မြန်မာနိုင်ငံမှာ သန္တာကျောက်တန်းများ မျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိကြောင်း အဏ္ဍဝါသိပ္ပံ သုတေသန အရသိရပါတယ်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီးမှာ ၂ ဧကခန့်ရှိတဲ့ သန္တာကျောက်တန်း တခုထွက်ပေါ်လာခဲ့ပြီး သွားရောက် ဖဲ့ယူသူတွေ အများအပြား ရှိခဲ့တဲ့အပြင် စိုးရိမ်မှု အသံတွေလည်း ကြားနေရပါတယ်။
သန္တာကျောက်တန်းတွေ အဲဒီလိုထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီးလူမှုကွန်ရက်မှာ ဆူနာမီ အငယ်စားဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလကြောင့်ပြည်သူတွေစိုးရိမ်ခဲ့ကြတယ်။
ဒါ့ကြောင့် သန္တာကျောက်တန်းတွေ ဖြစ်ပေါ်လာခြင်း၊ ပျက်စီးခြင်းတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံ ဌာန အငြိမ်းစား ပါမောက္ခ ဒေါ်နန်းမြဟန် ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ သန္တာကျောက်တန်းတွေအကြောင်းကိုအရင်ဆုံးရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ သန္တာကျောက်တန်းများ (coral) ကို ရခိုင်ကမ်းမြောင်ဒေသနဲ့ တနင်္သာရီကမ်းရိုးတန်းစတဲ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင် ကျွန်းအများစုအနီးမှာ တွေ့ရှိရနိုင်ပါတယ်။
သန္တာ Coral သည် ကျောက်မဟုတ်ပါ။ စုပေါင်းနေထိုင်ကြတဲ့ ပင်လယ်သက်ရှိ အကောင်ငယ်လေးတွေ ဖြစ်ပြီးအဓိကအားဖြင့် Hard Coral နှင့် Soft Coral ဆိုပြီး ၂ မျိုးရှိတယ်။ Hard Coral (ထုံးဓာတ်စစ်ထုတ် နိုင်သောသန္တာနှင့် Soft Coral (ထုံးဓာတ်မစစ်ထုတ်နိုင်သောသန္တာ)တို့ဖြစ်တယ်။
Calcium ခေါ်ထုံးဓာတ်စစ်ထုတ်နိုင်သော သန္တာများသေဆုံးသွားတဲ့အခါ ထုံးဓာတ်ကြောင့် ပုံသဏ္ဍန်မပျက် ကျန်ခဲ့ပြီး ထုံးဓါတ်မစစ်ထုတ်နိုင်တဲ့ သန္တာများ သေဆုံးသွားတဲ့အခါ ဘာမှမကျန်ခဲ့တော့ဘူး။ ထုံးဓါတ်စစ်ထုတ်နိုင်တဲ့ သန္တာတွေရဲ့ စုပေါင်းနေထိုင်ကြတဲ့ အလေ့အထကြောင့် တွေ့ရတဲ့အစုအဖွဲ့ကြီးကို သန္တာကျောက်တန်းလို့ တင်စားခေါ်ဝေါ်တာဖြစ်တယ်။
သန္တာ Coral တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် ကမ္ဘာ့အပူပိုင်းဒေသကမ်းခြေများ (တောင်မြောက်လတ္တီတွဒ် ၃၀ ဒီဂရီကြား) အပူလျော့ဒေသကမ်းခြေများနှင့် တချို့သမပိုင်း ဒေသကမ်းခြေတွေမှာ နေထိုင်ရှင်သန်ကြပါတယ်။ အဏ္ဏဝါရဲ့အဓိကဂေဟစနစ်တွေထဲမှာ သန္တာကျောက်တန်း ဂေဟစနစ်တခု အပါအဝင်ဖြစ်ပြီး အဖိုးတန် ဇီဝမျိုးကွဲပေါင်း မြောက်များစွာ မှီတင်းနေထိုင်ကြတယ်။
မေး ။ ။ သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးသွားမယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ IUCN နှင့် မြန်မာနိုင်ငံမှ အဏ္ဏဝါသိပ္ပံပညာရှင်များရဲ့ လေ့လာ တိုင်းတာချက်အရ ၂၀၁၅ ခုနစ်မှာ သန္တာကျောက်တန်းတွေရဲ့ ပျက်စီးမှုက ၅၈ ရာခိုင်နှုန်း ရှိပါတယ်။
