ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအတွင်း သြဂုတ်လ ၂၄ ရက် မနက်ပိုင်းက လူနေအိမ် ၂လုံးအနီး လက်နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ လက်နက်ကြီး ကျည်ဆန်မှာ ပန်းမြောင်းရွာလယ်တွင် တည်ရှိသည့် အောင်မင်္ဂလာ ဘုရားကုန်းပေါ်မှ တပ်စခန်းစွဲထားသော တပ်မတော်သားများက ပစ်ခတ်ရာမှ ဦးမောင်ဘကျော်နေအိမ်နှင့် ဦးစံလှကျော် နေအိမ် ၂ လုံးကြား ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရရှိသော မိသားစုဝင်များက ပြောသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းပေါက်ကွဲမှုဖြစ်စဉ်ကို မသိရှိသေးကြောင်း၊ အကယ်၍ ဖြစ်ပွားခဲ့လျှင်လည်း တပ်မတော်၏ ပစ်ခတ်မှူကြောင့် မဖြစ်နိုင်ဘဲ သောင်းကျန်းသူတို့၏ လက်ချက်သာဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
လက်နက်ကြီး ကျည်ဆန်ပေါက်ကွဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူ တဦး နှင့် အသက် ၆ နှစ်အရွယ် ကလေး ၂တို့ သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် ဒေါ်ဦးကြိုင် ၊ ဒေါ်အေးရွှေလှ၊ အသက် ၂၉ နှစ်အရွယ် မဖြူနှင်းစိုးနှင့် ဒေါ်ချိုချို တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် အမျိုသမီး ၄ ဦးတွင် ၃ ဦးကို မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေပြီး မဖြူနှင်းစိုးမှာ ဒဏ်ရာပြင်းထန်၍ မြောက်ဦး ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။
ရိုက်ကူး-မင်းအောင်ခိုင်
တည်းဖြတ်-ကျော်မျိုး











