တကယ်တမ်းဆိုလျှင် ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေပြုရာ ဒေသများသည် နွေဦးတော်လှန်ရေး စတင်ကတည်းက နွေဦးတပ်ဖွဲ့များအတွက် အခြေခံကောင်းများ ဖြစ်ခဲ့ကြ၏။
မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေ၊ အရှေ့မြောက်ရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လှုပ်ရှားနယ်မြေ၊ အနောက်ဘက်ရှိ အာရက္ခတပ်တော် (AA) အခြေပြုရာ ရခိုင်စစ်မျက်နှာတို့အပြင် တောင်ပိုင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အခြေပြုရာ ကရင်နီစစ်မျက်နှာနှင့် KNU အခြေပြုရာ ကရင်စစ်မျက်နှာတို့သည် PDF နှင့် နွေဦးတပ်ဖွဲ့များ လေ့ကျင့်၊ စည်းရုံး၊ စုဖွဲ့၊ လက်နက်တပ်ဆင်ပြီး စစ်ရေးအတွေ့အကြုံကောင်းများ ရယူခဲ့သည့်ဒေသများ ဖြစ်သည်။
မြန်မာပြည်တောင်ပိုင်းရှိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီဒေသများ၌ နွေဦးတော်လှန်ရေး အင်အားစုများ အားကောင်းမောင်းသန် ဖြစ်လာဖို့အတွက်ဆိုလျှင် ကရင်စစ်မျက်နှာသည် အခရာကျ၏။ အရေးပါ၏။
အရှေ့မြောက်နှင့် ကချင်စစ်မျက်နှာတို့၏ ၂၀၂၃၊ ၂၀၂၄ စစ်ရေးအောင်မြင်မှုများကို ကြည့်၍ လူထုကြားတွင် ကရင်စစ်မျက်နှာကို အားမလို အားမရ ဖြစ်မှုများရှိသော်လည်း KNU နှင့် ကရင်လူထု၏ နွေဦးတော်လှန်ရေးတွင် ပါဝင်မှုနှင့် နွေဦးအင်အားစုများကို ထောက်ခံမှုသည် နိုင်ငံရေးအရ မြန်မာနွေဦးတော်လှန်ရေးအတွက် အရေးပါသည့်အချက်ဖြစ်သည်ကိုလည်းကောင်း၊ စစ်ရေးအရ မြန်မာပြည်တောင်ပိုင်း စစ်မျက်နှာအတွက် အရေးပါသည်ဆိုခြင်းကိုလည်းကောင်း၊ ပြီးခဲ့သည့် လေးနှစ်အတွင်း KNU သည် စစ်ကောင်စီနှင့် ပတ်သက်၍ တွေဝေယိမ်းယိုင်မှု မရှိသည်ကိုလည်းကောင်း ဦးစွာ အသိမှတ်ပြုရန် လိုပေလိမ့်မည်။
နွေဦးအင်အားစုများအတွက် ကရင်အင်အားစုများ ကွဲပြားနေခြင်းကို နားလည်ရန်သာလို၏။ KNU အား ဘာသာရေးအရ၊ စီးပွားရေးအခွင့်အလမ်းအရ စစ်တပ်က သွေးခွဲထားသည်ကို သိကြသော်လည်း ထိုကရင်အင်အားစုများ အချင်းချင်း မတိုက်ဘဲ ပြန်လည်စုစည်းရန် ကြိုးစားသည့်ဖြစ်စဉ်ကို စိတ်မရှည်ကြ။
နွေဦးအင်အားစုများအတွက် ကရင်အင်အားစုများ ကွဲပြားနေခြင်းကို နားလည်ရန်သာလို၏။ KNU အား ဘာသာရေးအရ၊ စီးပွားရေးအခွင့်အလမ်းအရ စစ်တပ်က သွေးခွဲထားသည်ကို သိကြသော်လည်း ထိုကရင်အင်အားစုများ အချင်းချင်း မတိုက်ဘဲ ပြန်လည်စုစည်းရန် ကြိုးစားသည့်ဖြစ်စဉ်ကို စိတ်မရှည်ကြ။
အထူးသဖြင့် စစ်တပ်နှင့်ပူးပေါင်းသည့် ကရင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ နွေဦးအင်အားစု အချို့အနေဖြင့် စိတ်မရှည်နိုင်ကြ၊ အားမလို အားမရ ဖြစ်ကြသည်ကို အထူးသဖြင့် မြဝတီတိုက်ပွဲတွင် တွေ့ရ၏။ ကရင်တို့ကြား ပြန်လည်ပေါင်းစည်းရန် ကြိုးစားသည့်ဖြစ်စဉ်ကို နားလည်မှုပေးရန် အချိန်ပေးဖို့ လိုအပ်သည်။
သို့သော်လည်း နွေဦးတော်လှန်ရေးတွင် ကရင်စစ်မျက်နှာ၌ ၂၀၂၁ ခုနှစ် နှစ်ကုန် လေးကေ့ကော်တိုက်ပွဲမှစ၍ ကွင်းဖွင့်ခဲ့သည်။ နွေဦးအင်အားစုများ ရောက်ရှိ ခိုလှုံအခြေပြုရာ လေးကေ့ကော်မှ စတင်ခဲ့သည့် တိုက်ပွဲဖြစ်သည်။
