• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

NLD အဂတိ တိုက်ဖျက်ရေး ဒေါ်လဲ့လဲ့မော် စံပြ ဖြစ်သွားလား

by ဇူးဇူး
28 May 2020
in ဆောင်းပါး
A A
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်  / ဧရာဝတီ

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် / ဧရာဝတီ

47.7k
VIEWS
Share on FacebookShare on Twitter

“ဒေါက်တာ လဲ့လဲ့မော်ကို ထောင်ဒဏ် ချမှတ်လိုက်ရုံနဲ့ ဒီအစိုးရအဖွဲ့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စိတ်ပါ လက်ပါ ဆောင်ရွက်နေတယ်လို့ တခါတည်း မှတ်ချက် ချလိုက်လို့တော့ မရဘူး” လို့ သုံးသပ်ပြောဆိုလိုက်သူက ရန် ကုန် စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီ ဝန်ကြီးချုပ် ဟောင်း ဒေါက်တာ လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတာနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ တရားစွဲဆို အရေးယူ ခံရတဲ့သူတွေအနက် ရာထူးအမြင့်ဆုံးလည်း ဖြစ်ပါတယ်။

သူဟာ NLD ပါတီဝင် တဦးဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်း မြို့ နယ် မဲဆန္ဒနယ်အမှတ်(၁) ကနေ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် တနင်္သာတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ၃ နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အဂတိလိုက်စားမှု

၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ ဒေါက်တာ လဲ့လဲ့မော်ကို ရာထူး အာဏာလုပ်ပိုင်ခွင့် သုံးပြီး နိုင်ငံ့ ဘဏ္ဍာ အလွဲသုံးစားပြုတယ်လို့ ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် မ ၅၅ နဲ့ အမှု ၄ မှုခွဲပြီး တရားစွဲဆိုခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒေါက်တာ လဲ့လဲ့မော်ကို တနင်္သာရီဝန်ကြီးချုပ် ရာထူးကနေ တာဝန်ရပ်စဲကြောင်း၂၀၁၉ မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တနင်္သာရီတိုင်း တရားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း အမှုကို ရုံးချိန်းပေါင်း ၆၀ ကျော်နဲ့ ၁ နှစ်ကျော် အကြာ စစ်ဆေးအပြီးမှာတော့ အလုပ်နဲ့ထောင်ဒဏ် နှစ် ၃၀ တပေါင်းတည်း ကျခံဖို့၊ အမှုမှာ ပါဝင်ခဲ့တဲ့ သရက်ချောင်းက သူပိုင်တဲ့ နေအိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်ဆည်းဖို့ မေလ၂၂ ရက်မှာ အမိန့်ချလိုက်ပါတယ်။

အမှု ၄ မှုအတွက် ၁ မှုကို ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် ဖြစ်ပေမယ့် တတိယနဲ့ စတုတ္ထအမှုတို့ကို တပေါင်းတည်း ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်လို့ အမှု ၄ ခုပေါင်း အတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ကျခံရမှာ ဖြစ်ပြီး အမှု ရင်ဆိုင်နေစဉ် ချုပ်ရက် ၁ နှစ်ကျော်ကို ထုတ်နုတ် ခံစားခွင့် ပြုထားပါတယ်။

ဒေါ်လဲ့လဲ့မော်ဘက်က ရက်ပေါင်း ၉၀ အတွင်း အယူခံတက်ခွင့် ရှိတာကြောင့် အထက်တရားရုံးတွေမှာ တမျိုးတမည် ပြောင်းလဲသွားနိုင်ပါသေးတယ်လို့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဘာတွေ ကျူးလွန်ခဲ့လဲ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အမှု ၄ မှု ခွဲပြီး တရားစွဲ ဆိုခဲ့ရာမှာ ပထမ အမှုက လမ်းဦးစီးကို ဘဏ္ဍာငွေ (ကျပ်ငွေ၂ ဘီလီယံခန့်) တလုံးတခဲတည်း ချပေးမှုနဲ့ ခင်ပွန်း နာမည်နဲ့ ဝယ်ထားတဲ့ မြေကို ခြံစည်းရိုး ကာခိုင်းမှု၊ ဒုတိယအမှုက ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းမှု (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံ ရန်ပုံငွေ ကျပ် သိန်း ၄၀၀၀ ကို အသုံးပြုခဲ့) တို့ ဖြစ်ပါတယ်။

တတိယ အမှုမှာ Global Grand Services Co.Ltd (GGS) ကုမ္ပဏီက ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်မှုနဲ့ စတုတ္ထအမှုကတော့ မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီအား ရောင်းမှု (ငွေကျပ် သိန်း ၂၀၀၀ ဖြင့်)နဲ့ အဲဒီ ကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့် ချပေးခဲ့မှုတို့ပဲ ဖြစ်ပါတယ်။

