ပထမဆုံးအကြိမ် ၈ လေးလုံးငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေအဖွဲ့နဲ့အတူ ပြည်နယ် တိုင်းအသီးသီးက ၈၈ မျိုးဆက်အင်အားစုတွေ၊ နယ်စပ်နဲ့ ပြည်ပက ကျောင်းသားဟောင်းတွေ အတော်များများ တက်ရောက်နိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျနော် ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေ ပြောက်ကျားယူနီဖောင်းဝတ်ပြီး အခန်းအနားတက်နေတဲ့ပုံက ရင်ကို လှှုပ်ရှားစေခဲ့ပါတယ်။
သွားမတက်နိုင်တော့ ထုံးစံအတိုင်း ကိုယ်နေတဲ့အရပ်မှာ အကျဉ်းရုံးကျင်းပတဲ့ ၈ လေးလုံးအခန်းနားကိုပဲ တက်ရတာပေါ့။ ထုံးစံအတိုင်းဆိုတာကတော့ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ဒီလိုပွဲမျိုး ရန်ကုန်မှာ ကျင်းပခွင့်မရသေးတဲ့အတွက် နယ်စပ်ဒေသနဲ့ နိုင်ငံတကာရောက် ၈၈ မျိုးဆက်တွေကပဲ နှစ်စဉ်ကျင်းပလာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဖို့၊ ဆန္ဒပြပွဲအပေါ် ပစ်ခတ်မှုအတွက် တာဝန်ရှိသူတွေကို စုံစမ်းအရေးယူပေးဖို့ ကျယ်လောင်စွာ တောင်းဆိုခဲ့ကြတာကို ဆိုလိုတာပါ။ ပြည်ပအသံလွှင့်ဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာလဲ နယ်စပ်နဲ့ ပြည်ပက အခန်းအနားသတင်းတွေကပဲ ၂၄ နှစ်တာ လွှမ်းမိုးထားခဲ့တာပါ။
အခုတော့ အခြေအနေတွေက ပြောင်းသွားပြီ။ ရန်ကုန်နဲ့ မန္တလေးအပါအဝင် ပြည်တွင်းက နေရာအတော်များများမှာ လွတ်လပ်စွာ ကျင်းပခွင့်ရပြီ။ ပြည်ပက နိုင်ငံရေးတက်ကြွသူ အတော်များများလည်း အဲဒီအခန်းအနားဆီ တက်ရောက်ခွင့်ရနေပြီဆိုတော့ ဒီနှစ်လေလှှိုင်းပေါ်မှာ ပြည်ပက အခန်းအနားအစား မင်းဓမ္မလမ်းက အခန်းအနား သတင်းတွေကပဲ နေရာယူထားခဲ့တာ သဘာဝကျပါတယ်။ ၂၅ နှစ်တာ ကွဲကွာ နေကြရတဲ့ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်တွေ ပြန်တွေ့ကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ တကယ့် ရင်ခုန်ဖွယ်နေ့တွေဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။
သတင်းတချို့လည်း ညီလာခံမတိုင်မီ ထွက်လာခဲ့ပါသေးတယ်။ အစိုးရလူတွေကို ဖိတ်ရပါ့မလားဆိုပြီး ဗကသခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက အခန်းအနား မတက်ဘူးဆိုတဲ့ သတင်းမျိုး။ အလားတူ Facebook ပေါ်က ဝေဖန်ချက်တွေကလည်း အွန်လိုင်းချစ်သူတွေအကြား အတော် အသံကျယ်ခဲ့ပါတယ်။ တကယ်ကတော့ ဒီမိုကရေစီခေတ်မှာ အမြင်မတူတာတွေကို ဒီလိုထုတ်ပြောတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အမြင်မတူတဲ့လူတွေ စုပေါင်းအလုပ်လုပ်နိုင်ခြင်းကိုက ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတခုပဲ မဟုတ်လား။