KNU တပ်ဖွဲ့များက စစ်ရေးအတွေ့အကြုံ ရှိကြသော်လည်း PDF နှင့် နွေဦးတပ်ဖွဲ့များက စစ်ရေးအတွေ့အကြုံ မရှိကြသေးသည့်အပြင် လေ့ကျင့်သားပင် မပြည့်ဝကြသေးသကဲ့သို့ စစ်လက်နက်ခဲယမ်း၊ စစ်အသုံးဆောင်ပစ္စည်းများလည်း ပြည့်စုံခြင်း မရှိသေးပေ။ PDF များ မပြည့်စုံသေးသကဲ့သို့ KNU တပ်ဖွဲ့သည်လည်း တိုက်ပွဲကြီးများအတွက် စစ်လက်နက်ခဲယမ်း စုပုံပြင်ဆင်ရန် အချိန်လိုအပ်နေသေး၏။ သို့သော် မလွဲမရှောင်သာ တိုက်ပွဲများ စတင်ခဲ့ပြီဖြစ်သကဲ့သို့ နောက်ပိုင်းတွင်လည်း တဖြည်းဖြည်း အရှိန်ကောင်းလာသည်ကို တွေ့ရ၏။
၂၀၂၁ ခုနှစ် နှစ်ကုန် လေးကေ့ကော်တိုက်ပွဲမှစ၍ ၂၀၂၄ နှစ်ကုန်အထိ သုံးနှစ်တာ ကာလအတွင်း ကရင်စစ်မျက်နှာတွင် တိုက်ပွဲများ မနည်းလှပေ။ ထိုကာလအတွင်း တိုက်ပွဲများသည် KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၆ အတွင်း အဓိကဖြစ်ပွားခဲ့၏။ တပ်မဟာ ၁၊ ၂၊ ၃၊ ၄ နယ်မြေများအတွင်း တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး KNU ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေအတွင်းတွင် တိုက်ပွဲမရှိသလောက်ဖြစ်သည်ကို တွေ့ရသည်။
ထိုသုံးနှစ်တာကာလအတွင်း KNU နယ်မြေအတွင်း KNU, ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF ပူးတွဲ စစ်ဗျူဟာများ ပေါ်ပေါက်လာပြီး မြဝတီနှင့် ကော့ကရိတ် ကားလမ်းနှင့် ဘုရားသုံးဆူကြားရှိ KNU တပ်မဟာ ၆ နယ်မြေအတွင်း ဝေါ်လေဗျူဟာ၊ အနန်းကွင်းဗျူဟာများမှအပ ကျန်သည့် ကျိုက်ဒုံ၊ သင်္ဃန်းညီနောင် ဗျူဟာများအပါအဝင် စခန်းများ၊ အခြေစိုက်တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြဝတီမြို့ကိုပင် ခြိမ်းခြောက်နိုင်ခဲ့၏။

အလားတူ KNU တပ်မဟာ နယ်မြေအတွင်း ဖာပွန်မြို့နှင့် ဖာပွန်အခြေစိုက် တပ်ရင်းတပ်ဖွဲ့ သုံးဖွဲ့ကို သိမ်းပိုက်ပြီး ဗျူဟာရုံးကို ဝိုင်းထားနိုင်ခဲ့သည်။ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်နယ်မြေအတွင်းရှိ ကျန်စခန်းများ၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်၊ သံလွင်မြစ်တလျှောက်ရှိ စစ်တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ကြောင်း တွေ့ရ၏။
KNU နယ်မြေတွင်းရှိ ဖာပွန်အခြေစိုက် အမှတ် ၁၉ ခြေလျင်တပ်ရင်းဌာနချုပ် (ခလရ ၁၉)၊ အမှတ် ၄၃၄ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၄၃၄)၊ အမှတ် ၆၄၂ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၆၄၂) နှင့် သင်္ဃန်းညီနောင် အခြေစိုက် အမှတ် ၃၅၅ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၅၅)၊ အမှတ် ၃၆၆ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၆၆)၊ အမှတ် ၃၆၇ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ ၃၆၇) – ခြေလျင်၊ ခြေမြန်တပ်ရင်း ငါးရင်း၊ လက်ရုံးတပ်ဖွဲ့ တခု စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်သွားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်မှ စတင်သည့် မြဝတီကို ဦးတည်သော အောင်ဇေယျစစ်ဆင်ရေးကိုလည်း KNU နှင့် PDF ပူးပေါင်းတပ်များက ဒေါနတောင်ကြောတွင် အောင်မြင်စွာ ဖြတ်တောက် တိုက်ခိုက်ထားနိုင်သည်ကို တွေ့မြင်ရ၏။ ကရင်စစ်မျက်နှာတွင် စစ်တပ်မှ တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးများအပါအဝင် အများအပြား သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
