သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် လွှတ်တော်မှာ မြေယာဥပဒေတွေ ပြင်ဆင်ရေး ဖြည့်စွက် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တင်သွင်းဆွေးနွေးကြတာတွေ ရှိပါတယ်။ တည်ဆဲ မြေယာဥပဒေများဟာ အဓိကအားဖြင့် ပြဿနာ ၄ မျိုး တွေ့ရပါတယ်။ ဒီပြဿနာရပ်တွေဟာ ခက်ခဲရှုပ်ထွေး သိမ်မွေ့တဲ့အတွက် စနစ်တကျ လေ့လာသုံးသပ်ပြီး ဘက်စုံထောင့်စုံက ကျယ်ကျယ်ပြန့်ပြန့် ပြည်သူ့အသံတွေ နားထောင်ပြီးမှ ဥပဒေကို အချိန်ယူ ပြင်သင့်ပါတယ်။
(၁) တောင်တန်းဒေသ တိုင်းရင်းသားများရဲ့ မိရိုးဖလာစိုက်ပျိုးရေးကို အကာအကွယ်ပေးမှု မရှိခြင်း။
တည်ဆဲဥပဒေမှာ စိုက်ပျိုးမြေတွေကို အကြောင်းမဲ့ လှပ်မထားရလို့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် တိုင်းရင်းသားများရဲ့ မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာများဟာ ဦးပိုင်လျှောက်ထားလို့ မရတဲ့အတွက် ဥပဒေရဲ့ အကာအကွယ် အပြည့်အဝ မရကြပါ။ ဒီကနေ့ နိုင်ငံနဲ့ အဝှမ်းမှာဖြစ်နေတဲ့ မြေယာသိမ်းဆည်းမှု အငြင်းပွားမှုတွေဟာ ဒါနဲ့ဆက်နွယ်နေပါတယ်။
ပတ်ဝန်းကျင် ပျက်စီးစေတယ်ဆိုတဲ့ အချက်တချက်တည်းနဲ့ ရွှေ့ပြောင်းတောင်ယာတွေကို အဆိုးမမြင်သင့်ပါဘူး။ ရိုးရာဓလေ့ အသိပညာနဲ့ စနစ်တကျ စီမံခန့်ခွဲတဲ့ ရွှေ့ပြောင်းတောင်ယာတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေတယ်ဆိုတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း သုတေသန တွေ့ရှိချက်တွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ အမြဲတမ်း စိုက်ပျိုးမြေ ပြောင်းလဲဖို့ နိုင်ငံတော်က အပြည့်အဝ မပံ့ပိုးနိုင်သေးတဲ့အခြေအနေမှာ တောင်တန်းဒေသ တိုင်းရင်းသားများရဲ့ မိရိုးဖလာစိုက်ပျိုးရေးနဲ့ ပိုင်ဆိုင်မှုကို လိုအပ်တဲ့ဥပဒေကြောင်းအရ ကာကွယ်မှုတွေကို ပေးထားသင့်ပါတယ်။ အထူးသဖြင့် ကျေးရွာ၊ ဓားမဦးချ ဘုံစိုက်ပျိုးအသုံးချမြေ အတန်းအစားအဖြစ် သတ်မှတ်ပြီး စုပေါင်းအခွန် ကောက်ယူသင့်မသင့်၊ လေ့လာဆန်းစစ်သင့်ပါတယ်။
တဆက်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးများ မြေယာအမွေဆက်ခံနိုင်မှု မရှိဆိုတဲ့ ဓလေ့ထုံးစံတွေကို အမျိုးသမီးများ တန်းတူညီမျှမှုရှိရေးဆိုတဲ့ လူ့အခွင့်အရေး ရှုထောင့်ကနေ သုံးသပ်ပြီး ခံစားသင့်၊ ခံစားခွင့်ရှိသော အမျိုးသမီးများ မနစ်နာအောင် ဥပဒေရေးရာ အကာအကွယ်ပေးသင့်ပါတယ်။