မတူတဲ့အမြင်တွေကို စုစည်းပြီး ၈ လေးလုံး ငွေရတု ကြေငြာစာတမ်းအဖြစ် ထုတ်ပြန်နိုင်ခဲ့တာကတော့ အတော်ထူးခြားတဲ့ တိုးတက်မှုအဖြစ် ကျနော်မြင်မိပါတယ်။ တခြားသူတွေအတွက်တော့ မသိပါ။ နယ်စပ်ဒေသမှာ ၁၀ နှစ် ကျော်အခြေစိုက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတဦးအနေနဲ့ကတော့ ငွေရတုကြေငြာစာတန်းပါ ”ဖက်ဒရယ် ပြည်ထောင်စု” ဆိုတဲ့အချက်က ကြက်သီးမွေးညှင်းထလောက်တဲ့အထိ ကျနော့်ကို ရင်ခုန်စေပါတယ်။ ‘”ကျွနု်ပ်တို့သည် ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ်ကို ထူထောင်ရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်” လို့ ဖော်ပြထားချက်ဟာ တကယ့် ထူးခြားမှုဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ABSDF အဖွဲ့ရဲ့ ဦးတည်ချက် ၄ ရပ်ထဲက အရေးကြီးဆုံးအချက်တခုပါ။ ၂၅ နှစ်တာအတွင်း ABSDF အဓိက လုပ်နိုင်ခဲ့တာကလည်း ဒီအချက်ပဲဖြစ်တယ်လို့ ဆိုချင်ပါတယ်။ နောက်တခါ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့လို ပုဂ္ဂိုလ်မျိုးတွေကအစ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စတင်သုံးစွဲသံကြားလာရတဲ့အတွက် ဒါတွေဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အနာဂတ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
ဆုံးဖြတ်ချက် ဒုတိယပိုဒ်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထက်ဖော်ပြပါ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနဲ့ မကိုက်ညီတဲ့အတွက် ပြန်ပြင်တာ သို့မဟုတ် အသစ်ပြန်ရေးတာ လုပ်ဖို့လိုတယ်လို့ ဆိုထားပါတယ်။ တတိယပိုဒ်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်လာအောင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော၊ အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်” လို့ လုပ်ငန်းစဉ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။
မေးစရာရှိတာက ဒီဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ဘယ်သူတွေက တာဝန်ယူအကောင်ထည် ဖော်မှာလဲဆိုတာပါပဲ။ ဘာကြောင့်လည်းဆိုရင် အလားတူ ခပ်ဆင်ဆင်တူတဲ့ တိုင်းရင်းသားအင်အားစု အားလုံးပါဝင်တဲ့ ဒုတိယ ပင်လုံ ညီလာခံခေါ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှီက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီဝင်သွားပြီးနောက်ပိုင်းမှာတော့ ဒီကိစ္စ ဘာအသံမှ မကြားရတော့ပါဘူး။ အခု ဆုံးဖြတ်ချက်ကလည်း အဖျားရှုးသွားမှာလား။ ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ဘယ်လို အကောင်အထည် ဖော်ကြမလဲ။
ကျနော်ကတော့ ၈ လေးလုံးငွေရတု အလွန်ဟာ အတိတ်ကို ပြန်ပြောင်းသုံးသပ်ခြင်းနဲ့ အရှေ့ကို မျှော်ကြည့်ခြင်း နှစ်ခုကို ပြိုင်တူသွားသင့်ပါတယ်။ အတိတ်က ပေးဆပ်သူတွေအကြောင်း ဘာမှမပါပဲ အနာဂတ် သက်သက်ကိုသာ အာရုံမပြုသင့်ပါဘူး။ အနာဂတ်မျိုးဆက်တွေ အစဉ်အမြဲ သတိရနေစေဖို့ ၈ လေးလုံး အရေးတော်ပုံအတွင်း ပေးဆပ်သွားသူတွေ၊ ကျဆုံးသွားသူတွေကို မှတ်တန်းတင် ဂုဏ်ပြုထားတဲ့ အမှတ်တရ ကျောက်တိုင် ဖြစ်ဖြစ် ဆောက်လုပ်တာမျိုး လုပ်သင့်ပါတယ်။
အခုထိ လုပ်ပေးဖို့ အစီအစဉ် ရှိတယ်ဆိုတာမျိုးလည်း အသံမကြားရသေးပါဘူး။ ဒီထက် ပိုအရေးကြီးတာက ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်မှတ်တမ်းတင်တာမျိုး၊ သေဆုံးသူတွေအတွက် တာဝန်ရှိသူတွေဖက်က တောင်းပန်တာမျိုးလည်း လုပ်ဖို့လိုမယ် ထင်ပါတယ်။ ဒီလို လုပ်သင့်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့တောင်းဆိုချက်တွေ ထွက်ပေါ်လာပေမယ့် မင်းဓမ္မညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ၊ မှတ်တမ်းတင်ချက်တွေထဲမှာတော့ အတိတ်ကဖြစ်ရပ်အတွက် ဘာမှညွှန်းဆို ဖော်ပြထားတာ မတွေ့ရပါဘူး။
တနည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားတဲ့အခါ အတိတ်ကဖြစ်ရပ် အမှန်တရားကို မဖော်ထုတ်ဘဲနဲ့ အားလုံးကိုမေ့ပစ်ပြီး ဒီတိုင်း ဆက်သွားလို့ ရရဲ့လား။ ရေရှည်မှာ အာမခံချက် ရနိုင်ပါ့မလား။ တောင်အာဖရိကမှာတော့ အမှန်တရားဖော်ထုတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး နှစ်ခုကို တပြိုင်တည်းသွားခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာရော ဘယ်လို သွားသင့်သလဲ။ အနည်းဆုံး ကျဆုံးသွားသူတွေအတွက် အမှတ်တရ ကျောက်တိုင်စိုက်တာမျိုးအတွက်တော့ အငြင်းမပွားသင့်ဘူးလို့ ထင်ပါတယ်။
အနေအထားအရ တောင်အာဖရိကက နည်းနည်း ဝေးပါသေးတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အတိတ်က ဖြစ်စဉ်တွေအတွက် ဘယ်လို မှတ်တမ်းတင် ဂုဏ်ပြုထားသလဲဆိုတာကို လေ့လာသင့်တယ် ထင်ပါတယ်။ ဘန်ကောက်မြို့လယ် မြဘုရားနဲ့ သိပ်မဝေးတဲ့အရပ်က ဒီမိုကရေစီကျောက်တိုင်ကြီးဘေးမှာ ဒီမိုကရေစီရေးအတွက် ဆန္ဒပြရင်း ကျဆုံးသွားသူတွေအတွက် အမှတ်တရ ကျောက်တိုင်တခု စိုက်ထားပါတယ်။ ၁၉၇၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူဦးရေ သန်းတဝက်နီးပါး တက်ရောက်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွဲစဉ် ကျဆုံးသွားသူတွေအတွက် အခုလို အမှတ်တရ ကျောက်တိုင်စိုက်ထားတာပါ။
မှတ်တမ်းတွေအရ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ အဲဒီဆန္ဒပြပွဲအတွင်း ကျဆုံးသူ ၇၀ ကျော် ရှိပြီး ဒီလူတွေအတွက် အမှတ်တရ ကျောက်တိုင် စိုက်သင့် မသင့် အငြင်းပွားခဲ့တာ နှစ် ၃၀ နီးပါးကြာတယ်လို့ ဆိုပါတယ်။ ကျနော် ဘန်ကောက်မှာ နေထိုင်စဉ် ကာလ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ ဒီကျောက်တိုက် အုတ်မြစ်ချနိုင်ဖို့ ကျင်းပတဲ့ပွဲတွေ ကိုယ်တိုင် တက်ခဲ့ဖူးပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ကျောက်တိုင်ကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၇၃ ကနေ ရေတွက်မယ်ဆိုရင် အခင်းဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာမှ အမှတ်တရ ကျောက်တိုင်တခု စိုက်နိုင်ခဲ့တာပါ။
ကျနော်တို့ရော နှစ် ၃၀ အချိန်ယူဖို့ လိုမလား။ သေချာတာကတော့ မြန်မာနိုင်ငံက ၈ လေးလုံး အရေးတော်ပုံဆိုတာဟာ ထိုင်းနိုင်ငံက ၁၉၇၃ အောက်တိုဘာ အရေးတော်ပုံလို ဘန်ကောက်မြို့ တနေရာတည်းမှာ ဖြစ်ခဲ့တာမဟုတ်။ တနိုင်ငံလုံး အနှံ့ ဖြစ်ပွားခဲ့ပြီး ကျဆုံးသူ ထောင်ဂဏန်းနဲ့ချီရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒီအတွက် နှစ် ၃၀ အချိန်ယူဖို့ လိုမယ်ဆိုရင် အခုအခင်းဖြစ်ပြီး ၂၅ နှစ်ကြာတဲ့အချိန် ငွေရတုကာလဟာ စုံစမ်းမှုတွေ၊ ကျဆုံးစာရင်းကောက်ယူမှုတွေ စတင်လုပ်ဆောင်ဖို့ အချိန်ကောင်းတခုဆီ ရောက်နေပြီလို့ ကျနော်ထင်ပါတယ်။