ်ရ ခက်ခဲလာခြင်းစသော အချက်များလည်း ပါဝင်ကြောင်း ရန်ကုန်မြို့ CMP (လက်ခစားစနစ်) လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင်တဦးက “နောက်တရာသီကိုပဲ ထပ်စောင့်ကြည့်ရမှာပဲ။ အခု အော်ဒါ ရရှိမှုက နည်းနေတယ်။ အရင်ထက် ၁၀ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်း လောက် နည်းသွားတာ။ အမေရိကန်အော်ဒါတွေ ကျတယ်။ အဲဒီတော့ အခွန်အခ မပြောင်းလဲမချင်းက ဆက် ခက်ခဲနေဦးမှာပဲ။ အမေရိကန်အော်ဒါတွေ အထည်ချုပ်မှာ လျော့လာသလို ကျန်တဲ့ အိတ်ချုပ်၊ ဖိနပ်ချုပ်တို့မှာလည်း တော်တော်လေး ကျသွားတယ်။ တရုံ၊ နှစ်ရုံ ပိတ်လိုက်ရတာ။ တကယ်တမ်း ပြန်ကြည့်ရင် ဒီစက်ရုံတွေက နဂိုထဲက ပိတ်မယ်လို့ အသံထွက်နေတဲ့သူတွေ များပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း အမေရိကန်အခြေစိုက် Callaway Golf Company ၊ ခရီးဆောင်အိတ်ထုတ်လုပ်သော Samsonite တို့အတွက် အထည်ချုပ်လုပ်ပေးသည့် Twinkle (Myanmar) စက်ရုံကို ပိတ်သိမ်းခဲ့သည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်အလုပ်သမားတဦးက “အော်ဒါနည်းလို့ ကျနော်တို့ အရင် တနေ့ ၂ နာရီလောက် အိုတီရ ပေမယ့် အခုမရတော့ဘူး ကုန်ကြမ်းတွေ မဝင်လို့၊ အော်ဒါနည်းလို့ဆိုတဲ့ အကြောင်းပြချက်တွေကြောင့်ပေါ့။ ဒါကြောင့် ကျနော်တို့ လုပ်အားခတွေလည်း လျော့ကျလာတာပေါ့။ ပြီးတော့ လုပ်သားလျှော့တာတွေ၊ စက်ရုံပိတ်သိမ်းတာတွေလည်း ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း၌ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင်(MGMA) အထည်ချုပ်စက်ရုံ ၅၈၉ ရုံ ရှိပြီး ယင်းအနက် စက်ရုံ ၅၆ ရုံမှာ ယာယီပိတ်သိမ်းထားကြောင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း MGMAက ထုတ်ပြန်ထားသည်။
You may also like these stories:
အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား
ထရမ့်အခွန်က မြန်မာ့အထည်ချုပ်လုပ်ငန်း ဆုတ်ယုတ်စေသော်လည်း အလဲမထိုးနိုင်
နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း
ဖရိုဖရဲ ရုန်းကန်နေရသည့် အထည်ချုပ်အလုပ်သမားများ








