ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်အစပ်ရှိ ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းရွာ အခြေစိုက် အမြောက်တပ် အမတ ၃၄၄ အနီး ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကတည်းက ပစ်ခတ်သံများ ငြိမ်သက်နေခဲ့ရာမှ ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA)နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ပြန်ဖြစ်နေကြောင်း သိရသည်။
အမတ ၃၄၄ အနီး နေထိုင်သည့် ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက “၃၄၄ နဲ့ တော်တော်ကပ်နေပြီ။ တိုက်ပွဲမရှိဘဲ ငြိမ်နေခဲ့တာ တော်တော်ကြာပြီ။ မနေ့ကမှ ပြင်းပြင်းထန်ထန် ပြန်ဖြစ်တာ။ လက်နက်ငယ်သံတွေ ကြားရတယ်။ ညအထိ တိုက်ပွဲဖြစ်ခဲ့တယ်” ဟု ဧရာ၀တီကို ပြောသည်။
ထို့ပြင် အမတ ၃၄၄ နှင့် လေးမိုင်ကျော်အကွာ သရက်ပင်ကြီးစုရွာအနီးနှင့် ခြောက်မိုင်ဝန်းကျင်အကွာ ပုသိမ်-မုံရွာလမ်းပေါ် ရှိ လေးမျက်နှာမြို့နယ်အတွင်းမှ စက်စက်ယိုကျေးရွာဝန်းကျင်တို့တွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
“ရိုးမပေါ်ကနေ စစ်ကြောင်းတွေ ဖြာဆင်းလာတာ။ လေးမျက်နှာဘက်၊ အိုင်သပြုဘက်ကို ဦးတည်တယ်။ ဒီဘက် ၃၄၄ ကိုလည်း ဦးတည်လာတာတွေ့ရတယ်။ စက်စက်ယိုဘက်မှာတော့ ပွဲပြတ်ပြီလို့ကြားတယ်။ စစ်တပ်က အကျအဆုံးများ တယ်” ဟု ရေကြည်မြို့နယ်တွင် နေထိုင်သည့် စစ်ရေးနီးစပ်သူတဦးက ပြောသည်။
စက်စက်ယိုစခန်းကို AA ပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ပြီဆိုသည့်သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာ၀တီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် အမတ ၃၄၄ အနီးတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်သား တဆယ်ဝန်းကျင် ထိခိုက်၊ သေဆုံးမှုရှိခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။

AA ပူးပေါင်းတပ်သည် အမတ ၃၄၄ ကို ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့အတွင်းကလည်း ထိုးစစ်ဆင်တိုက်ခိုက်၍ ကာကင်း စခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမြောက်တပ်ထဲမှ အမြာက်ကြီးများကို ကျုံပျော်အခြေစိုက်ခလရ ၃၆ သို့ ရွှေ့ပြောင်းမှုများ ရှိခဲ့သည်။
ယင်းနောက် တိုက်ပွဲများငြိမ်သက်နေခဲ့ပြီး စစ်တပ်မှ အမြောက်တပ်သို့ လက်နက်၊ အင်အား ဆက်တိုက်ဖြည့်တင်းခဲ့ရာ တလကျော်အတွင်း အင်အား လေးရာနီးပါးအထိ ဖြည့်တင်းခဲ့ကြောင်း ယင်းအနီးနေထိုင်သူများက ပြောသည်။
“ဘန်ကာတွေထပ်လုပ်၊ မြောင်းတွေတူး၊ အင်အားထပ်ဖြည့် အဲဒီလို အခိုင်အမာလုပ်ထားတာ။ ဒါပေမယ့် ကာကင်းကတော့ တခုပဲ ကျန်တော့တယ်။ ၃၄၄ ရဲ့ အကြီးဆုံးကာကင်းကိုတောင် AA က တက်သိမ်းထားတာ။ ဒါလည်း သိမ်းမယ်ဆို မကြာဘူးထင်တယ်” ဟု ရေကြည်ဒေသခံတဦးက ဆိုသည်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေချိန် အာဏာသိမ်းစစ်တပ်သည် ပုသိမ်မြစ်တလျောက် စစ်သင်္ဘောအများ အပြားနှင့် အကာအကွယ်ယူထားကာ ငသိုင်းချောင်း၊ လေးမျက်နှာမြို့နှင့် လေးမျက်နှာမြို့နယ် အိုင်သပြုရွာတို့အနီး စစ်သင်္ဘောနှစ်စီးထက်မနည်း အမြဲရှိနေကြောင်း လေးမျက်နှာဒေသခံ အမျိုးသမီးတဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားသော AA သည် ရခိုင် ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
You may also like these stories:
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ
လေးမျက်နှာမြို့နယ်မှ ရွာတချို့ AA တို့ ထိန်းချုပ်