(၂) ခေတ်စနစ်၊ နည်းပညာ လိုအပ်ချက်နှင့်အညီ တောင်သူများ လွတ်လပ်စွာ အသုံးပြု စီမံခန့်ခွဲပိုင်ခွင့် မရှိခြင်း။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဈေးကွက်စီးပွားရေး စနစ်ဘောင်အတွင်းမှာ တောင်သူတွေ လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင် ရောင်းဝယ်ဖောက််ကားခွင့် ရှိသင့်ပါတယ်။ တည်ဆဲ ဥပဒေ ပုဒ်မ လန ၃၈ အရ အစိုးရက စီမံကိန်းနယ်မြေ သတ်မှတ်ထားတဲ့နေရာမှာ အစိုးရသတ်မှတ်ထားတဲ့ စီမံကိန်း သီးနှံကို တောင်သူတွေ စိုက်ရမယ်ဆိုပြီး ဆိုရှယ်လစ် စီးပွားရေးစနစ်ပုံစံအတိုင်း ထိန်းချုပ်ထားတာဟာ ခေတ်စနစ်နဲ့ မကိုက်ညီပါဘူး။
ဒီအပြင် လန ၃၈ (က) အရ စိုက်ပျိုးမြေ အသုံးချမှုပုံစံတွေကို ကန့်သတ် ထိန်းချုပ်ထားပါတယ်။ ဥပမာ – မြေဩဇာ ညံဖျင်းလာတဲ့ လယ်၊ ယာမြေမှာ တောင်သူက ဥယျာဉ်ခြံ ပြောင်းစိုက်မယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်လိုပါတယ်။ ရှေးက အခွန်နှုန်းထားတွေ စိုက်ပျိုးမြေအသုံးချမှု မတူညီသည့်အလျောက် ကွဲပြားတဲ့အတွက် ဒီလိုသတ်မှတ်ထားတာဖြစ်ပြီး လက်တွေ့မှာ တိတိကျကျဆောင်ရွက်ဖို့ တောင်သူအတွက်ရော အစိုးရအတွက်ရော ခက်ခဲပါတယ်။ ဒီအခြေအနေမှာ တောင်သူကို အကျပ်ကိုင်ရုံသက်သက် ဖြစ်စေပြီး ကြားက လာဘ်ပေးလဘ်ယူ ဖြစ်စေတဲ့၊ ဖြစ်ဖို့ အားပေးစေတဲ့ ထိန်းချုပ်မှုတွေကို ပယ်ဖျက်ဖို့လိုပါတယ်။
စိုက်ပျိုးရေးနည်းစနစ်တွေ ပြောင်းလဲလာတာနဲ့အညီ စိုက်ပျိုးမြေအသုံးချမှုပုံစံတွေ လိုက်လျောညီထွေ ပြောင်းလဲသတ်မှတ်ဖို့ လိုလာပါတယ်။ ဥပမာ – ပေါင်းစည်းလယ်ယာ စနစ်ဆိုရင် စပါး၊ ငါး၊ တိရစ္ဆာန်၊ သီးပင်စားပင်၊ သစ်တောပင် ဘက်စုံရောနှော စိုက်ပျိုး ထုတ်လုပ်ပါတယ်။ ဒီတော့ လက်ရှိဥပဒေအရ ငါးမွေး၊ သစ်ပင်စိုက်တယ်၊ မြေအသုံးချမှု ပြောင်းတယ်ဆိုပြီး လန (၃၉) လျှောက်ဖို့လိုသလို ထွက်ကုန်တွေကို စီးပွားဖြစ်သုံးဖို့ဆိုရင် တခြား ငါးလုပ်ငန်းဥပဒေ၊ သစ်တောဥပဒေတွေနဲ့ပါ ငြိစွန်းပါတယ်။ ဒါကြောင့်မို့လို့ ဘက်စုံစိုက်ပျိုးထုတ်လုပ်သောမြေ ဆိုပြီး သီးခြားမြေအသုံးချမှု အတန်းအစားအသစ်တခု သတ်မှတ်ပြီး အခွန်စည်းကြပ်သင့်ပါတယ်။ ဒီလိုပဲ သစ်တောကြိုးဝိုင်းထဲကို အကြောင်းကြောင်းကြောင့် ကျူးကျော်ဝင်ရောက် နေထိုင် စိုက်ပျိုးလုပ်ကိုင်နေတဲ့သူတွေကိုလည်း ငဲ့ညှာထောက်ထားပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေတဲ့ သီးနှံသစ်တော နည်းစနစ်တွေ လက်ခံကျင့်သုံးစေပြီး လက်ခံကျင့်သုံးတဲ့အလျောက် မြေယာလုံခြုံမှုကို ဥပဒေကြောင်းရာ အကာအကွယ်ပေးသင့်ပါတယ်။ ဥပမာ – ကြိုးဝိုင်း ကန့်သတ် စိုက်ပျိုးထုတ်လုပ်မြေ (လွှဲပြောင်းရောင်းချ၊ အမွေဆက်ခံခွင့်မပေးဘဲ သတ်မှတ်သီးနှံ သစ်တောပုံစံအတိုင်း လက်ဝယ်ထား စိုက်ပျိုးထုတ်လုပ်ခွင့်နှင့် အမတော်ကြေး ရရှိခံစားခွင့်ပေးရန်)
(၃) မြေယာစီးပွားရေး ဖွံ့ဖြိုးရေး အခွင့်အလမ်း အပြည့်အဝ အသုံးမချနိုင်ခြင်း။
တဦးချင်းအတွက်ရော ဒေသအတွက်ရော ဖွံ့ဖြိုးတိုးတက်စေဖို့ မြေယာစီးပွားရေး (Land economy) အခွင့်အလမ်း စွမ်းအားရှိသလောက် အပြည့်အဝ အသုံးချဖို့လိုပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တစ်ဦးချင်း မြေယာပိုင်ဆိုင်မှု မပေးနိုင်ရင်တောင်မှ တရုတ်၊ ဗီယက်နမ်တို့မှာ ကျင့်သုံးသလို တရားဝင် လွှဲပြောင်း ပေါင်နှံ ရောင်းချခွင့် ပေးသင့်ပါတယ်။ ဒါဆိုရင် တောင်သူတွေရဲ့ ပိုင်ဆိုင်မှု အရင်းအနှီး မြင့်မားလာပြီး ပုဂ္ဂလိကငွေကြေးဈေးကွက်က အရင်းအနှီးစီးဝင်မှု အားကောင်းလာကာ စိုက်ပျိုးရေးမှာ ပိုမိုအကျိုး ရှိစေပါတယ်။ ပေါင်နှံခွင့်ဆိုတာ ရောင်းဝယ်ခွင့်ရှိမှ အဓိပ္ပာယ်ရှိပါတယ်။ အပေါင်ဆုံးမြေ ရောင်းချခွင့် မရှိရင်၊ ဘယ်သူမှ အပေါင်ခံမှာ မဟုတ်လို့ မြေယာငွေကြေးဈေးကွက် မဖြစ်နိုင်တဲ့အတွက် မြေယာစီးပွားရေး၊ မဖွံ့ဖြိုးနိုင်ပါဘူး။ လက်ရှိလည်း လယ်ယာမြေ အရောင်းအဝယ် အပြင်မှာ တကယ်ဖြစ်နေပြီး အစိုးရအခွန် နစ်နာတာသာ အဖတ်တင်ပါတယ်။ မြေယာရောင်းဝယ်မှုအပေါ် လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်နေပြီး တရားမဝင် ငွေကြေးဈေးကွက်ကို ဖြစ်စေကာ ဈေးကွက်စီးပွားရေးစနစ်ကို ပုံပျက်စေပါတယ်။
မြေယာတွေဝယ်ယူပြီး ဈေးကစားတာတွေ မဖြစ်ဖို့ကတော့ Tax structure အခွန်နှုန်းအမျိုးမျိုးနဲ့ ထိန်းချုပ်နိုင်လို့ အစိုးရအတွက် ပိုပြီး အကျိုးရှိစေပါတယ်။ ဥပမာ – ဧက ၁၀၀ အထက် ပိုင်ဆိုင်သူတွေကို အခွန်ပိုမို ကောက်ခံခြင်း။ လက်ရှိ မြေယာခွန်နှုန်းထားတွေဟာလည်း ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အခွန်ဘဏ္ဍာရရှိဖို့ ပြောင်းလဲရန် လိုအပ်နေပါတယ်။ လယ်ယာမြေ တရားဝင် ရောင်းချခွင့် ပေးခြင်းအားဖြင့် တောင်သူတွေဟာ ရပိုင်ခွင့်နဲ့တာဝန် ချိန်ခွင်လျှာ မျှတမှုကို နားလည်သဘောပေါက်နိုင်ပြီး အခွန်နှုန်းတိုးမြှင့်မှုကို လက်ခံနိုင်ပါလိမ့်မယ်။ ကောက်ယူရရှိတဲ့ စစ်တမ်းများအရ တောင်သူအများစုဟာ တဧက ၅၀၀-၁၀၀၀ ကျပ် အထိ ပေးနိုင်ကြောင်း ဖြေဆိုသလို ဖြေဆိုသူ ၃ ပုံ ၁ ပုံဟာလည်း မြေကောင်းများမှာ မြေခွန် တဧက ၂၅၀၀-၅၀၀၀ ကျပ် အထိပေးဖို့ ဝန်မလေးကြောင်း တွေ့ရပါတယ်။
(၄) မြေယာအငြင်းပွားမှု၊ ဖြေရှင်းပုံနည်းလမ်း လုပ်ထုံးလုပ်နည်း အားနည်းချက်များ ရှိနေခြင်း။
လယ်ယာမြေ အငြင်းပွားမှုတွေကို တရားရုံးမှာ ဖြေရှင်းခွင့်မရှိဘဲ အစိုးရဌာန တခုထဲက လွှမ်းမိုးတဲ့ ကော်မတီက ဆုံးဖြတ်တဲ့စနစ်ဟာ အကျိုးစီးပွားဆန့်ကျင်မှုတွေ ရှိတဲ့အလျောက် အဂတိကင်းရှင်းမှုနဲ့ တရားမျှတမှုကို အာမ မခံနိုင်ပါဘူး။ ဥပမာ – ရာဘာစိုက်ပျိုးရေးအတွက် မြေသိမ်းတဲ့ကိစ္စတွေမှာ ရာဘာစိုက်ပျိုးရေးကို အားပေးချင်တဲ့ ကော်မတီအဖွဲ့ဝင် အစိုးရဌာနရဲ့ သဘောထားဟာ မြေသိမ်းခံရတဲ့ တောင်သူရဲ့ အကျိုးစီးပွား ဆန္ဒသဘောထားနဲ့ အခြေခံအားဖြင့် ဆန့်ကျင်နေမှာပါ။ ဗဟိုမြေယာကော်မတီက ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်လို့ သတ်မှတ်ထားတော့ အချုပ်အခြာ အာဏာသုံးရပ်ကို ခွဲခြားကျင့်သုံးဖို့ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ တဘက်မှာလည်း တရားရုံးစရိတ် တောင်သူတွေ မပိရစေဖို့ မြေယာကော်မတီက စီရင်ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို ဘက်ပေါင်းစုံက စဉ်းစားပြီး သင့်တော်တဲ့ မြေယာအငြင်းပွားမှု ဖြေရှင်းတဲ့ စနစ်တရပ် ဖော်ထုတ်ဖို့ လိုနေပါတယ်။
သင့်တော်မယ့်နည်းစနစ်ကတော့ ဖြေရှင်းနည်း နှစ်မျိုး ထားရှိခြင်းပါပဲ။ ပထမ အဆင့်အနေနဲ့ မြေယာကော်မတီများက ကြားဝင်ဖြန်ဖြေပေးခြင်း အဆင့် (Mediation option) နဲ့ တရားရုံးတင်ပြ လျှောက်ထား ဆုံးဖြတ်အနာယူခံခြင်း ( Litigation option) ဆိုပြီး ထားသင့်ပါတယ်။
အချုပ်အားဖြင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံတဲ့မြေယာဥပဒေကနေ ဈေးကွက် စီးပွားရေးကို အထောက်အကူဖြစ်စေမယ့် မြေယာဥပဒေတွေဖြစ်စေဖို့ စနစ်တကျလေ့လာ၊ ပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ပြင်ဆင်သင့်ပါတယ်။ ဒီနေရာမှာ သတိပြုရာမှာ ကတော့ ကျေးလက်နေပြည်သူတွေရဲ့ ၃ ပုံ ၁ ပုံဟာ မြေယာမဲ့တွေဖြစ်နေပြီး မြေလက်ဝယ်ရှိတဲ့ တောင်သူ ၁၅ ရာခိုင်နှုန်းကပဲ ခိုင်မာတဲ့ ဦးပိုင်စာရွက် အထောက်အထားပြနိုင်တော့ သူတို့အတွက် အကျိုးရှိစေမယ့်၊ မြေယာပြုပြင်ရေးကို အထောက်အကူ ပြုမယ့် မြေယာဥပဒေတွေ ဖြစ်စေချင်ပါတယ်။
