“သင့်ဖခင်ဟာ မီးရထားဘူတာရုံမှာ လက်ဖက်ရည်ရောင်းခဲ့ပါတယ်။ သင့်မိခင်ကတော့ သူများအိမ်မှာ အိမ်အကူလုပ်ပြီး မိသားစုကို ထောက်ပံ့ခဲ့ပါတယ်။ ယခုညမှာတော့ သူတို့ရဲ့သားဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့ ဝန်ကြီးချုပ်အနေနဲ့ ကျနော်တို့ကို ကြိုဆိုဧည့်ခံနေပါတယ်”
အထက်ပါစကားရပ်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် အလည်အပတ်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတအိုဘားမားကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားမှာ သမ္မတအိုဘားမားက ဝန်ကြီးချုပ်မိုဒီရဲ့ အတိတ်နောက်ခံ မိသားစုဘဝ တစိတ်တဒေသအကြောင်းကို လေးစားသမှု ဂုဏ်ပြုထုတ်ဖေါ်ပြောဆိုခဲ့တဲ့ စကားပါ။ ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်လည်း အောက်ခြေလူတန်းစားအလွှာမှ လာခဲ့တဲ့ သူ့ရဲ့ ဘဝနောက်ခံကို မကြာခဏ ဂုဏ်ယူစွာ ထုတ်ဖေါ်ပြောဆိုလေ့ ရှိပါသတဲ့။
ဒီမိုကရေစီစနစ်မှာ လူထုကသာ ကြိုက်နှစ်သက်လို့ မဲပေးရွေးချယ်ခဲ့မယ်ဆိုရင် ဘယ်သူမဆို နိုင်ငံတော်အကြီးအကဲ သို့မဟုတ် အစိုးရအကြီးအကဲ ဖြစ်နိုင်တယ်ဆိုတဲ့ သာဓကကို ထုတ်ပြလိုရင်းဖြစ်ပါတယ်။
လောဘ ဒေါသ မောဟ ကိလေသာမကင်းတဲ့ ပုထုဇဉ်လူသားတို့ နေထိုင်ရာ ဤကမ္ဘာမှာ လိုလေသေးမရှိ အားလုံးပြည့်စုံကောင်းမွန်တဲ့ စနစ်ဆိုတာတော့ မရှိနိုင်တာ သေချာပါတယ်။ ဘယ်စနစ်အကောင်းဆုံးလဲလို့ ငြင်းခုံနေရင်လည်း အချိန်ကုန်ရုံသာ ဖြစ်မှာပါ။ ဒါကြောင့် လူလူချင်း သဘောထားကွဲလွဲမှုကို ဘုံသဘောတူညီမှုတခုရအောင် ဆန္ဒမဲပေးပြီး ဆုံးဖြတ်ကြခြင်းဟာ မျက်မှောက်ခေတ်ကမ္ဘာမှာ လူကြိုက်များတဲ့ ဝါဒလမ်းစဉ်တခု ဖြစ်လာပါတယ်။
ဒီဝါဒလမ်းစဉ်ဟာ တရားမျှတမှုမှာ အခြေခံထားပါတယ်။ တရားမျှတမှုကိုရော ဘယ်လိုစံပေတံနဲ့ တိုင်းမလဲလို့ မေးရင် လူအများစုရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုရဲ့ စံပေတံပဲလို့ ပြောရပါမယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူတွေရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို လူတွေကပဲ တာဝန်ယူရပါမယ်။
ဘယ်လိုပင်အကြောင်းပြပြ လူအများနဲ့ သက်ဆိုင်တဲ့ ကိစ္စကို လူတဦးက သို့မဟုတ် လူတစုက ချယ်လှယ်ဝင်ရောက်ဆုံးဖြတ်ရင်တော့ ဒါဟာ အာဏာရှင်စနစ်သာ ဖြစ်မှာပါ။
သို့သော် တိုင်းပြည်ရဲ့ အရေးအရာကိစ္စတိုင်းကို တိုင်းသူပြည်သားလူအများက အမြဲတမ်း ဆန္ဒပေးဆုံးဖြတ်နေကြရရင်လည်း လက်တွေ့မကျနိုင်တာကြောင့် လူထုကိုယ်စား ဆုံးဖြတ်ချက်တွေချကာ အလုပ်လုပ်ပေးမယ့် နိုင်ငံခေါင်းဆောင်နဲ့ လူထုကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ကြရတာ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင်နဲ့ လူထုကိုယ်စားလှယ်တွေကို ဘယ်လိုရွေးမလဲ။ နိုင်ငံကို ဘယ်လိုမူဝါဒလမ်းစဉ်နဲ့ အုပ်ချုပ်မလဲ စတဲ့ အသေးစိပ်အချက်အလက်တွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးဆွဲပြဌာန်းပြီး အဲဒီအခြေခံဥပဒေအတိုင်း အရွေးချယ်ခံရတဲ့ နိုင်ငံခေါင်းဆောင်နဲ့ လူထုကိုယ်စားလှယ်များက လိုက်နာကျင့်သုံးရတာပါ။
ဒါကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတနိုင်ငံအတွက် အရေးကြီးလှတာကြောင့် နိုင်ငံရဲ့အသက်သွေးကြောလို့ ပြောရတာပါ။
