နှစ် ၄၀ ကျော် လက်လွှတ်ခဲ့ရသည့် ထိုင်း- မြန်မာနယ်စပ်ရှိ မော်ဖိုးကေတပ်စခန်းအား ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များက ယမန်နေ့ညပိုင်းတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
KNU တပ်မဟာ ၇ နယ်မြေ ပိုင်ကျုံမြို့နယ်အတွင်းရှိ မော်ဖိုးကေစခန်းတွင် စစ်တပ်ခြေလျင်တပ်ရင်း (ခလရ-၂၄) မှ တပ်ဖွဲ့ ဝင်များ တပ်စွဲနေရာယူထားကာ ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသူများ ရှိကြောင်း လည်း သိရသည်။
KUN အနေဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် တပ်မဟာ ၇ နယ်မြေ၌ သုံးလအတွင်း ၈ ခုမြောက်အဖြစ် သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မော်ဖိုးကေ၊ မော်ဖားသူ၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူတူ၊ ခလယ်ဒေး၊ မော်ကွီးလု၊ လေးဂေါ် စသည့် တပ်စခန်းများအား သိမ်းပိုက်ထားပြီး ဖြစ်သည်။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မော်ဖိုးကေစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်သည်မှာ မှန်သော်လည်း လတ်တလောတွင် စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်မှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ယနေ့ ပြောထားသည်။
မော်ဖိုးကေစခန်းသည် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်းဘေး ဂငယ်ပုံစံမြေငူထဲတွင် အထိုင်ချ ထားသည့်စခန်း ဖြစ်သည်။
စစ်တပ်မသိမ်းပိုက်မီ ၁၉၈၄-၈၅ ခုနှစ်အစောပိုင်းက ထိုစခန်းတွင် KNU အသံလွှင့်ရုံတည်ထောင်ခဲ့ဖူးပြီး နယ်ခြားကုန်သွယ် ရေးဂိတ် အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။

ထိုစဉ်က စစ်အစိုးရအနေဖြင့် အသက်များစွာ ပေးဆပ်တိုက်ယူခဲ့သည့် မော်ဖိုးကေစခန်းအား KNU သည် ရက်ပိုင်းအတွင်း မှာပင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီ က “မနေ့က ပြန်ပြီးတော့ KNLA၊ KNDO တို့ သိမ်းပိုက်ရရှိတယ်လို့ သိရတယ်။ ဘယ်လိုခေါ်မလဲ ဘယ်အချိန်မှာ ဗုံးလာထပ်ကြဲမလဲ။ ဘယ်အချိန်မှာ လေကြောင်းတိုက်ခိုက်မှုထပ်ဖြစ်လာမလဲဆိုတော့ ပုံစံတွေရှိနေသေးတယ်ဆိုတော့ ရွာနယ်ခံတွေကတော့ ပြောလာတယ်” ဟု ဆိုသည်။
ထိုတိုက်ပွဲတွင် စစ်သားအချို့ ထိုင်းနိုင်ငံဘက်ထွက်ပြေးမှုများရှိခဲ့သည့်အပြင် ဒေသခံပြည်သူ နှစ်ရာကျော်လည်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာသဖြင့် ထိုင်းနိုင်ငံဘက်က လူသားချင်းစာနာမှု အကူအညီများ ပေးထားကြောင်းနှင့် နယ်စပ် လုံခြုံရေးအတွက် စုံစမ်းစစ်ဆေးမှုများတိုးမြှင့်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။
You may also like these stories:
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)
မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား
ကော့ကရိတ် မြို့တွင်း၌ ပိတ်မိသူထောင်ချီ ရှိ














