တိုက်ပွဲကြီးများ ဖြစ်လာလျှင် တိုင်းပြည်အတွက် အကျိုးမရှိသဖြင့် စစ်ရေးပဋိပက္ခများကို ရှောင်လွဲနိုင်ရေး သက်ဆိုင်ရာ အဖွဲ့များ တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပါသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဗဟို ကော်မတီက သဘောထား ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။
KIO ဗဟိုကော်မတီသည် အချက် ၅ ချက် ပါရှိသည့် ထုတ်ပြန်ချက်တစောင်ကို ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက် ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်၏ အမှတ် ၄ နှင့် ၅ တွင် စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ရေးသား ထားခြင်း ဖြစ်သည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဧရာဝတီ က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ “သူတို့ ထိုးလာရင် တိုက်ပွဲတွေဆင်နွှဲလာရင် ခုခံတိုက်ပွဲကတော့ ကျနော်တို့လည်း တိုက်ရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေက လျော့သွားမှာလား ပိုဆိုးမှာလား ဆိုတာကတော့ ကျနော်တို့ ဒီထုတ်ပြန်ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်မှု ရှိမယ်လို့ ကျနာ် မထင်ပါဘူး။
အဓိက စစ်ကောင်စီဘက်က ကျနော်တို့ထုတ်ပြန်ကြေငြာချက်ကို လက်ခံပြီးမှ တကယ့်တရားသော နည်းလမ်းကို ရှာပြီး ဆွေးနွေးလာရင်တော့ တိုက်ပွဲက လျော့သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု ဆိုသည်။