လက်ရှိမြေယာစစ်တမ်းတွေအရ စီးပွားရေး လုပ်ငန်းရှင်တွေ ရယူထားတဲ့ မြေအများစုဟာ စိုက်ပျိုးအသုံးချမှုမရှိဘဲ မြေလက်ဦးမှုရယူတဲ့ ခေတ်နောက်ပြန်ဆွဲ မြေရှင်၊ ဓနရှင် စနစ်ကို ဦးတည်နေတဲ့အတွက် ဈေးကွက် စီးပွားရေးစနစ်ကို အထောက်အကူ မပြုပါဘူး။ ဒီအစွန်း နှစ်ပါးကို ရှောင်ရှားပြီး မြေယာမဲ့တွေအတွက်ရော၊ အမှန်တကယ် စိုက်ပျိုးရင်းနှီးမြှုပ်နှံမယ့် သူတွေကို အထောက်အကူပြုမယ့် ဥပဒေတွေ ရေးဆွဲသင့်ပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့ရင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်တွေ မအောင်မြင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်နေတဲ့သူ အများစုဟာ မြေယာမဲ့တွေ ဖြစ်နေလို့ပါပဲ။
မှန်ကန်တဲ့မြေယာပြုပြင်ရေး လုပ်နိုင်ဖို့ အရေးတကြီးဆောင်ရွက်ရန် လိုနေတာတွေကတော့ –
၁။ ကျွမ်းကျင်ပညာရှင် စုံစမ်းလေ့လာရေး အဖွဲ့တဖွဲ့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ NGO များမှ ပညာရှင်များနှင့် ဖွဲ့စည်း၍ စုံစမ်းလေ့လာမှုများပြုလုပ်ရန်၊
၂။ ပမာဏ စုံစမ်းတွေ့ရှိချက်များကို ပြည်နယ်နှင့်တိုင်း အလိုက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရန်၊
၃။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) အကူအညီနဲ့ Peer Review Team ဖွဲ့စည်းကာ နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်အကြံပြုရန်၊
၄။ သတင်းစာ၊ တီဗီထဲမှ ဆွေးနွေးခန်းများ ပြုလုပ်၍ ပြည်သူ့အကြံပြုချက်များ ဖြည့်စွက်ရန်။
၅။ လွှတ်တော်ထဲတွင် ဆွေးနွေးအတည်ပြုရန်။
ဒီဟာတွေ အကောင်အထည် ဖော်ဖို့အတွက် အချိန်ကာလအားဖြင့် တနှစ်ခန့်ကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ရန်ပုံငွေကို NGO များနဲ့ ပူးပေါင်းဆောက်ရွက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။
ဦးဝင်းမျိုးသူသည် ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာပေးရေး အဖွဲ့တခုဖြစ်သော Ecodev ကို ပူးတွဲတည်ထောင်သူတဦး ဖြစ်သည်။