ကရင်အမျိုးသား အစည်းအရုံး (KNU) ၌ စစ်ရေးတွင်သာမက နိုင်ငံရေးတွင်ပါ သြဇာတိက္ကမကြီးသည့် လက်ဟောင်း ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောထူးထူးလေးက အူမကြီးကင်ဆာရောဂါဖြင့် မေ ၁၇ရက်နေ့ ညက တိမ်းပါးခဲ့ပြီဖြစ်သည်။
ဗိုလ်မှူးကြီး စောထူးထူးလေးက သမ္မတဦးသိန်းစိန်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းမှ ကြိုး စားခဲ့ဖူးသော်လည်း နေပြည်တော်က စစ်တပ်၏ ငြိမ်းချမ်းရေး ထောင်ချောက်တွင် သာယာနေသူမဟုတ်၊ ရွေးကောက်ခံ NLD အစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်သောအခါ တွေဝေမနေဘဲ တော်လှန်ရေး လမ်းကြောင်းအား ပြတ်ပြတ် သားသားလျှောက်လှမ်း ပြခဲ့သူဖြစ်သည်။
သူ၏ ပြတ်သားခဲ့ပုံနှင့် ပတ်သက်၍ ၎င်း၏ တပည့်တဦးက “အာဏာသိမ်းမှုဖြစ်တော့ KNU မှာ အရေးကြီး Option သုံးခုကို ရွေးချယ်ခဲ့ကြတယ်။ စစ်တပ်ဘက် ရပ် မလား၊ NLD နဲ့ လူထုကို ဘယ်လို ကူညီမလဲ၊ ဘယ်သူ့ဘက်မှ မပါဘဲ ကြားနေ မလား၊ အဲဒီမှာ အဖူးရဲ့ ခံယူချက်က ပြတ်သားတယ်။ ရန်သူကို ရန်သူမှန်း ပြတ်ပြတ်သားသားသိဖို့ လိုတယ်ပြောတယ်။ ဒီတော့ စစ်တပ်ဘက် ရပ်မလားဆိုတဲ့ဟာက ထည့်စဉ်းစားစရာမလိုဘဲ စောစောကိစ္စ ပြတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဤအတွက်လည်း မဲဆောက်မြို့က ကရင်ခရစ်ယာန်ဘုရားကျောင်းခန်းမရှိ သူ့၏ ဈာပနတွင် ဗိုလ်မှူးကြီး စောထူးထူးလေး တုတ်ကောက်တချောင်းနှင့် တောတွင်းစခန်းများ လှည့်လည်သွားလာကာ တော်လှန်ရေးသမား များနှင့် တွေ့ဆုံနေပုံ၊ ကွန်ဂရက်အစည်းအဝေးများအပါအဝင် ကရင့်တော်လှန်ရေး ခေါင်းဆောင်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံ များ စွာအပြင် တီဗီဖန်သားပြင်ပေါ်တွင်လည်း အဆိုပါပုံရိပ်များ ထုတ်လွှင့်ပြသထားပြီး ဘေးဝဲယာတွင်မူ ကရင်တော်လှန်ရေး အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပေးပို့ထားသော လွမ်းသူ့ပန်းခွေများဖြင့် ပြည့်နေသည်။
ဗိုလ်မှူးကြီး စောထူးထူးလေးက ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဝါရင့် စစ်ရေး နိုင်ငံရေးအကြံပေးတဦး ဖြစ် ပြီး ၎င်းကွယ်လွန်မှုအပေါ် ကရင် အမျိုးသားတော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတခုဖြစ်ကြောင်း ဆိုကြသည်။
KNU အပေါ် စစ်ရေးနှင့် နိုင်ငံရေးတာဝန်များကို ၄၆ နှစ်တာ ကျေပွန်စွာထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီး စောထူးထူးလေး၏ မျိုးရိုးက သမိုင်းအစဉ်အလာကြီးခဲ့သည်ဟု ဆိုရမည်။ ဖခင်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စတင်တည် ထောင်ခဲ့သူ ဗိုလ်မှူးကြီး စကောမောလေးနှင့် မိခင် နော်စောရီတို့က ၁၉၄၇ ခုနှစ် မေလ ၂၆ ရက်တွင် ရန်ကုန်၌ မွေးဖွား ခဲ့သည်။
ဖခင်ဖြစ်သူ စကောမောလေးက ကရင်ခေါင်းဆောင်များဖြစ်သည့် စောဘဦးကြီး၊ သရာသာထို၊ စောစံကေ၊ မန်းဘဇံ၊ စောဟံတာသာမွှေး တို့နှင့် ကရင်တော်လှန်ရေးတွင် ဦးဆောင်ခဲ့သူဖြစ်သည်။
ဗိုလ်မှူးကြီး စောထူးထူးလေးသည်လည်း ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘွဲ့ရရှိခဲ့ပြီး ဘားအံမြို့သို့ ဥပဒေအရာရှိ အဆင့် ၃ ရာထူးတိုးဖြင့် တာဝန်ထမ်းဆောင်နေစဉ် မြန်မာစစ်တပ်၏ ကရင်ကျေးရွာလူထုအပေါ် မတရား ညှဉ်းပန်းနှိပ် စက်မှုများ မျက်ဝါးထင် ထင်တွေ့မြင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
၁၉၇၉ ခုနှစ် ဇွန်လ ၁၇ ရက်တွင် မိသားစုနှင့်အတူ ဘားအံမြို့မှ ထွက်ခွာပြီး ကေအဲန်ယူ- တပ်မဟာ ၆ အုပ်ချုပ် နယ်မြေ၊ ဖလူးသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၀၁) ၌ ဝင်ရောက်ကာ တော်လှန်ရေးအား ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည်။

KNU ဌာနချုပ် မာနယ်ပလောတွင် စစ်သင်တန်းတက်ရောက်ပြီးနောက် ဒုဗိုလ်အဖြစ်မှ ဗိုလ်မှူးကြီးထိ ရာထူးအဆင့်ဆင့် တိုးခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဒုစစ်ဦးစီးချုပ်နှင့် တရားရေးဌာနတာဝန်ခံအဖြစ် တာဝန်ခန့်အပ်ခံရကာ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး ၂၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ တာဝန်များလည်း ထမ်းဆောင်ခဲ့သည်။
KNU အဖွဲ့အစည်းတွင်သာမက မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေး KNU ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရခြင်း၊ အမေရိကန် ရေတပ် အမှုထမ်းဟောင်းတဦးဖြစ်သူ ဒေ့ဗစ်ယူဘန်း (David Eubank) နှင့် တွေ့ဆုံပြီး ဒုက္ခသည်များကို လူမှုကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးအကူအညီများပေးနိုင်ရန်အတွက် Free Burma Ranger တည်ထောင်ခဲ့ခြင်း၊ တိုင်းရင်းသားလူမျိုးစု ကောင်စီ (Ethnic Nationality Council) တွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုများ၊ လူမှုအကျိုးပြုလှုပ်ရှားမှု များကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့သည်။
ထို့ပြင် ဗိုလ်မှူးကြီး စောထူးထူးလေးသည် နအဖ စစ်အစိုးရ၊ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရ အဆက်ဆက်လက်ထက် ကေအဲန်ယူကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ကေအဲန်ယူမှချမှတ်ထားသော ငြိမ်းချမ်းရေး မူလမ်းစဉ်အတိုင်းရပ်တည်၍ နိုင်ငံရေးစကားဝိုင်းများတွင်လည်း ရွတ်ရွတ်ချွံချွံ စကားစစ်ထိုးတိုက်ပွဲဝင်ခဲ့ သူဖြစ်ကြောင်း KNU က အသိအမှတ်ပြုခဲ့ရသည်။
ထိုသို့ မြောက်မြားစွာသော တာဝန်၊ လှုပ်ရှားမှုများနှင့်အတူ ၂၀၁၂ ခုနှစ် KNU ကရင်အမျိုးသားအစည်းအရုံး ၁၅ ကြိမ် မြောက် ကွန်ကရက်မှစ၍ကွယ်လွန်သည်အထိ KNU ကရင်အမျိုးသားအစည်းအရုံး၏ စစ်ရေးနှင့်နိုင်ငံရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီး စောထူးထူးလေးသည် အာဏာသိမ်းကာလအတွင်း၌လည်း နွေဦး တော်လှန်ရေး အစုအဖွဲ့ နှင့် တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ကြား အဆင်ပြေ ချောမွေ့စွာဆက်ဆံနိုင်ရေးအတွက် ပေါင်းကူးပေးခဲ့ သော ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့သည်။
KNU သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှုအပေါ် လက်မခံဘဲ ဆန့်ကျင်ကြောင်း အခြား အဖွဲ့များ ထက် စော၍ အာဏာသိမ်းပြီး နောက်တရက်ဖေဖော်ဝါရီ ၂ ရက်၌ သဘောထားထုတ်ပြန်ခဲ့သည်။
ထို့ပြင် စစ်တပ် ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊ KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသား ပြည်သူ လူထုတရပ်လုံးနှင့် အတူရပ်တည်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ထိုသဘောထားထုတ်ပြန်ချက်နှင့်အတူ KNU ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိလာမည့်ခိုလှုံသူများ၊ ရှောင်တိမ်းသူများ အရေးနှင့်ပတ်သက်ပြီး KNU ခေါင်းဆောင်များ ၂ ရက်တကြိမ်၊ ၃ ရက်တကြိမ် အရေးကြီး အစည်းအဝေး ကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီး ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ KNU ကြိုတင် တွက်ဆထားသည့်အတိုင်း ထောင်သောင်းချီသော ခိုလှုံသူများ ထိန်းချုပ်နယ်မြေများသို့ တဖွဲဖွဲရောက်လာပြီး နွေဦးတော်လှန်ရေးကြီးတွက် စစ်ရေး၊ နိုင်ငံရေး အကြံဉာဏ်၊ အထောက်အပံ့ များစွာ ပေးခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါ်ဇင်မာအောင်က စောထူးထူးလေးကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း ၎င်း၏လူမှုကွန်ရက်၌ ရေးသားထားပြီး “ကရင်လူမျိုးတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကောင်း ဖြစ်သလို NUG/ PDF တွေအပေါ် အကောင်းဆုံး ကူညီဆောင်ရွက် ရပ်တည်အကြံဉာဏ်ပေးခဲ့သည့် ခေါင်းဆောင် တဦး လို့လည်း ဆိုနိုင်ပါတယ်” ဟု ဆိုထားသည်။
ဒေါ်ဇင်မာအောင်က “အဖိုးပြောဖူးတဲ့ ရဲဘော်တွေအပေါ် တော်လှန်ရေးခေါင်းဆောင်တွေ ထားအပ်တဲ့ သဘောထားတွေ၊ မဟာဗျူဟာသမားဆိုတာ ဘယ်လို ဆန်းစစ်ရတယ်ဆိုတာကစလို့ စံနမူနာပြခဲ့တဲ့ အဖိုး၊ အကြံပြုရုံသာမက စံပြုရမယ့် အဖိုး၊ လူငယ်တွေနဲ့ လက်ရေတပြင်တည်း တော်လှန်ရေးခရီးထဲ ရှိနေချင်သေးတဲ့အဖိုး ငြိမ်းချမ်းပါစေ” ဟု ရေးသားထား သည်။
ဗိုလ်မှူးကြီး စောထူးထူးလေးသည် အူမကြီးကင်ဆာရောဂါဖြစ်ပွားနေသည်ကို သိရှိ ခံစားနေရသည့်တိုင် ဒူးနာပြီးလမ်း ကောင်းကောင်းမလျှောက်နိုင်သည့်ကြားမှ တုတ်ကောက်တချာင်းဖြင့် တော၊ တောင်အနှံ့သွားလာ၍ ၎င်း၏အတွေ့အကြုံ နိုင်ငံရေးအမြင်၊ တော်လှန်ရေးအမြင်များအား လိုက်လံမျှဝေပေးခဲ့သည့် အာဂတော်လှန်ရေးသမားကြီးတဦးဖြစ်ကြောင်း တွေ့ဆုံခဲ့ဖူးသူများက မှတ်ချက်ပြုသည်။
တောတွင်းစခန်းများတွင် ရာသီတုဒဏ် ကြံ့ကြံ့ခံပြီး အစားအသောက်ကိုလည်း ဇီဇာမကြောင်တတ်သူ ဗိုလ်မှူးကြီးသည် ရောက် လေရာအရပ်၌ လူငယ်များနှင့်တသားတည်းရှိခဲ့သည့်အပြင် အယူအဆ အတွေးအခေါ်များဆွေးနွေးကြရာတွင် အပြိုင် ငြင်းခုံပြောဆိုကြသည်အထိ ပွင့်လင်းရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သလို တော်လှန်ရေးအဖွဲ့၊ ရဲဘော် အားလုံးက ဗိုလ်မှူးကြီး စောထူးထူးလေးကို လေးစားချစ်ခင်ကြသည်။

“ဒီတောထဲကိုရောက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြဿနာတွေ အမျိုးမျိုးရှိခဲ့ကြတာ။ အချင်းချင်းကြားရော၊ အဖွဲ့တွေ ကြားရော အဲဒါတွေကို အဖူးက အများကြီး ဖြေရှင်းပေးနိုင်ခဲ့တယ်” ဟု စောထူးထူးလေး၏ တပည့်ရင်းက ပြောပြသည်။