သန္တာကျောက်တန်းတွေ ပျက်စီးသွားရင် သန္တာကျောက်တန်း ဂေဟနစ်ကို မှီတင်းနေထိုင်ကြတဲ့ ငါးသယံဇာတ အပါအဝင် အဖိုးတန် ဇီဝမျိုးကွဲပေါင်းမြောက်များစွာနဲ့ အဏ္ဏဝါဝန်းကျင်ကိုပါ ပျက်စီးဆုံးရှူံးသွားစေနိုင်တယ်။ ဒီလိုပျက်စီးသွားရင် စားသုံးသူမှအစနို င်ငံတော်ရဲ့ဝင်ငွေကိုပါထိခိုက်စေပါတယ်။
အကယ်၍ဒီဂေဟစနစ်သာပျက်စီးခဲ့ရင် ကမ်းခြေဒေသရဲ့ အဓိကစီးပွားရေး လုပ်ငန်း ၁ ခုဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ဖွံ့ဖြိုးဖို့အားယူနေတဲ့ ပင်လယ်ပြင် ခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်း အချို့ကို ထိခိုက်မှုကြီး စွာဖြစ်ပေါ်စေမှာဖြစ်တယ်။
မေး ။ ။ သန္တာကျောက်တန်းတွေရဲ့ ပျက်စီးမှုကအခြေအနေကဘယ်လိုရှိသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ သန္တာကျောက်တန်းများကို တနင်္သာရီတိုင်းမှာ အများဆုံး (မျိုးစိတ် ၃၀၀ ကျော်ခန့်) တွေ့ရှိရပြီး ဒုတိယ အများဆုံးကို ရခိုင်ကမ်းရိုးတန်းမှာ တွေ့ရပါတယ်။ အဏ္ဏဝါသိပ္ပံ သုတေသနအရ မြန်မာနိုင်ငံကမ်းရိုးတန်းတလျှောက်မှာ မျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိတယ်။
ရာသီဥတုပြောင်းလဲတာကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့သန္တာကျောက်တန်းတွေ ပျက်စီးမှုက တနှစ်ထက်တနှစ် ပိုမိုဆိုးလာပါတယ်။ သန္တာကျောက်တန်းတွေ ပျက်စီးမှုပိုမိုဆိုးလာရခြင်းရဲ့ အဓိကမှာ လူ့ပယောဂကြောင့်ဖြစ်ပြီး ကျန်တဲ့အကြောင်းတွေက ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်နဲ့ ငါးအလွန်အကျွံ ဖမ်းတာစတဲ့ အချက်တွေကြောင့်ဖြစ်တယ်။
မေး ။ ။ လူတွေအနေနဲ့ သန္တာကျောက်တန်းတွေကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ။
ဖြေ ။ ။ သန္တာကျောက်တန်းဖြစ်တည်နိုင်တဲ့ ပင်လယ်ပြင်မှာ အစာကွင်းဆက်သံသရာ ရှိပါတယ်။ အဲဒါက ဒီရေတောမှာ မျိုးပွားကြတဲ့ အရွယ်ရောက်လာတဲ့အခါ သန္တာကျောက်တန်းတွေဆီကို ဖြန့်ကျဲထွက်ခွာကြပြီး သန္တာကျောက်တန်းတွေမှာ ၎င်းတို့ရဲ့အစာအတွက် မှီခိုကြရပါတယ်။
သန္တာကျောက်တန်းကို မှီခိုတဲ့ coral fish တွေမှာ အရွယ်အစား ငယ်စဉ်ကြီးလိုက် အဆင့်ဆင့် စားသောက် ရှင်သန်ကြီးထွားကာ ရေသတ္တဝါတွေ ပေါက်ဖွား ပေါများကြပါတယ်။
ထိုအစာကွင်းဆက်မှာ ပင်လယ်ပင် အတွင်းရှိ ငါးသယံဇာတများကို ကြွယ်ဝစေတဲ့ အစာကွင်းဆက်ဖြစ်လာတယ်။ ရေလုပ်ငန်းအတွက် အဓိကအားကိုးအားထားပြုမယ့်အရာက သန္တာကျောက်တန်းဂေဟစနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့ ပင်လယ်ငါးဖမ်း လုပ်ငန်းမှာ သန္တာကျောက်တန်း ဂေဟစနစ်ဖြစ်တဲ့ သန္တာကျောက်တန်း၊ ဒီရေတောနဲ့ ပင်လယ်မြက်တို့ တည်ရှိနေမှုအပေါ်မှာ အများကြီးမှီခိုနေပါတယ်။
ဒီဂေဟစနစ်ပျက်စီးခဲ့မယ်ဆိုရင် ရေလုပ်ငန်းကိုလည်း ထိခိုက်မှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