၂၀၂၄ နှစ်ကုန်မှ စတွေ့ရသည့် ကရင်စစ်မျက်နှာသည် ပို၍ အသက်ဝင်လာသည်။ ကရင်စစ်မျက်နှာ တိုက်ပွဲများ၊ အောင်ပွဲများကို တနင်္သာရီ စစ်မျက်နှာ၊ ကော့ကရိတ် စစ်မျက်နှာနှင့် စစ်တောင်မြစ်ဝှမ်း စစ်မျက်နှာများတွင်သာမက စစ်တပ်အာဏာသိမ်းကတည်းက သေနတ်သံ မထွက်သည့် တပ်မဟာ ၇ စစ်မျက်နှာ၌တွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့လာရသည်။
၂၀၂၄ နှစ်ကုန်မှ စတွေ့ရသည့် ကရင်စစ်မျက်နှာသည် ပို၍ အသက်ဝင်လာသည်။ ကရင်စစ်မျက်နှာ တိုက်ပွဲများ၊ အောင်ပွဲများကို တနင်္သာရီ စစ်မျက်နှာ၊ ကော့ကရိတ် စစ်မျက်နှာနှင့် စစ်တောင်မြစ်ဝှမ်း စစ်မျက်နှာများတွင်သာမက စစ်တပ်အာဏာသိမ်းကတည်းက သေနတ်သံ မထွက်သည့် တပ်မဟာ ၇ စစ်မျက်နှာ၌တွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့လာရသည်။
၁။ တနင်္သာရီ စစ်မျက်နှာ
တနင်္သာရီ စစ်မျက်နှာတွင် ဗျူဟာမြောက် တိုက်ပွဲတပွဲမှာ ထီးထဗျူဟာစခန်းတိုက်ပွဲဖြစ်သည်။ KNU/PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ထီးထဗျုဟာစခန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထီးထဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့၏။
၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ထီးခီးဗျူဟာစခန်းအား KNU, KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မေလ ၉ ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ရရှိခဲ့သည်။ ထီးခီးစခန်းမှ စစ်ကောင်စီတပ်သား အများအပြား ထိုင်းနိုင်ငံထဲသို့ ပြေးဝင်သွားခဲ့ပြီး ထိုင်းနယ်စပ် ကုန်သွယ်ရေးဂိတ်အား ထိန်းချုပ်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်၊ နံနက် ၆ နာရီခန့်က KNLA နှင့် မဟာမိတ်တပ်ဖွဲ့များက တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာအနီးမှ ဟားလီးကွေ့တပ်စခန်းအား ဝင်ရောက်တိုက်ရာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတဦး သေဆုံးပြီး စစ်ကောင်စီ၏ စစ်သုံ့ပန်း ၁၆ ဦးနှင့်အတူ လက်နက် ၁၉ လက် သိမ်းဆည်းရမိခဲ့၏။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့အထိ တနင်္သာရီဒေသရှိ သိန်ခွန်း-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် KNLA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများပေါင်း အကြိမ်ရေ ၁၀၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၁၅၀ ဦးထက်မနည်းရှိကာ သေဆုံးသူများထဲတွင် တပ်ရင်းမှူး တဦး၊ ဒုတပ်ရင်းမှူး တဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။ ယင်းထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း စစ်ကောင်စီ တပ်သား ၁၂ ဦး လက်နက်နှင့်အတူ KNU, KNLA ပူးပေါင်း မဟာမိတ်တပ်ဖွဲထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီဒေသတွင် KNU, PDF ပူးပေါင်းတပ်ဖွဲ့များသည် ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်များကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး မကြာမီတနင်္သာရီ ပင်လယ်ပြင်ကိုပါ စိုးမိုးလာနိုင်ဖွယ်ရှိသည်။