လက်ရှိ နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် Federal Wings အဖွဲ့ကလည်း ဗိုလ်မှူးကြီးသည် အဖိုးတယောက် ကဲ့သို့ လေးစားအားထားရသည့် ကရင်တော်လှန်ရေးသမားကြီးတဦး ဖြစ်ကြောင်း ဆိုသည်။
Federal Wings စတင်ထူထောင်စဉ်ကာလများတွင် KNU နှင့်ချိတ်ဆက်မှုများဆောင်ရွက်ပေးခဲ့သလို ကျန်းမာရေး မကောင်းသည့်ကြားမှ တောထဲထိလိုက်လာ၍ FW ရဲဘော်များနှင့်အတူ စားပွဲတဝိုင်းတည်းစား ကြမ်းတပြေးတည်း အိပ်ကာ ကူညီစောင့်ရှောက်ခဲ့ပေးခဲ့ကြောင်း “အဖိုးထူးထူးလေး ကွယ်လွန်ခြင်းဟာ ကျန်ရစ်သူမိသားစုအတွက်သာမကဘဲ စစ်အာဏာရှင် တော်လှန်ရေးနဲ့ Federal Wings တပ်ဖွဲ့အတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်” FW က ဆိုသည်။
ဗိုလ်မှူးကြီး စောထူးထူးလေးသည် KNU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် NUG တို့ကြား နိုင်ငံရေး၊ စစ်ရေး ပူပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာများ ရေးဆွဲချမှတ်ရေး စသည့် အရေးကြီးကဏ္ဍများ၌ ဦးဆောင် ပါဝင်ခဲ့သည်။
KNU နှင့် NUG ကြား ပူးပေါင်းဆောင်ရွက်၍ မဟာဗျူဟာဆွဲ စစ်ရေးဖော်ဆောင်မှုများဖြင့် နွေဦးတော်လှန်ရေးအတွင်း စစ်ရေးအောင်မြင်မှုများ၊ KNU တပ်မဟာ ၁ မှ တပ်မဟာ ၇ ထိ အောင်မြင်မှုအဆင့်ဆင့်ရရှိနေသော စစ်ရေးဖော် ဆောင်မှု များသည် ဗိုလ်မှူးကြီး စောထူးထူးလေး စွမ်းဆောင်မှုများ၏ ရလဒ်အစိတ်အပိုင်းများဟုပင် ဆိုရမည် ဖြစ်သည်။
ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် KNU အဖွဲ့အစည်းအပြင် NUG၊ KNU နှင့်ဆက်နွှယ်နေသည့် အဖွဲ့များ လူပုဂ္ဂိုလ်များ ဝမ်းနည်းကြေကွဲကြသည်။
KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက အာဏာပေါ်မှာ အခြေခံပြီးသွားနေကြ တယ်။ အမှန်တရားနဲ့မူဝါဒအပေါ်မှာ အခြေခံပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ IDP (စစ်ရှောင်) တွေကစ အထက်အထိ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်တဲ့လုပ်ဖို့ အတွေးအခေါ် ဆန္ဒရှိတဲ့ သူလိုလူမျိုးက အင်မတန်ရှားတယ်။ ဒီနိုင်ငံအတွက် နစ်နာ တယ်လို့ပြောလို့ရတယ် ဆုံးရှုံးမှုကြီးပါ” ဟု ကရင်သတင်းဌာန KIC ကို ပြောဆိုထားသည်။
“ဘယ်တော ဘယ်တောင် ဘယ်ခရီးဖြစ်ဖြစ် ဒုတ်တချောင်း ထောက်ပြီး ရှေ့က အမြဲရောက်နေတတ်တယ်။ မဟာဗျူဟာနဲ့ ပတ်သက်ရင် မညှာမတာမေးတဲ့ မေးခွန်းတွေက ခုချိန်ထိ တောတောင်နံရံတွေကြား ပဲ့တင်ကြားနေရတုန်းပါ။ အခုတော့ ရဲဘော်တွေ စစ်တောင်းအလွန်ကို ရောက်ပြီး အိမ်ပြန်လမ်းပေါ် ခြေချနိုင်ကြပါပြီ ဒါတွေကိုလည်း အဖိုးသိသွားနိုင်ခဲ့လို့ ထိုက်သလောက် ကျေနပ်မယ်ထင်ပါတယ်” ဟု NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က စောထူးထူးလေးနှင့် ပတ်သက်၍ အမှတ်တရစကား ရေးသားခဲ့သည်။ ။
ယခုအခါ ကရင့်တော်လှန်ရေးသမားကြီး ဗိုလ်မှူးကြီး စောထူးထူးလေးက ဖားအံခရိုင် တပ်မဟာ ၇ ဌာနချုပ် နယ်မြေ တနေရာတွင် ထာဝရလဲလျောင်းခဲ့ပြီဖြစ်သည်။
You may also like these stories:
နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း
နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)