GGS ဆိုတာ ထားဝယ်ဒေသအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး အဲဒီက တာဝန်ရှိသူတွေကိုတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ (အဂတိ ကျူးလွန်ဖို့ လှုံ့ဆော်မှု၊ ပူးပေါင်းကြံစည်မှု)နဲ့ တရားစွဲခဲ့ပါတယ်။

တတိယနဲ့ စတုတ္ထအမှု အတွက် GGS ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးသိန်းထွေးနဲ့ ဒါရိုက်တာ ဦးအောင်မြတ်ကို ၁၀ နှစ်စီ တပေါင်းတည်း ကျခံရန်နဲ့ စတုတ္ထအမှုမှာ ပါဝင်တဲ့ GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံ ကိုတော့ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါဟာ NLD အစိုးရလက်ထက် လာဘ်ပေးသူတွေကိုပါ အရေးယူလိုက်တဲ့ ပထမဆုံး ဖြစ်စဉ်လို့လည်း ဆိုနိုင်ပါတယ်။

အဂတိ ဥပဒေအရဆိုရင်တော့ လာဘ်ပေးသူရော၊ လာဘ်ယူသူရော အပြစ်ရှိတာ ဖြစ်ပေမယ့် အမှုဖြစ်စဉ် အနေ အထားပေါ် မူတည်ကာ တခါတရံ လာဘ်ပေးသူ (ကြံရာပါ)ကို ကင်းလွတ်ခွင့်ပေးပြီး သက်သေအဖြစ် ဆွဲသွင်းရတာ မျိုးတွေ ရှိတယ်လို့ တရားလွှတ်တော်ရှေ့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ထောင်ဒဏ် နှစ် ၃၀

တိုင်းဒေသကြီးတခုရဲ့ အမြင့်ဆုံး ရာထူးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း တဦးအပေါ် အခုလို ထောင်ဒဏ်နှစ်ရှည် ချလိုက်မှု ဟာ ပြည်သူလူထုကြား အံ့အားသင့်စေခဲ့သလို ဝိဝါဒ ကွဲပြားတဲ့ သဘောထား မှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါ တယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကတော့ တရားရုံးရဲ့ အမိန့်နဲ့ပတ်သက် လို့ သီးခြားမှတ်ချက် ပေးစရာ မရှိပါဘူးလို့ ဆိုပါတယ်။

ဒေါက်တာလဲ့လဲ့မော်နဲ့ ပတ်သက်တဲ့ တိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိတဲ့အခါ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေးပေါ်ပေါက်ချက်တွေ အရ တရားစွဲတင်ပို့ခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ သက်ဆိုင်ရာ တိုင်းတရားလွှတ်တော်က စိစစ်ပြီးတဲ့အခါ စစ်ဆေးပေါ်ပေါက်လို့ အခုလို အမိန့်ချမှတ်ခဲ့ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဥပဒေရှုထောင့်အရ ကြည့်ရင် ထောင်ဒဏ် နှစ် ၃၀ ဟာ နည်းလွန်း၊ များလွန်းတဲ့ ပြစ်ဒဏ် မဟုတ်ဘဲ ထိုက်သင့်တဲ့ ပြစ် ဒဏ်ဖြစ်သလို အမှု အများကြီး ဖွင့်ထားတာမို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တရားရုံးက သူ့ရဲ့လုပ်ပိုင်ခွင့် ဘောင်အ တွင်းကနေ မှန်ကန်သင့်မြတ်တဲ့ ဆုံးဖြတ်ချက်ကို ချသွားတာလို့ ဒေါက်တာ ညိုညိုသင်းက မှတ်ချက်ပြုပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို တရားစွဲခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားပါက ၁၅ နှစ် ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တာ ဖြစ်ပါတယ်။

တချို့သော ဒေသခံတွေကြားမှာတော့ ကျူးလွန်ခဲ့တဲ့သူဟာ ဒေါက်တာလဲ့လဲ့မော် တယောက်တည်း မဟုတ်ဘူးဆိုရင် အခုလို အပြစ်ဒဏ်ကျခံရမှုက မနစ်နာဘူးလားဆိုတဲ့ သံသယနဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ထားဝယ်ဒေသခံ တဦးဖြစ်တဲ့ ကိုဝေဖြိုးက “လက်ရှိ အခြေအနေအရ ဝန်ကြီးချုပ်က တဦးတည်း ခံသွားတဲ့ အနေအ ထား တွေ့ရတယ်။ ဒီလို အဂတိ လိုက်စားမှုနဲ့ပတ်သက်ပြီး ဆက်စပ်နေတဲ့သူတွေကို ဒီထက်မက ဖော်ထုတ်နိုင်စေချင် တယ်။ လက်ရှိ ဒီအမှုကတော့ ပြီးသွားပြီဖြစ်လို့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတဲ့ ပုံစံမျိုးရှိတယ်” လို့ ဆိုပါတယ်။

