ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် ကမ္ဘာတဝန်းမှ ပြည်သူများကို လိမ်လည်ရန် လူကုန်ကူးခံရသည့် အလုပ်သမားများကို အသုံးပြုသည်ဟု သံသယရှိသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးများကို လုပ်ကိုင်နေကြောင်း စွပ်စွဲခံရသည့် အရှေ့တောင်အာရှအခြေစိုက် နိုင်ငံစုံကွန်ရက်များကို အရေးယူပိတ်ဆို့သည်။
ထိုလုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ထွန်းကားလာပြီး အထူးသဖြင့် ကမ္ဘောဒီးယားနှင့် မြန်မာတွင် ထွန်းကားကာ လူသိန်းပေါင်းများစွာကို အလုပ်အကိုင်ကြော်ငြာအတုများဖြင့် ဖြားယောင်းပြီး တခါတရံ ညှဉ်းပန်းနှိပ်စက်မှုများဖြင့် ခြိမ်းခြောက်ကာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြင့် ငွေလိမ်မှုများ အပါအဝင် အွန်လိုင်းလိမ်လည်မှုများ အတင်းအကျပ် ကျူးလွန်ခိုင်းသည်။
Prince အုပ်စုနှင့်ပတ်သက်သူ ၁၄၆ ဦးကို ပစ်မှတ်ထားပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး အရေးယူမှု ပြုလုပ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ ထိုအဖွဲ့ကို ဗြိတိန်နိုင်ငံကလည်း အရေးယူပိတ်ဆို့ထားသည်။
Prince အုပ်စုနှင့်ပတ်သက်သူ ၁၄၆ ဦးကို ပစ်မှတ်ထားပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး အရေးယူမှု ပြုလုပ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ ထိုအဖွဲ့ကို ဗြိတိန်နိုင်ငံကလည်း အရေးယူပိတ်ဆို့ထားသည်။
ထိုသို့ အရေးယူပိတ်ဆို့ခံရသူများတွင် Prince အုပ်စုအကြီးအကဲ ချန်ကျီ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်တဝန်း သူ၏လုပ်ငန်းများနှင့်ပတ်သက်သူ တဒါဇင်ကျော် ပါဝင်သည်။
Prince အုပ်စုနှင့် ချန်ကျီ
အမေရိကန် တရားရေးဌာန၏ အဆိုအရ အသက် ၃၈ နှစ်အရွယ် ဗင်းဆင့် (ခေါ်) ချန်ကျီသည် Prince Holding Group ကို တည်ထောင်သူဖြစ်သည်။ ထိုလုပ်ငန်းသည် ကမ္ဘောဒီးယားတွင် အခြေစိုက်သည့် နိုင်ငံတကာလုပ်ငန်းစုဖြစ်ပြီး ၎င်းတို့ဝက်ဘ်ဆိုက်၏အဆိုအရ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် စားသုံးသူဝန်ဆောင်မှုများကို အဓိကထားကြောင်း သိရသည်။
လွတ်မြောက်နေဆဲဖြစ်ဖြစ်သော ချန်ကျီကို အွန်လိုင်းလိမ်လည်မှု အရှုပ်တော်ပုံနှင့် ကမ္ဘောဒီးယားနိုင်ငံတဝန်းမှ Prince အုပ်စု၏ အတင်းအကျပ် လုပ်အားခိုင်းစေသည့် ငွေလိမ်ခြံဝင်းများအတွက် ငွေကြေးခဝါချမှုဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမေရိကန် အာဏာပိုင်များက စွဲချက်တင်သည်။
ချန်ကျီ လျင်မြန်စွာ ချမ်းသာလာခြင်းသည် သူ့ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ အကြံပေးရာထူးအပြင် နိုင်ငံရေးသြဇာ အကြီးအကျယ် ရစေသည်။ ၁၉၈၇ ခုနှစ်က တရုတ်နိုင်ငံတွင် မွေးဖွားသည့် ချန်ကျီသည် ဆိုက်ပရပ်စ်နှင့် ဗန်နူအာတူနိုင်ငံသားဖြစ်ခွင့် ဝယ်ယူထားသည်ဟု ယူဆရပြီး ကမ္ဘောဒီးယားနိုင်ငံသားလည်း ဖြစ်သည်။
မည်သည့်အတွက် အရေးယူပိတ်ဆို့သနည်း
ထိုအဖွဲ့နှင့်ပတ်သက်သည့် ငွေလိမ်ခြံဝင်းများတွင် လူများကို အတင်းအကျပ် ဖမ်းဆီးထားပြီး အမေရိကန်နှင့် တကမ္ဘာလုံးမှ သားကောင်များထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူသည့် လိမ်လည်မှုအမျိုးမျိုးတွင် ပါဝင်ခိုင်းသည်ဟု အမေရိကန် တရားရေးဌာနက ပြောသည်။
ချန်ကျီကို စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့သည် ဘစ်ကွိုင် ဒေါ်လာ ၁၅ ဘီလီယံဖိုးနှင့် လန်ဒန်မှ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်သည်။
ချန်ကျီကို စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့သည် ဘစ်ကွိုင် ဒေါ်လာ ၁၅ ဘီလီယံဖိုးနှင့် လန်ဒန်မှ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်သည်။
