ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ကို မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့က မနေ့က နေ့ လည်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းထောက် ကိုရဝေမောင်နှင့် အခြား သတင်းထောက်တစ်ဦးတို့အား မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့ မှူးက မေးမြန်းစရာ ရှိ သည်ဟုဆိုကာ ရုံးသို့ခေါ်ယူခဲ့ပြီးနောက် ကိုရဝေမောင်အား ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း အသိပေးကာ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရဝေမောင်၏ မိတ်ဆွေဖြစ်သူတဦးက”ရဝေမောင်နဲ့ နောက်ထပ် သတင်းထောက်တယောက်ကို မေးစရာရှိလို့ပါဆိုပြီး မြို့နယ်ရဲမှူးက ခေါ်တယ်။ ဟိုရောက်တော့ ရဝေမောင်ကို တိုင်ကြားသူရှိလို့ ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့်ထားပါတယ်ဆိုပြီး တခါတည်း ဖမ်းထားတာ။ ကျန်တဲ့သတင်းထောက်ကိုတော့ သတိပေးတာတွေလုပ်ပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
ကိုရဝေမောင်မှာ ဧရာဝတီတိုင်းတွင် တတိယမြောက် အဖမ်းခံရသည့်သတင်းထောက် ဖြစ်သည်။ ဧရာဝတီတိုင်း၌ စစ် ကောင်စီက သတင်းထောက် မရွှေရည်ဝင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး သံတော်ဆင့်ဂျာနယ် သ တင်းထောက် ကိုရဲရင့်ထွန်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
သတင်းထောက် မရွှေရည်ဝင်းနှင့် ကိုရဲရင့်ထွန်းတို့ကို စစ်ကောင်စီက ပုသိမ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) စသော ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုကြောင်း၊ ထောင်တွင်းတရားရုံးဖြင့် ကြားနာစစ်ဆေးနေကြောင်း သိရသည်။
သတင်းထောက်ကိုရဲရင့်ထွန်း၏ မိတ်ဆွေဖြစ်သူ တဦးက”ကိုရဲရင့်ထွန်းကို ထောင်တွင်းယာယီတရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ လာမယ့် မေလ ၅ ရက်မှာ တရားလိုပြသက်သေတွေ စစစ်မယ်။ သူ့ကျန်းမာရေးလည်း ကောင်းနေတယ်လို့ သိရတယ်”ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့အထိ အဖမ်းခံရသူ သတင်းထောက် ၆၉ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၃၀ ဦး၊ တရားစွဲဆိုခံရသူ ၄၀ ဦး ရှိကြောင်း သတင်းသမား အသိုင်းအဝိုင်းမှ သိရသည်။
You may also like these stories:
အဖမ်းခံထားရသည့် တမူးဒေသခံများ မိသားစုနှင့် တွေ့ ခွင့်မရ
အမှုဖွင့်ခံရသည့် CDM ဆရာဝန်တို့၏ နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မည်ဟု စစ်ကောင်စီ ဆို
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး