ခုတလော အမျိုးသမီး ဒု ဝန်ကြီး တယောက်ကို သူ့ လက်ထောက်တယောက်က ထီးမိုးပေးထားတဲ့ ဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီး ဓာတ်ပုံမှာ ထီးကို ကွန်ပြူတာအကူအညီနဲ့ ဖျောက်ပစ်လို့ အဲဒီ ကိုယ်ပျောက်ထီးသတင်းဟာ ဗမာတင်မက ကမ္ဘာမှာပါ ကျော်ကြားသွားခဲ့ပါတယ်။
ယခင်တုန်းကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘား နဲ့တကွ နောက် အမေရိကန် အရာရှိတဦးတို့ ဒေါ်အောင်ဆန်းစုကြည်ကို ထီးမိုးထားပေးထားတဲ့ ဓာတ်ပုံမှာ ဒေါ်စုရဲ့ ရုပ်ပုံကို သတင်းစာမှာ ဖျောက်ဖျက်ပစ်တဲ့ ကိစ္စ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အလယ်က ဒေါ်စုက ပျောက်နေတဲ့အခါ ယောကျၤားကြီးနှစ်ယောက် ထီးတွေကိုင်ပြီး ကြောင်တောင်တောင်နဲ့ မျက်စောင်းချင်းချိတ်နေတဲ့ ရယ်စရာပုံကြီးအဖြစ် ဗမာသတင်းတွေမှာ ပါလာခဲ့ဘူးပါတယ်။
သည် ကိစ္စနှစ်ခုလုံးမှာ သိသာတာက ‘ထီး’ နဲ့ ပတ်သက်လာရင် ဗမာအာဏာပိုင်တွေဟာ သဲသဲလှုပ် အထိမခံဖြစ်တတ်တဲ့ သဘောကို ဖြစ်ပါတယ်။ သည်ကိစ္စဟာ ဗမာအစိုးရတွေ အစဉ်အဆက် အယူသည်းတတ်ကြတဲ့ ယတြာအစီအရင်တွေနဲ့ များဆိုင်နေသလား ဆိုတဲ့ အတွေးသံသယဟာ ကျနော်တို့ အများပြည်သူတွေကြားမှာ ဖြစ်ပေါ်လာပါတယ်။
ကျနော်တို့ မှတ်မိနိုင်သေးရင် ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့မှာ အဲသည်အခါတုန်းက မြန်မာပြည်နံပါတ်တစ် အမျိုးသမီး (First Lady) လို့ ခေါ်ရမှာ ဖြစ်တဲ့ ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင်လာပြီး လောလောလတ်လတ် ထီးတင်ထားတဲ့ ဘုရား ပြိုကျသွားလို့ တနိုင်ငံလုံး ရုတ်ရုတ် ဖြစ်သွားသေးတယ်။ ဘုရားပြိုခါနီး အနီရောင် အလင်းတန်းကြီး ပေါ်လာတယ်တို့၊ အသံကြီး တခု ထွက်ပေါ်လာတယ်တို့၊ ဘုရားကို ပြုပြင်နေတဲ့ အလုပ်သမား အချို့က ပြန်ပြောပြတယ်တို့ စတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။ ဘုရားကလည်း ရိုးရိုး သာမန်ကာလျှံကာ ပြိုကျတာ မဟုတ်ဘူး၊ တစစီ ဖြစ်ကုန်တာလို့ ပြောတယ်၊ ဒေါ်ကြိုင်ကြိုင် ထီးတင်ထားတဲ့ စိန်စီထားသော ထီးတော်ဟာလည်း အပျက်အစီးပုံတွေ ကြားထဲမှာ ရှာလို့မတွေ့တော့ဘဲ ပျောက်ဆုံးသွားခဲ့တယ်။
ထူးဆန်းတာက အဲသည် ဘုရားပြိုတဲ့ကိစ္စဟာ ရိုးရိုးတန်းတန်း ဘာသာရေးဆိုင်ရာ လှူဒါန်းမှု အခမ်းအနားပွဲတခု ပြီးနောက် သူ့သဘာဝအလျောက်၊ ဒါမှမဟုတ် အဆောက်အဦ မွမ်းမံတဲ့သူတွေ လုပ်ကိုင်စီမံမှု ညံ့ဖျင်းလို့ သူ့ဟာသူ ပြိုကျတယ်လို့ ပြောနိုင်ပေမယ့် ဗမာအာဏာပိုင်တွေဟာ ဘုရားပြိုပြီး တင်ထားတဲ့ ထီးပျောက်သွားတဲ့ ကိစ္စကို သတင်း မထွက်ပေါ်လာအောင် အသည်းအသန် လိုက်ပိတ်ပစ်တာပါ။
သတင်းမီဒီယာတွေမှာ ဖော်ပြခွင့် မပေးတာထက်တောင် ဆိုးတယ်၊ အဲသည်ခေတ်အခါဟာလည်း ယခု ဒီမိုကရေစီခေတ်နဲ့ မတူ၊ အာဏာရှင်ကလည်း အာဏာရှင်ခေတ်ဆိုတော့ အဲသည် အချိန်တုန်းက လ္ဘက်ရည်ဆိုင်တွေမှာ ထောက်လှမ်းရေးတွေ အနှံ့ ပတ်စိတ်တိုက် လွှတ်ထားပြီး “ဘုရားပြို ထီးပျောက်” သတင်းကို ပြည်သူတွေကြား မပြောရဲအောင် ခြောက်လှန့်ထားခဲ့တယ်။ ဒါဆို ကျနော်တို့ စဉ်းစားလို့ရပြီ၊ ထီးတင်တဲ့ ကိစ္စဟာ ရိုးရိုးရည်ရွယ်ချက် မဟုတ်ဘူး၊ ထီးဟာ အစိုးရရဲ့ အာဏာတည်မြဲရေးနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အယူနဲ့ လုပ်ဆောင်ခဲ့တာသာလျှင် ဖြစ်ရမယ်။