ဒါဟာ နောက်ထပ် တက်လာမယ့် ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဂတိ မကျူးလွန်ဖို့ သတိ ထားမိကြစေမယ့် နမူနာဖြစ်သလို ပြည်သူလူထုအနေနဲ့လည်း နောက်ပိုင်း တက်လာမယ့်သူတွေကို ဒီထက်မက ပိုပြီး မျက်ခြေမပြတ် စောင့်ကြည့်တဲ့ ပုံစံမျိုးတွေ ရှိလာလိမ့်မယ်လို့ သူက ပြောပါတယ်။

အမျိုးသမီးတယောက်လည်းဖြစ်၊ ဒေါက်တာ တယောက်လည်းဖြစ်တဲ့ ဒေါ်လဲ့လဲ့မော် အနေနဲ့ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရ တဲ့အတွက် အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူလူချင်း ကိုယ်ချင်းစာစိတ်ဖြင့် စိတ်မကောင်းဘူးလို့လည်း သူက ဆိုပါတယ်။

“ဒါပေမယ့် တရားဥပဒေ စိုးမိုးရေးအရ ပြစ်ဒဏ်ကတော့ ခံရမှာပေါ့။ ဒီဖြစ်ရပ်ကြောင့် နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ဟာတွေလည်း တပ်ဆုတ်သွားနိုင်တယ်” လို့ ကိုဝေဖြိုးက ဆိုပါတယ်။

စံပြလား ဟန်ပြလား

အခုလို ဝန်ကြီးချုပ် အဆင့်ရှိတဲ့ ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ အရေးယူ အပြစ်ပေးလိုက်ခြင်းက စံပြ အနေနဲ့လို့ မှတ်ယူသူတွေ ရှိသလို တချို့ကလည်း ဒါဟာ ရွေးကောက်ပွဲနီးလို့ ဟန်ပြ ချလိုက်တာ ဖြစ်ပြီး မကြာခင် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာမှာပဲလို့ ယူဆတဲ့သူတွေလည်း ရှိနေပါတယ်။

နိုင်ငံရေး ပါတီတွေဟာ တရားစီရင်ရေးနဲ့ သီးခြားလွတ်ကင်းအောင် နေသလို တရားစီရင်ရေးကလည်း လွတ်လပ်စွာ တရား စီရင်နေတာဖြစ်လို့ ဒေါက်တာလဲ့လဲ့မော် ကိစ္စမှာလည်း သူ့အလုပ်သူ လုပ်သွားတာပါလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

“တရားစီရင်ရေး ရလဒ်ကို နိုင်ငံရေး အကျိုးအမြတ်အတွက် ဘယ်သောအခါမှ သုံးမှာ မဟုတ်ပါဘူး” လို့လည်း သူက ပြတ်သားစွာ ပြောဆိုပါတယ်။

NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ရွေးကောက်ပွဲနီးလို့ လုပ်ပြနေတာ မဟုတ်သလို အခုကိစ္စဟာလည်း ရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူးလို့ ဆိုပါတယ်။

အခုလို အရေးယူ အပြစ်ပေးလိုက်ခြင်းက ဥပဒေဟာ ကျောသား၊ ရင်သား မခွဲခြား၊ မျက်နှာကြီး/ငယ် မရွေးဘူး ဆိုတာကို စံနမူနာပြ လုပ်သွားတာလို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

အဂတိ အမှုတွေမှာ အများအားဖြင့် သိပ်အရေးမပါတဲ့ လူတွေ၊ အဂတိ ဂိုဏ်းကြီးတခုလုံးမှာမှ အားပျော့တဲ့ ကွင်းဆက်နေရာက သူတွေလောက်ကိုသာ အရေးယူခဲ့တာမျိုး ရှိတယ်လို့ အဂတိအမှုတွေ လိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ အရ သူက ပြောပြပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
561
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131

“ဒါကတော့ အဲဒီထဲမှာ ငါးတော်တော်ကြီးတယ် ပြောရမှာပေါ့။ ဒါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကောင်းတဲ့ အလားအလာ ဖြစ်ပါတယ်” လို့ သူက မှတ်ချက်ပြုပါတယ်။

ထောင်ဒဏ်နှစ်ရှည်က တရားမျှတရဲ့လား

အရင်အစိုးရ လက်ထက်တုန်းက တိုင်းပြည် ဘဏ္ဍာတွေကို ယူသုံးပြီး မပေးဘဲနဲ့ အတင်းအကျပ် တောင်းတဲ့အခါကျမှ အရစ်ကျ ပြန်ပေးမယ် ဆိုသူတွေကို အရေးမယူနိုင်ဘဲနဲ့ ဒေါ်လဲ့လဲ့မော်ကို အရေးယူတာဟာ တရားမျှတမှု ရှိပါ့မလား စဉ်းစားမိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေလက်ထက် ပျောက်ဆုံးခဲ့တဲ့ ရေနံလက်ယက်တွင်း လုပ်ငန်း တွေကနေ ရရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ကျော်နဲ့ ပတ်သက်လို့ တစုံတရာ အရေးယူခဲ့တာမျိုး မရှိ ဘဲ လက်ရှိ အစိုးရအဖွဲ့ထံ အရစ်ကျ ပြန်လည်ပေးသွင်းတဲ့ အပေါ် သူက ဝေဖန်ထောက်ပြတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ NLD အစိုးရ တက်လာပြီး ၁ နှစ်လောက်မှာ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ကျပ်သန်း ၇၀၀၀ ကျော် ပျောက် ဆုံးနေမှုကို အထူးစုံစမ်းစစ်ရေး အဖွဲ့(စစစ)က စစ်ဆေးပြီးနောက် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ကို လက်ရှိအစိုးရသစ် ထံ ပြန်လည်ပေးအပ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်မှာ စိုးလို့ ဝန်ကြီးချုပ်ဟောင်းကျ အရစ်ကျ ပြန်ပေးစေ။ ဒေါက်တာလဲ့လဲ့ မော်ကျ တရားရုံးတက် နှစ် ၃၀ ပြစ်ဒဏ်ကျစေ ဆိုတာမျိုးက မသင့်တော်ဘူးလေ။ ဒါဟာ ရှေ့နောက် မညီညွတ်တဲ့ ကိစ္စတွေပဲ” လို့လည်း ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အစိုးရအဟောင်း လက်ထက်ကဖြစ်စေ၊ အစိုးရသစ် လက်ထက်ဖြစ်စေ ကျူးလွန်တဲ့ ကိစ္စမှန်သမျှ အရေးယူရမှာ ဖြစ်သလို အရင်အစိုးရ လက်ထက်က မျက်နှာကြီးငယ် လိုက်ခဲ့လို့ အရေးမယူ ခဲ့တဲ့ ကိစ္စတွေ ရှိတယ်ဆိုရင်လည်း အခုအစိုးရအနေနဲ့ ဖော်ထုတ်ပြီး တရားစွဲဆို အရေးယူနိုင်တဲ့ အခွင့်အာဏာ ရှိ တယ်လို့ သူက ပြောပါတယ်။

“အရင်အစိုးရက မလုပ်ခဲ့တာ သူတို့ရဲ့ သမိုင်းဖြစ်လို့ ပြည်သူလူထုကလည်း ဒဏ်ခတ်ပြီးသွားပြီ။ အခု အစိုးရက သူ တို့ရဲ့ သမိုင်း မရိုင်းရအောင် လုပ်ဖို့ တာဝန်ရှိတယ်။ အခုအစိုးရက အရင်အစိုးရ လုပ်ခဲ့သလို လိုက်လုပ်နေလို့ မရဘူး။ အရင် အစိုးရလုပ်သလို လိုက်လုပ်မယ်ဆိုရင်တော့ အရင်အစိုးရ ဖြစ်သလို အခု အစိုးရလည်း ဖြစ်မှာပဲ” လို့ သူက သတိပေးပါတယ်။

မကွေးဝန်ကြီးချုပ်ဟောင်း ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးက “ဝေဖန်မှုတွေကတော့ ဒီမိုကရေစီခေတ်မှာ လွတ်လွတ်လပ်လပ် ဝေဖန်ကြမှာပဲ။ အား နည်းချက်၊ အားသာချက်ဆိုတာက ရှိကောင်းရှိနိုင်မှာပေါ့” လို့ မှတ်ချက်ပေးပါတယ်။

အစိုးရတခုဆိုတာ ဖြစ်ရပ်တခုတည်းနဲ့ နှိုင်းယှဉ်လို့မရဘဲ တိုင်းပြည်နဲ့လူမျိုး၊ နိုင်ငံသားတွေအပေါ် ဘယ်လောက်ထိ ကောင်းထားခဲ့သလဲ၊ ကောင်းနိုင်ခဲ့သလဲ ဆိုတာမျိုးတွေနဲ့ အစုအဖွဲ့လိုက် နှိုင်းယှဉ်ဖို့ လိုလိမ့်မယ်လို့လည်း သူက ပြော ပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ရဲ့ အမှုနဲ့ပတ်သက်လို့ သူ့ရဲ့ တသီးပုဂ္ဂလ အမြင်က “ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆို ကျော သားရင်သား မခွဲခြားဘဲ တန်းတူ ဆောင်ရွက်မယ်ဆိုရင်တော့ ဒါ ကြိုဆိုရမှာ ဖြစ်ပါတယ်။ အခုဟာကတော့ ပြည်သူ့ အသံတွေ အရမ်းထွက်လာတဲ့အခါမှာ မလွဲမရှောင်သာ အရေးယူ ဆောင်ရွက်မှုလို့ပဲ မြင်ပါတယ်” လို့ ဆိုပါတယ်။

အရေးယူရာမှာ ခွဲခြားမှုတွေရှိနေသလား

ဒေါက်တာလဲ့လဲ့မော်ကို ပြစ်ဒဏ် ချမှတ်လိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက် အလားတူ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ အရေးယူမှု မရှိတဲ့အပေါ်မှာ ဝေဖန်ထောက်ပြ မှုတွေ တပြိုင်တည်း ပေါ်ထွက်လာပါတယ်။

ဒေါက်တာ ညိုညိုသင်းက တနင်္သာရီဝန်ကြီးချုပ်ဟောင်း အမှုဟာ နိုင်ငံတော် အတိုင်ပင်ခံထိ နားပေါက်သွားလို့ အရေး ယူခံရတယ်လို့ ပြောကြရင် တခြားကိစ္စတွေမှာ ဒီလိုနားပေါက်တာမျိုး ရှိပေမယ့် အရေးမယူခံရတာမျိုးက ရှေ့နောက်မ ညီညွတ်တဲ့ ဖြစ်စဉ်တွေပဲလို့ ထောက်ပြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးခင်မောင်ချိုတို့ ဖြစ်စဉ်တွေနဲ့ သူက ဥပမာ ပေးပါတယ်။

“ဒီပြည်ထောင်စုဝန်ကြီး နှစ်ပါးရဲ့ ဖြစ်စဉ်မှာကြည့်ရင် တနင်္သာရီ ဝန်ကြီးချုပ်ရဲ့ ဖြစ်စဉ်တွေလိုမျိုး တချို့ကိစ္စတွေမှာဆို ပမာဏ ပိုတောင်များသေးတယ်။ ဒီလို အချက်အလက်တွေ ထင်ရှားနေတဲ့ ဝန်ကြီးဟောင်း နှစ်ပါးရဲ့ အမှုကို ပြည်သူလူ ထု သံသယကင်းအောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမှန်တကယ် မျက်နှာကြီးငယ်မရွေး ဆောင်ရွက်နေပါ တယ်ဆိုတာကို သက်သေပြဖို့ ပြန်လည်ဖော်ထုတ်ပေးဖို့ လိုတယ်” လို့ သူက တောင်းဆိုပါတယ်။

အဲဒီတုန်းက ဝန်ကြီးဟောင်း ဦးကျော်ဝင်းအပေါ် တိုင်တန်းချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ အဂတိ လိုက်စားမှုနဲ့ ငြိစွန်းတဲ့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရတာကြောင့် အရေးယူနိုင်ခဲ့ခြင်း မရှိဘူးလို့ အဂတိကော် မရှင်က ရှင်းလင်းခဲ့ပါတယ်။

စက်မှုဝန်ကြီးဟောင်း ဦးခင်မောင်ချိုဟာလည်း ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားမှုကြောင့် တာဝန်ယူမှု၊ တာ ဝန်ခံမှုအပြည့်နဲ့ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ မေလ ၂၅ ရက်မှာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ၂၀၁၉ ဇူလိုင် ၂၆ ရက်မှာ ဝန်ကြီးဟောင်း ဦးခင်မောင်ချိုတို့ကို ၎င်းတို့ရဲ့ သဘောဆန္ဒအလျှောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

ထိုဝန်ကြီး နှစ်ပါးကို အရေးယူမှု တစုံတရာမရှိဘဲ ရာထူးကနေ ဒီတိုင်းအနားပေးလိုက်တဲ့ အပေါ် အခုအချိန်ထိ ဝေဖန် နေကြဆဲ ဖြစ်သလို တခြား ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးတွေရဲ့ ဖြစ်စဉ်တွေကို လည်း ပြန်လည်ဖော်ထုတ် ပြောဆိုနေကြပါတယ်။

