အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုသမ္မတ တာဝန်ယူခဲသူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ (၇၄နှစ်)သည် အာရုံကြော တုန့်ဆိုင်းနှေးကွေးသည့် ရောဂါဖြင့် ယနေ့နံနက်က အမှတ်(၂) စစ်ဆေးရုံကြီး ၌ ကွယ်လွန် သွားကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။
သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကာ စစ်တပ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် လုပ်ဆောင် ပေးခဲ့သူဖြစ်၍ နိုင်ငံတော်အဆင့် ဈာပနအဖြစ် ကျင်းပမည်ဟု သိရသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသည် မန္တလေးမြို့၌ မွေးဖွားသည့် မွန်တိုင်းရင်းသားမျိုးနွယ်တဦးဟု ဆိုသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ဆင်း တဦးဖြစ်ကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက် ၁၉၉၇ ခုနှစ်တွင် ရန်ကုန်တိုင်းရှိ တပ်မ ၁၁ တပ်မမှူးဖြစ်လာသည်။ လေးနှစ်ခန့်အကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရေးပါသော ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခဲသည်။
တိုင်းမှူးဘ၀ ၂၀၀၂ ခုနှစ်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ သားမက်နှင့် မြေးများ၏ အာဏာသိမ်းရန် ကြံစည်မှုနှင့် ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ရက်က ဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင်သည့် ထောက်လှမ်းရေးအဖွဲ့အား ဖြိုခွင်းမှုတို့တွင် ဦးဆောင်ပါဝင်ခဲ့သည်။
နောက်ပိုင်း ဦးနေဝင်းအား နေအိမ်အကျယ်ချုပ်ချပြီး သားမက်နှင့် မြေးများအား ဖမ်းဆီးခြင်း၊ ဗိုလ်ချုပ်ကြီး ခင်ညွှန်အား ဖမ်းဆီးခြင်းများတွင် သူမပါကြောင်း မီဒီယာများအား ပြောကြားခဲ့သော် လည်း ဗိုလ်ချုပ်ကြီးခင်ညွှန့်က “ကာယကံရှင်တွေသာ အသိဆုံးဖြစ်မယ်” လို့ လျှပ်တပြက်ဂျာနယ် အယ်ဒီတာ ဦးမြတ်ခိုင်ကို ပြော၏။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း တဦးဖြစ်သည့် ရဲမိုး (နေရီ)ကမူ ထိုစဉ်က မန္တလေးမှ လေယာဉ်ဖြင့် ပြန်လာသော ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို စစ်ရုံးသို့ ခေါ်ဆောင်ကာ ထိန်းသိမ်းခဲ့ပြီး ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရာတွင် သူ၏ ရန်ကုန်တိုင်းမှ တပ်များကို သုံးခဲ့ခြင်းကြောင်း၊ ထိုစဉ်က ဗိုလ်ချုပ်ဝေလွင် (စာရေး ဆရာဝေလွင်မောင်)မှာ ဒု တိုင်းမှူးဖြစ်ကြောင်း ဆိုသည်။
ထိုဖြစ်ရပ်အပြီး ဗိုလ်ချုပ်မြင့်ဆွေအား အသစ်ဖွဲ့စည်းသည့် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တနှစ်ခန့် တာဝန်ပေးခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး ဘ၀ဖြင့် အမှတ် ၅ စစ်ဆင်ရေးအထူး အဖွဲ့မှူး (ကစထမှူး) တာဝန်ယူစဉ် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းအပေါ် “ရွှေဝါရောင် တော်လှန်ရေး နှိမ်နင်းမှုဟာ တာဝန်အရ ဆောင်ရွက်တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာပါက ကြိုးပေးရင် ခံနိုင်တယ်လို့” ဦးမြင့်ဆွေက နောက်ပိုင်းတွင် ပြောဆိုလာခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လ၌ ကျန် ဒုဗိုလ်ချုပ်ကြီး များဖြစ် သည့် သာအေး(စာမရေးတဲ့ သာအေး)၊ အုန်းမြင့်(ပါးရိုက်)၊ မြင့်လှိုင်(ထမင်းတနပ်လျော့စား) စသည့် ကစထမှူးများနှင့်အတူ တပ်မှထွက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ ဝင်ခဲ့ကြရသည်။
အတိုက်အခံ NLD ပါတီမပါသည့် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးများ အသီးသီး အနိုင်ရပြီး ဦးမြင့်ဆွေလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသည်။
အရပ်သားအစိုးရအဖြစ် ပြောင်းလဲပြီး နောက်ပိုင်း ရန်ကုန်မြို့သစ် စီမံကိန်းဆိုကာ ရန်ကုန်မြစ် အနောက်ဖက်ကမ်းတွင် ဟက်တာ ၄၇၄၅ ကျယ်သည့် မြေကို ရှောင်ဆန်းနှင့် ရှောင်ဖန်း တရုတ်ညီနောင်အား လုပ်ကိုင်ခွင့်ပြုသည့် ကိစ္စတွင် မီဒီယာများက ပွင့်လင်းမြင်သာမှု မရှိကြောင်း မေးခွန်းထုတ်ရေးသားကြရာ လူပြောများခဲ့သည့် ကိစ္စဖြစ်လာပြီး စီမံကိန်း ရပ်ဆိုင်းခဲ့သည်။
သို့သော် စီမံကိန်းသတင်းကြောင့် ဒလ၊ တွံ့တေး၊ ဆိပ်ကြီးခနောင်တို စသည့်ဒေသများ တွင် မြေဈေးအဆမတန်တက် သည့်အထိ ဂယက်ရိုက်ခဲ့သည်။
ထို့အပြင် ၂၀၁၅ ခုနှစ် မတ်လ မြို့တော်ခန်းမရှေ့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားပြည်သူများအား အနီရောင်လက်ပတ်ဝတ် စွမ်းအားရှင်များနှင့် လူမိုက်ဆန်ဆန် ဖြိုခွင်းခဲ့မှုကို ဥပဒေနှင့် အညီလုပ်တာဖြစ်ကြောင်း တာဝန်မဲ့စွာ ပြောခဲ့သလို၊ အရင်စစ်အစိုးရဟာ ပြည်သူ့အတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်ပေးသဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ခဲ့ ကြောင်းဆိုသည့်အတွက် အများက ဝေဖန်ခဲ့ကြပြန်သည်။

NLD အနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးမြင့်ဆွေအား ဒုသမ္မတအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ က စာရင်းတင်သွင်းခဲ့သော်လည်း သမီးဖြစ်သူမှာ သြစတေးလျနိုင်ငံသားခံယူထားသူနှင့် လက်ထပ်ထားသဖြင့်
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ပါ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက် ညှိစွန်းနေသည့်အတွက် သမ္မတအရည်အချင်း စစ် ကော်မတီက အတည်ပြုပေးရန် အခက်တွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် NLD အစိုးရအဖွဲ့တွင် ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ရာ စစ်တပ်အာဏာသိမ်းသည့်တိုင်ဖြစ်သည်။
၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းသည့်အခါ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီ သမ္မတအဖြစ် ဦးမြင့်ဆွေအား တင်မြှောက်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ် ယူ၍ ၆လတကြိမ် သက်တမ်းတိုးနေသည်မှာ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းတော့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ တိုင်ဖြစ် သည်။
ယခုအခါ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၏ ကွယ်လွန်မှုကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံတော် အလံကိုလည်း တိုင်ဝက်အထိ လျော့ချလွှင့်ထူရန် ကြေညာထားသည်။