၂။ တပ်မဟာ ၇ စစ်မျက်နှာ
လက်ရှိ တပ်မဟာ ၇ စစ်မျက်နှာကို ဒေါနတောင်နှင့် ထိုင်းနယ်စပ် သောင်းရင်းမြစ်ကြား ဒေါနတောင် အရှေ့ခြမ်းတွင် တွေ့ရသည်။ ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ် အရှေ့ဘက်ခြမ်းဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက သုံးနှစ်လုံး ငြိမ်သက်နေသော KNU တပ်မဟာ ၇ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နေ့မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောအား တပ်မဟာ ၅ ဖာပွန်ခရိုင်တပ်များနှင့်အတူ ပူးပေါင်းသိမ်းယူခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။
ထို့နောက် လှိုင်းဘွဲ့မြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ ပွိုင့် ၁၂၄၈ ခေါ် ပူလူးတူစစ်ကောင်စီစခန်းအား ဖေဖော်ဝါရီလ ၂၆ ရက်မှ (အချို့သတင်းများတွင် ဖေဖဝါရီလ ၁၇ ရက်မှ) စတင်ကာ KNU ဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်ဆင်နေခဲ့ရာ မတ်လ ၁၄ ရက်တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။ ပူလူးတူစစ်ကောင်စီစခန်း သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး၊ ၁၁ ဦး ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးသွားပြီး လက်နက်မျိုးစုံ ၁၀ လက်နှင့် ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်အနီး နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ ၇ တပ်များက စတင်တိုက်ခိုက်ရာမှာ မတ်လ ၂၅ ရက် ညနေတွင် သိမ်းပိုက်နိုင်ခဲ့၏။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်ညနေပိုင်း ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ ၇ နှင့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၉ ရက်ညနေပိုင်းတွင် သိမ်းယူလိုက်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေလ ၇ ရက် ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီ အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းအား KNU, KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မေလ ၉ ရက် နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာ ထွက်ပြေးသွားကြပြီး သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့က ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကာတဲကျေးရွာအနီး စစ်ကောင်စီအခြေစိုက်သည့် တညာကျိုး (ခေါ်) တာလယ် ဗျုဟာစခန်းကို KNU တပ်မဟာ ၇ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး မေလ ၁၃ ရက်နေ့ ညတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကရင်ပြည်နယ်တွင် KNU ပူးပေါင်းတပ်များက ထိုင်း-မြန်မာ နယ်စပ်အနီး စစ်ကောင်စီတပ်၏ ခမရ ၂၄ တပ်ရင်း တပ်စွဲထားသော မောကဝီးလေး စစ်တပ်စခန်းကို စတင်တိုက်ခဲ့ပြီး မေလ ၁၆ ရက် မနက်တွင် သိမ်းဆည်းရမိကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြင်းပြင်းထန်ထန် ခုခံခြင်းမရှိဘဲ စခန်းကို အလွယ်တကူ စွန့်ခွာထွက်ပြေးနေကြကြောင်း တွေ့ရသည်။
ဒေါနတောင်အရှေ့ဘက် ထိုင်းနယ်စပ်တလျှောက် စခန်းစွန့်လွှတ်လာရသည်နှင့် တချိန်တည်း ဘားအံမြို့၊ သံလွင်မြစ်အနောက်ကမ်း ကော့ဂွန်းရွာနှင့် နှစ်ခြားရွာများတွင် ဧပြီလ ၁၉ ရက်က စတင်ပြီး စစ်ကောင်စီတပ်များ လာရောက်တပ်စွဲထားသည်ဟု သိရ၏။ အဆိုပါ ကျေးရွာနှစ်ရွာသည် ဘားအံမြို့အနောက်တောင်ဘက် ၁၀ မိုင် ဝန်းကျင်ခန့်အကွာ သံလွင်မြစ်အနောက်ကမ်းတွင် တည်ရှိသည်။ ဘားအံလုံခြုံရေးကို ဂရုပြုလာကြောင်း တွေ့ရသည်။
ဒေါနတောင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်များ အခြေစိုက်သည့် မာနာပလော (မာနယ်ပလော)၊ ပွိုင့် ၁၂၄၈ စခန်း (ခေါ်) ပူးလူးတူတပ်စခန်း၊ ခလယ့်ဒေး စစ်ကောင်စီစခန်း၊ မော်ဖားသူစခန်း၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း၊ တာလယ် ဗျူဟာစခန်း၊ မောကဝီးလေး (မယ်လ) စခန်းစသည့် စစ်စခန်းများကို ဆက်တိုက် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
ဒေါနတောင်အရှေ့ခြမ်း အထက်ပိုင်းတွင် မော်ဖိုးကေ၊ နော်တရာနှင့် မြဝတီ-ရွှေကုက္ကိုကြား၌ ဝမ်ခဟောင်းနှင့် ဝမ်ခသစ် စခန်းများသာ ကျန်ရှိတော့ပြီး ထိုစခန်းတို့ကို ဆက်လက် တိုက်ခိုက်နိုင်သည်ဟု အားလုံးက တွက်ဆနေကြ၏။
အဆိုပါစခန်းများ တိုက်ခိုက်ပြီးပါက ဒေါနတောင်အရှေ့ဘက်ခြမ်း၊ ဒေါနတောင်နှင့် ထိုင်းနယ်စပ် သောင်ရင်းမြစ်ကြား ဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်သကဲ့သို့ ဒေါနတောင်ကြောကိုလည်း ထိန်းချုပ်နိုင်ပြီး ဒေါနတောင်ကြောအနောက်ဘက်ရှိ ဘားအံ၊ ပိုင်ကျုံ၊ လှိုင်းဘွဲ့မြို့များကိုပါ ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။
အဆိုပါစခန်းများ တိုက်ခိုက်ပြီးပါက ဒေါနတောင်အရှေ့ဘက်ခြမ်း၊ ဒေါနတောင်နှင့် ထိုင်းနယ်စပ် သောင်ရင်းမြစ်ကြား ဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်သကဲ့သို့ ဒေါနတောင်ကြောကိုလည်း ထိန်းချုပ်နိုင်ပြီး ဒေါနတောင်ကြောအနောက်ဘက်ရှိ ဘားအံ၊ ပိုင်ကျုံ၊ လှိုင်းဘွဲ့မြို့များကိုပါ ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။
သို့ဖြစ်ရာ KNU တပ်မဟာ ၇ ၏ စစ်မြားဦးသည် ဒေါနတောင်အနောက်ခြမ်းသို့ ဦးတည်ရန်သာ ရှိတော့၏။ လှိုင်းဘွဲ့မြို့နယ် ခလော်ကထိုက် (ရှမ်းရွာသစ်မြို့) ရှိ ဌာနဆိုင်ရာဝန်ထမ်းများကမူ KNU တပ်မဟာ ၇ က သတိပေးပြီးနောက် မတ်လကုန်ပိုင်းက စတင်ပြီး မြို့မှ ထွက်ခွာသွားကြသည်ဟု သိရ၏။
ယခုအခါ ရှမ်းရွာသစ်မြို့တွင် စစ်ကောင်စီတပ်၏ ဗျုဟာကုန်းစခန်းသာ ကျန်တော့ရာ ဒေါနတောင်အနောက်ဘက်ခြမ်း စိုးမိုးရေးအတွက် ရှမ်းရွာသစ်ဗျူဟာကုန်းသည် KNU ၏ စစ်ရေးအရ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု သုံးသပ်ရပေသည်။
(ဆက်လက်ဖော်ပြပါမည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
KNU တပ်မဟာ ၇ နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် (ရုပ်/သံ)
စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး
စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန် KNU တောင်းဆိုမှုက ထိပ်တိုက်တွေ့ခြင်းဟု စစ်ကောင်စီပြော
ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း
စစ်ကောင်စီ သတိပေးချက် လိုက်နာမည်မဟုတ်ဟု KNU တုန့်ပြန်