သိမ်းဆည်းထားသည့် အိမ်ခြံမြေများတွင် လန်ဒန်မှ ဈေးအကြီးဆုံး အဲဗန်းနျူးလမ်းမှ ပေါင် ၁၂ သန်းတန် နေအိမ်ကြီးတလုံး၊ လန်ဒန်မြို့လယ် ဘဏ္ဍာရေး ရပ်ကွက် ဖန်ချတ်ချ်လမ်းမှ ပေါင် ၉၅ သန်းတန် ရုံးခန်းအဆောက်အအုံတခုနှင့် လန်ဒန်မြို့လယ်မှ တိုက်ခန်းအများအပြား ပါဝင်သည်ဟု ယူဆရသည်။
“ဒီနေ့မှာ FBI နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက သမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေး လိမ်လည်မှု ဖြိုခွဲမှုတခု လုပ်လိုက်တယ်” ဟု FBI ဒါရိုက်တာ ကက်ရှ် ပက်တယ်က ထိုအရေးယူမှုနှင့်ပတ်သက်သည့် ကြေညာချက်တစောင်တွင် ပြောသည်။
အခြား မည်သူပါဝင်ပတ်သက်သနည်း
ချန်ကျီသည် Prince အုပ်စု အမည်ဖြင့်လုပ်နေသည့် ကျယ်ပြန့်သော ဆိုက်ဘာလိမ်လည်မှုနောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သည်ဟု အမေရိကန် လက်ထောက်ရှေ့နေချုပ်က ပြောသည်။ သူ၏ စီးပွားရေးအင်ပါယာတွင် ပါဝင်သည်ဟု ယူဆရသည့် အခြားသူ တဒါဇင်နှင့်အတူ သူ့ကို ယခုနှစ် အောက်တိုဘာလတွင် အမေရိကန် အရေးယူမှု၌ ထည့်သွင်းသည်။
ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အခြားနိုင်ငံများတွင် မှတ်ပုံတင်ထားပြီး ချန်ကျီနှင့် ပတ်သက်သည့် စီးပွားရေးအဖွဲ့အစည်း ၁၀၀ ကျော် အရေးယူပိတ်ဆို့သည့်စာရင်းတွင် ပါဝင်သည်။
အရေးယူပိတ်ဆို့မှုများက မည်သို့လုပ်ဆောင်မည်နည်း
ချန်ကျီကို စွပ်စွဲသည့်အမှုအတွက် အစိုးရသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း AFP သတင်းဌာနသို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။
“ဥပဒေ ချိုးဖောက်တဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမှ ကာကွယ်ပေးမနေဘူး။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု ဒါမှမဟုတ် ဗြိတိန်က စွပ်စွဲသလို Prince အုပ်စု ဒါမှမဟုတ် ချန်ကျီကို ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲနေတာ မဟုတ်ဘူး” ဟု ပြောခွင့်ရသူ တပ်ချ်ဆော့ဟက်က ပြောသည်။
ယခင်မကြုံဖူးသည့် အရေးယူပိတ်ဆို့မှုများရှိသော်လည်း ငွေလိမ်လုပ်ငန်းသည် အလွန်ကြီးမားနေဆဲဖြစ်ပြီး ကမ္ဘောဒီးယားတွင် လူ ၁ သိန်းခန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံရပြီး မြန်မာတွင် အနည်းဆုံး ၁၂၀,၀၀၀ ရှိကာ ထိုင်း၊ လာအိုနှင့် ဖိလစ်ပိုင်တွင် ထောင်ပေါင်းများစွာရှိသည်ဟု ကုလသမဂ္ဂက ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းသည်။
ယခင်မကြုံဖူးသည့် အရေးယူပိတ်ဆို့မှုများရှိသော်လည်း ငွေလိမ်လုပ်ငန်းသည် အလွန်ကြီးမားနေဆဲဖြစ်ပြီး ကမ္ဘောဒီးယားတွင် လူ ၁ သိန်းခန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံရပြီး မြန်မာတွင် အနည်းဆုံး ၁၂၀,၀၀၀ ရှိကာ ထိုင်း၊ လာအိုနှင့် ဖိလစ်ပိုင်တွင် ထောင်ပေါင်းများစွာရှိသည်ဟု ကုလသမဂ္ဂက ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းသည်။
အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင် ထိုငွေလိမ်လုပ်ငန်းများ ပျံ့နှံ့နေသောကြောင့် မည်သည့် ဖမ်းဆီးမှုမဆိုသည် အခြားနိုင်ငံဖြတ်ကျော်ရာဇဝတ်အုပ်စုများ ဝင်ရောက်လာမည့် လစ်ဟာနယ် ဖြစ်လာမည်ကို အချို့က စိုးရိမ်နေသည်။
(The Guardian သတင်း Who are Chen Zhi and the Prince Group, accused by the US and UK of large-scale scam operations? ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘောဒီးယားနှင့် မြန်မာရှိ ငွေလိမ်ဂိုဏ်းများနောက်ကွယ်မှ ကုမ္ပဏီများကို အမေရိကန် အရေးယူ
ငွေလိမ်ဂိုဏ်းတွေကို ကမ္ဘောဒီးယား အပေါ်ယံသာ နှိမ်နင်း
ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်
ညှဉ်းပန်းရိုက်နှက်မှုများအကြောင်း ငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသူများ ပြော
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း
လိမ်လည်မှုစင်တာများမှသည် လိမ်လည်မှုနိုင်ငံတော်ဆီသို့