လူအများရဲ့ ဆန္ဒအပေါ်မှာ အဓိကမှီတည်နေတဲ့ ဒီမိုကရေစီစနစ်မှာ အဦးအစ ပင်မအသက်သွေးကြောဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းသူပြည်သားတို့ရဲ့ ဆန္ဒမပါဘဲ လူတဦး သို့မဟုတ် လူတစုက ရေးဆွဲအတည်ပြုထားတယ်ဆိုရင် ပွဲဦးထွက်ကတည်းက လွဲနေပါပြီ။ ဒီအလွဲကို မပြင်ဘဲ အလွဲအတိုင်းထားပြီး ရှေ့ဆက်တိုးနေရင်တော့ ပြဿနာကြီးထွားသထက် ကြီးထွားလာဖို့သာ ရှိပါတယ်။
လူထုဆန္ဒမပါဘဲ ရေးဆွဲထားခဲ့တဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေတာကြောင့် ပြင်ဆင်ပေးဖို့ ပြည်သူတရပ်လုံးက နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုဆန္ဒထုတ်ဖေါ်နေကြတာ ဖြစ်ပါတယ်။
ဘယ်ဥပဒေဖြစ်စေ ထာဝရအမှန်တရား မဖြစ်နိုင်ပါ။ အခြေအနေအချိန်အခါအရ အလျှော့အတင်းလုပ်ကာ ပြုပြင်ပြောင်းလဲရစမြဲသာ။ သို့သော် ၂၀၀၈ အခြေခံဥပဒေကတော့ ပြင်လို့မရအောင် ပုဒ်မ ၄၃၆ နဲ့ ဟန့်တားပိတ်ပင်ထားပါတယ်။ တိုင်းပြည်ကံကြမ္မာဟာ စစ်ခေါင်းဆောင်တွေရဲ့ လက်ခုပ်ထဲကရေလို သွန်လိုသွန် မှောက်လိုမှောက် အနေအထားမျိုးမှာ အမြဲရှိနေအောင် ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။
မတန်တဆ အခွင့်အရေးယူထားတဲ့ စစ်ဗိုလ်ချုပ်တွေ သူတို့ရဲ့ အပေါင်းအပါခရိုနီတွေနဲ့ လူများစု အခြေခံလူတန်းစားအကြားမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ တနေ့တခြား ကြီးမားလာနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ထားရှိခြင်းဟာ ဒီစနစ်ဆိုးအောက်မှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခတွေကို လူးလှိမ့်ခံစားနေရအုံးမယ့်သဘော၊ လူ့အဖွဲ့အစည်းအတွင်းမှာ မတရားမှု မမျှတမှုတွေနဲ့ စိတ်မချမ်းမြေ့ဖွယ် လူမှုဒုက္ခတွေ တိုးပွားများပြားနေအုံးမယ့်သဘောပါ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဒီအကျည်းတန်တဲ့ ဇာတ်လမ်းရှည်ကြီးကို ချက်ချင်းရပ်ပါတော့လို့ တောင်းဆိုချင်ပါတယ်။
မကြာသေးခင်က အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေမှာလည်း ဒီမိုကရေစီနည်းကျ အရပ်သားသမ္မတတွေကို အောင်မြင်စွာ ရွေးကောက်တင်မြှောက်နိုင်ခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတချို့မှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာတဲ့ လက္ခဏာတွေပါ။
မြန်မာနိုင်ငံမှာလည်း လူထုဆန္ဒအစစ်အမှန်နဲ့ ရွေးကောက်တင်မြှောက်ခြင်းခံရသူသာ နိုင်ငံကို ဦးဆောင်ထိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးမားဆုံး လူထုထောက်ခံမှုရရှိထားတဲ့ ခေါင်းဆောင်တယောက် ရှိနေပါတယ်။ ဒါပေမယ့် ထိုလူထုခေါင်းဆောင်ကို နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရအောင် ပုဒ်မ ၅၉ (စ) က ဟန့်တားပိတ်ပင်ထားပါတယ်။ ဒါကြောင့် ပုဒ်မ ၅၉ (စ) ကို ပြင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
ကမ္ဘာမှာ အစစအရာရာ နောက်ကျကျန်နေခဲ့တဲ့ မြန်မာနိုင်ငံကို စစ်မှန်ပြီး ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီစနစ်ဖြင့်သာ တရားမျှတငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မိပါတယ်။
(အရှင်စန္ဒိမာသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့နှင့် မြန်မာနိုင်ငံ ရေးမြို့နယ် အစင်ရွာ မွန်စိန်တောရတို့တွင် သီတင်းသုံးသော သံဃာတပါး တပါးဖြစ်သည်။)