ကျနော် သည်မှာ ဗမာ ယတြာ အယူအဆ တခုကို မှတ်မိတယ်၊ ယတြာချေတဲ့ နေရာမှာ ဖိနပ်လွှင့်ပစ်တာနဲ့ ဘုရားမှာ ထီးလှူတဲ့ ကိစ္စဟာ အဓိက ပါဝင်လေ့ရှိတယ်။ ဖိနပ်က ကံအညံ့ကို လွှင့်ပစ်တာ၊ ထီးလှူတာက မိမိရဲ့ ဘုန်းကံကို ပြန်မြှင့်တင်တာ၊ တနည်းအားဖြင့် ထီးဟာ “ဘုန်းကံ” (moral authority) ကို ကိုယ်စားပြုတယ်လို့ ယုံကြည်တဲ့ အယူအဆ ရှိပုံရတယ်။ ဗမာစကားမှာ ထီးနန်းဆိုပြီးတောင် အသုံးရှိတယ်လေ။
ဘုန်းကံရှိခြင်းနဲ့ အာဏာရှိခြင်း၊ အာဏာကြီးမားခြင်း၊ ဖြိုဖျက်လို့ မရခြင်းဟာ တထပ်တည်းကျတယ်လို့ ယူဆထားတဲ့ အတွက်ကြောင့်ပါပဲ။ တကယ်က ဘုန်းကံဆိုတဲ့ ဝေါဟာရဟာ အနက်သဘောက အာဏာ ဆိုတာထက် မြှင့်မားတယ်။ အာဏာရှိတဲ့သူကို ဖြိုလို့ရရင်ရမယ်၊ ဘုန်းကံကြီးတဲ့သူကိုတော့ ဖြိုလို့မရဘူး။ သည်အမြင်နဲ့ လုပ်ဆောင်ကြတာဖြစ်တယ်။ သည်လို ဗမာလူမျိုးတချို့ ယတြာတို့၊ ဘုန်းကံတို့ ဆိုတာကို ယုံကြည်တတ်ကြပေမယ့်လည်း ဒါမျိုးလုပ်ရပ်တွေဟာ ဗုဒ္ဓတရားတော်အရတော့ သိပ်အဓိပ္ဗာယ် မရှိပါဘူး။
သြော်၊ ကြုံတုန်း ပြောရဦးမယ်။ ဘုရားပြို ထီးပျောက် ဖြစ်ပျက်တဲ့နေ့ မေလ ၃၀ ရက်နေ့ ဟာ ထူးထူးဆန်းဆန်း ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းကို လုပ်ကြံတဲ့ အရေးအခင်း ဖြစ်ပွားတဲ့ သမိုင်းဝင်နေ့ပဲ။ ဒါဟာ ကျနော့်အတွက်ကတော့ ထူးခြားဆန်းကျယ်တယ် ဆိုတာထက်တောင် မသင်္ကာစရာက ပိုကောင်းတယ်။ ထီးပြိုအောင် မလိုလားတဲ့ လူတွေကပဲ တမင်လုပ်သလား။ အမျိုးသမီးတင်တဲ့ ထီးလေ၊ ဗိုလ်ချုပ်တွေ အရင် ဝန်းရံလိုက်တယ်လေ၊ ပြီး ဖြိုပစ်လိုက်တယ်၊ ထီးကို လုံးဝဖျောက်ပစ်လိုက်တယ်၊ သည်အမျိုးသမီး (The Lady) စစ်ဗိုလ်တွေနဲ့ ဝိုင်းပြီးမှ ထီးပျောက်၊ သူ့ဘုန်းကံတွေ ပျောက်ဆုံး၊ အားလုံး ပြီးနှင့်သွားပြီးပြီပေါ့။ ဘုရားပြိုတဲ့နေ့ဟာ ကျနော်တော့ တော်တော့်ကို မသင်္ကာစရာ ကောင်းနေတာကို တွေ့ရတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ၊ ဗမာအာဏာပိုင်တွေက ထူးထူးဆန်းဆန်း ယတြာအတတ်တွေ အသည်းအသန် စီမံ၊ အယူတွေ သည်းသည်းလှုပ်နေတတ်ကြတာ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို လုံးဝ အယုံအကြည်မရှိတာ ကျနော်တို့အတွက် အားတက်ဝမ်းမြောက်စရာပါ။ သေသေချာချာ စဉ်းစားကြည့်မယ်ဆိုလျှင် ဒါတွေကို ယုံကြည်မိတဲ့ သူဟာ ‘ဘုန်းကံ’နဲ့ စစ်အာဏာကို မှားယွင်းစွာ ထပ်တူပြုလို့ ကိုးကွယ်နေမိမှာပါ။ အဓိကက လက်နက်ကိုင်ပြီး လုပ်ချင်ရာ လုပ်နိုင်တာကို ဘုန်းကံလို့ မှားယွင်းစွာ ယူဆနေကြခြင်းသာလျှင် ဖြစ်ပါတယ်။
(ဒေါက်တာညိုထွန်းသည် အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက် ရှိသော ဖွံ့ဖြိုးရေးဆိုင်ရာ မြန်မာပညာရှင်တဦးဖြစ်သည်)