အဲဒီဖြစ်စဉ်တွေထဲကမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက်သုံးစွဲမှု စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်လို့ အခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ် ဝါရင့်ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးကြီးမြင့်က ထောက်ပြ ပါတယ်။

“ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာ အခုထက်ထိ မရှင်းဘူး။ မရှင်းရင် အရေးယူရမှာ။ ကျနော်က ဌာနဆိုင်ရာ အကြီးအကဲ လုပ်လာတာ။ စာရင်းစစ်ချုပ် အစီရင်ခံစာကို အရေးတယူ မလုပ်လို့ရှိရင် အဲဒီအကြီးအကဲကို အရေးယူရတယ်” လို့ သူက ပြောပြပါတယ်။

ရန်ကုန်စောင့်ကြည့် အဖွဲ့က အဲဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ မသိရှိစေဖို့ ကန့်သတ် ထားခံရတာဟာ အဂတိ ဥပဒေနဲ့ ငြိစွန်းတယ် ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်မှာ ထုတ်ပြန်ပြောဆိုတာ တွေ ရှိခဲ့ပေမယ့် ဒီနေ့အချိန်ထိတော့ ထူးခြားမှု တစုံတရာ မရှိသေးပါ။

NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က အဂတိ ကော်မရှင်ကို ရောက်သွားတဲ့ အမှုကိစ္စ တွေမှာ ပါတီက ဝင်ရောက်စွက်ဖက်လို့ မရတာဖြစ်လို့ ၎င်းတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် မူတည်ပြီး တရားစွဲသင့်တဲ့သူကို ကော်မရှင်က တရားစွဲရမှာပါပဲလို့ မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းကလည်း “အဂတိ လိုက်စားတယ်ဆိုရင်တော့ နုတ်ထွက်လိုက်တဲ့ အဆင့်လောက်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ အဂတိလိုက်စားတယ်ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတိုင်းပဲ သွားမှာပါ” လို့ ပြောပါတယ်။

ဒေါ်လဲ့လဲ့မော် ကိစ္စနဲ့ပတ်သက်လို့တော့ ရဲဘော်ရဲဘက် တဦးဖြစ်လို့ ပုဂ္ဂိုလ်ရေးအရ စိတ်မကောင်းသော်လည်းပဲ သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့အလျှောက် အရေးယူခံရတာဖြစ်တဲ့အတွက် သီးခြားမှတ်ချက်ပေးစရာ မရှိပါဘူးလို့ သူက ဆိုပါတယ်။

ပါတီစည်းကမ်း ချိုးဖောက်ရင်

NLD ပါတီတွင်း အရေးယူဆောင်ရွက်မှုတွေမှာ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ မုံရွာအောင်ရှင်က ငြင်းဆိုပါတယ်။

ဒေါ်လဲ့လဲ့မော်ကို အမှုစတင်ဖြစ်ကတည်းက သူဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာဖြစ်လို့ ပါတီရဲ့ လုပ်ထုံးလုပ်နည်းအရ ဗဟိုကော်မတီ အဆင့်ထိ ပါဝင်နေတဲ့ ဒေါ်လဲ့လဲ့မော်ကို တာဝန်တွေကနေ ရုပ်သိမ်းခဲ့ သလို အခု ဆိုလည်း ပါတီဝင်အဖြစ်တောင် ရှိတော့မယ် မထင်ဘူးလို့ သူက ပြောပါတယ်။

ထို့အတူပဲ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့ ပျက်ကွက်တဲ့၊ ချိုးဖောက်တဲ့ တခြား ပြည်နယ်နဲ့တိုင်းအဆင့်က ဝန်ကြီးချုပ်၊ ဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူခဲ့ရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

တခါတရံ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေမှာ အနည်းချက်တွေ ရှိနိုင်ပေမယ့် ပါတီရဲ့ လက်ရှိကိုင်စွဲထားတဲ့ မူအရ အပြစ်ရှိတဲ့သူဟာ ထိုက်သင့်တဲ့အပြစ်ကို ရရမှာဖြစ်ပါတယ်။

ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ တိုင်ကြားစာအဖွဲ့တွေထံ ရောက်ရှိလာတဲ့ တိုင်စာတွေ များစွာထဲကမှ တချို့ အရေးယူခံရပြီး တချို့ အရေးယူ မခံလိုက်ရဘူးဆိုတဲ့ ပြဿနာဟာ တိုင်တန်းသူ ပုဂ္ဂိုလ်တွေရဲ့ တိုင်စာ ခိုင်လုံမှုအပေါ်မှာ မူတည်လိမ့်မယ်လို့ မုံရွာအောင်ရှင်က ရှင်းပြပါတယ်။

ပါတီရဲ့စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအနက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ ခွင့်မလွှတ်နိုင် တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့စကားကို သူက တဆင့်ပြန်လည် ပြောပြပါတယ်။

“ပါတီမှာ လူမှုရေး ဖောက်ပြန်တဲ့သူ (အကျင့်စာရိတ္တပိုင်းဆိုင်ရာ)နဲ့ အဂတိလိုက်စားမှု ငွေကြေးနဲ့ ပတ်သက်လို့ ဖောက်ပြန်တဲ့သူတွေဆို မညှာဘူး။ ရင်းနှီးတာ မရင်းနှီးတာ စိမ်းစိမ်းကျက်ကျက် ဒါတွေကို မညှာနိုင်ဘူး။ တိတိကျကျ အရေးယူရမယ်။ ထောင်ထဲရောက်ရင်တော့ ထောင်ဝင်စာတော့ ပေးမယ်လို့ ပြောခဲ့ဖူးတယ်” လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ NLD ပါတီ၊ NLD အစိုးရဟာ တကယ် အပြစ်ရှိတဲ့၊ အပြစ်ကျူးလွန်တဲ့သူတွေကို ၎င်းတို့ရဲ့ လုပ်ရပ်နဲ့ ထိုက် သင့်တဲ့ ပြစ်ဒဏ်တွေကို ပေးတယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ပါတီရဲ့ မူဝါဒအတိုင်းပဲ အပြစ်ကျူးလွန်ခဲ့လို့ရှိရင် သူ့လူကိုယ့်လူဆိုတာ ခွဲခြားတာမရှိဘူး။ ဥပဒေအတိုင်းပဲ စဉ်းစားတယ်။ ဆုံးဖြတ်တယ်” လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

NLD အစိုးရလက်ထက် အဂတိ တိုက်ဖျက်ရေး

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International-TI) အဖွဲ့က ၂၀၁၉ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ကမာ္ဘ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှု အခြေအနေပြ ညွှန်းကိန်း (Corruption Perception Index-CPI)အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၃ မှာ ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၁၃၀ မှာ ရပ်တည်နေတယ်လို့ သိရ ပါတယ်။

TI အဖွဲ့ဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ အခြေစိုက် ရုံးဖွင့်လှစ်ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ တနှစ်တာအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်၊ လူမှုရေး၊ စီးပွားရေး၊ ဒီမိုက ရေစီအရေး ဆောင်ရွက်ချက်တွေကို နှစ်စဉ် ထုတ်ပြန်ပေးလေ့ရှိပါတယ်။

အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အညွှန်းကိန်း အဆင့်တွေကို ၂၀၁၀ မှာ ၁၇၆၊ ၂၀၁၁ မှာ ၁၈၀၊ ၂၀၁၂ မှာ ၁၇၂၊ ၂၀၁၃ မှာ ၁၅၇၊ ၂၀၁၄ မှာ ၁၅၆၊ ၂၀၁၅ မှာ ၁၄၇၊ ၂၀၁၆ မှာ ၁၃၆၊ ၂၀၁၇ မှာ ၁၃၀၊ ၂၀၁၈ မှာ ၁၃၂ ဆိုပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၂၀၁၆ ဧပြီကစလို့ တာဝန် လွှဲပြောင်းယူခဲ့တဲ့ NLD အစိုးရသစ်လက်ထက် ၄ နှစ်တာ ကာလအတွင်းမှာ အညွှန်းကိန်း အနည်းငယ် တိုးတက်လာပေမယ့် သိသာတဲ့ တိုးတက်မှု မဟုတ်သေးတာကို TI အဖွဲ့ရဲ့ အညွှန်းကိန်းအဆင့်တွေက တဆင့် ညွှန်ပြနေပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း အနည်းငယ် လျော့ပါးသွားတာကလွဲလို့ ထိရောက်အောင် မလုပ်နိုင်သေးပါဘူးလို့ ထုတ်ဖော် ပြောကြားထားပါတယ်။

ဒါ့အပြင် တပ်မတော် အရာရှိကြီးတွေရဲ့ အဂတိလိုက်စားမှုကို အရေးမယူနိုင်သလို အရာရှိကြီးများကနေ အဂတိ လိုက်စားမှုကို ဖုံးဖိပေးတာတွေ ရှိပါတယ်လို့လည်း တရားဝင် ပြောဆိုထားတာတွေ ရှိပါတယ်။