သန္တာကျောက်တန်း ဂေဟစနစ်ဟာ ရေလုပ်ငန်းအတွက်သာမက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းဖြစ်တဲ့ Snorkeling နဲ့ Scuba Diving ပြုလုပ်ခြင်းတို့အတွက်ပါ အသုံးဝင်တဲ့ ဂေဟစနစ်တခုပါ။ အဲဒါအပြင် ဒီဂေဟစနစ်မှာ ပါဝင်တဲ့ ဒီရေတောဟာလည်း creative ပြုလုပ်နိုင်ရင် ခရီးသွားလုပ်ငန်း အတွက်သာမက စိုက်ပျိုးရေးလုပ်ငန်း အတွက်ပါ အသုံးချလို့ရနိုင်ပါသေးတယ်။
ဒါကြောင့်သန္တာကျောက်တန်း ဂေဟစနစ်မှာပါဝင်တဲ့ အရာအားလုံးကို အဲဒီပတ်ဝန်းကျင်မှာ ရှိနေတဲ့သူအားလုံး အနေဖြင့် မပျက်စီးစေဖို့ ကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်ပါတယ်။
မေး ။ ။ သန္တာကျောက်တန်းတွေ ရေရှည်တည်ရှိနေဖို့ ဘာတွေလုပ်သင့်တယ်။ ဘယ်လိုပြုမူနေထိုင်သင့်တယ် ဆိုတာအကြံပြုပေးပါဦး။
ဖြေ ။ ။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေရဲ့ coral spore တွေကို ဓာတ်ခွဲခန်း အတွင်းမှာ မွေးမြူပြီး ကြီးကောင်စ တင်ဝင်ရောက်လာတာနဲ့ တွယ်ကပ်ဖို့ အိမ်ဖန်တီးပေးကာ တွယ်ကပ်စေပြီး သဘာဝပင်လယ်ပြင်ထဲကို ပြန်လည်စိုက်ထည့်နိုင်ချိန်မှာ ပြန်လည်စိုက်ထည့်ပေးပြီး သန္တာကျောက်တန်းတွေကို ပြန်လည်ထိန်းသိမ်းနေပါတယ်။ coral တွေကိုမွေးမြူမယ်ဆိုရင် မွေးမြူနည်းစနစ်မှန်ကန်ဖို့ အထူးအရေးကြီးပါတယ်။
မေး ။ ။ သန္တာကျောက်တန်းတွေက ရုတ်တရက်ပေါ်လာတတ်လား။ တကယ်လို့ ရုတ်တရက်ပေါ်လာရင် မြေအောက်မြေလွှာ လှုပ်ရှားမှုပြင်းထန်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ သန္တာ coral ကကျောက်မဟုတ်ပါ။ စုပေါင်းနေထိုင်တဲ့ ပင်လယ်သက်ရှိ အကောင်ငယ်လေးတွေဖြစ်ပြီး စတင်မွေးဖွားချိန်မှစ၍ နှစ်စဉ်ကြီးထွားနှုန်းမှာ ၁ နှစ်ကိုစင်တီမီတာခန့်သာ ရှိတာကြောင့် ၁၅ နှစ်ဝန်းကျင်ခန့်မှသာ ဖွံ့ဖြိုးတဲ့ သန္တာကျောက်တန်းတွေကို ဖြစ်တည်စေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ သန္တာကျောက်တန်းတွေ ဘွားကနဲ ပေါ်လာရန်လုံးဝ၊ လုံးဝမဖြစ်နိုင်သလို မြေအောက်မြေလွှာ လှုပ်ရှားမှုနှင့် သက်ဆိုင်ခြင်းလုံးဝ၊ လုံးဝ မရှိဘူးလို့ပြောလို့ရတယ်။
ရာသီဥတုပုံမှန် အချိန်တွေရေဖုံးလွှမ်းနေတဲ့ သန္တာကျောက်တန်းတွေ ရေခမ်းချိန်မှာ ပေါ်လာတာဖြစ်ပြီး ဒီဖြစ်စဉ်ကရေငတ်ဒဏ် မခံနိုင်တဲ့ သန္တာမျိုးစိတ်တွေကို သေစေနိုင်သလို သန္တာမျိုးစိတ်တွေ အကြောင်း ကောင်းစွာနားမလည်တဲ့ လူသားတွေရဲ့ပယောဂ အမျိုးမျိုးကြောင့်လည်း သန္တာကျောက်တန်းတွေရဲ့ဂေဟစနစ်ကိုထိခိုက်နိုင်ပါတယ်။
You may also like these stories:
သန္တာကျောက်တန်း ဂေဟစနစ် ပျက်စီးပါက ရေလုပ်ငန်းကို ထိခိုက်နိုင်
အိန္ဒိယမှာ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ကျိုင်းကောင် ကျရောက်မှု ကြုံနေ
သြစတြေးလျမှာ ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံး မုန်တိုင်း ဝင်ရောက်