“ကျနော်တို့ အစိုးရလက်ထက်မှာ အများကြီး လုပ်လာနိုင်တယ်။ အဓိက ရာထူးကြီးပိုင်းတွေ။ အဂတိလိုက်စားမှု ရှိ တယ်ဆိုတာကို ပြည်သူလူထုက သိတယ်။ အမှန်တကယ်လည်း တိုင်ကြားလာတယ်။ ဒီအပေါ်မှာ တကယ်လည်း ထိ ထိရောက်ရောက် အရေးယူလာတယ်ဆိုတော့ အရင်အစိုးရ လက်ထက်တွေတော့ အများကြီး လုပ်လာနိုင်တဲ့ အနေ အထားမျိုး ရှိပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက သုံးသပ်ပါတယ်။

အရင် အစိုးရ လက်ထက်က အရေးယူခဲ့တာတွေ မရှိသလို၊ အဲဒီခေတ်က အဂတိ ကော်မရှင်ဟာလည်း အခု အစိုးရ လက်ထက် ကော်မရှင်လောက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိတာ အမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း အရင်အစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်တဲ့ ပြည်သူလူထုက အခုအစိုးရကို ပြောင်းပြီး မဲပေးရွေးချယ်ခဲ့ တာလို့ ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

“အခု အစိုးရ လူတွေရော၊ လော်ဘီတွေရော ဒါတွေကို နားလည်ဖို့ လိုတယ်။ ပြည်သူလူထုက အရင်အစိုးရ လုပ်ရပ်ကို မကြိုက်လို့ကို ဒီအစိုးရကို မဲပေးရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် အရင်အစိုးရနဲ့ အခုအစိုးရကို နှိုင်းယှဉ်ပြီး ပြောနေစရာ အကြောင်း ဘာမှကို မရှိဘူး” လို့ သူက ပြတ်သားစွာ ပြောပါတယ်။

ဒေါက်တာ လဲ့လဲ့မော် အမှုကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သလို တခြားသော ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာ ရှိနေတဲ့ အဂတိလိုက်စားမှုတွေ၊ နိုင်ငံတော် နစ်နာစေတဲ့ ကိစ္စတွေကိုလည်း တပြေးညီ အရေးယူတယ် ဆိုရင်တော့ NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တကယ် ဆန္ဒရှိရှိနဲ့ လုပ်တယ်ဆိုတာ ကောက်ချက်ချနိုင်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

တချို့ ဖြစ်စဉ်တွေမှာ ပါတီခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့၊ ကိုယ့်ပါတီက လူဖြစ်လို့ ဆိုတာမျိုးနဲ့ ကင်းလွတ်ခွင့် ရနေ တာမျိုး၊ အဂတိကျူးလွန်မှုတွေကို မသိချင်ယောင် ဆောင်နေတာမျိုး၊ ကော်မရှင်အပေါ် ဝင်ရောက်စွက်ဖက်တာမျိုးတွေ NLD အစိုးရလက်ထက်မှာ မရှိစေချင်တော့ဘူးလို့ ဆိုပါတယ်။

“အခုတော့ ပြောရတာ စောတယ်။ တချို့ ကိစ္စရပ်တွေမှာ ထင်ရှား မြင်သာတာတောင်မှ အရေးယူမှုတွေ မရှိခဲ့ဘူး။ တပြေးညီ အားလုံးကို မျှမျှတတနဲ့ အဂတိ လိုက်စားသူ မှန်သမျှ မျက်နှာကြီးငယ်မရွေး အရေးယူတာမျိုး ပိုပြီး လိုလား တယ်။ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေးစေချင်တယ်” လို့ သူက တိုက်တွန်းတောင်းဆိုပါတယ်။

You may also like these stories:

တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အဂတိမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

ပုံမှန် ဝင်ငွေမရှိသူများစာရင်း ကောက်ရာတွင် အဂတိ ကင်းရှင်းရန် တိုက်တွန်း

ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းထဲ မြန်မာ တကျော့ပြန် ပါလာမလား

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

Your Thoughts …
Tags: တနင်္သာရီ ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်အဂတိလိုက်စားမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
27k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို ယခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ ရစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ တာဝန်က ရုတ်သိမ်းသည့်အဆို ယနေ့ တင်သွင်းမည်

ဗီယက်နမ် လေကြောင်းလိုင်း

ဗီယက်နမ် နိုင်ငံတကာလေကြောင်းလိုင်းများ ဇွန် ၁၀ ရက်နေ့ ပြေးဆွဲရန် အဆိုပြုထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved