အာဏာသိမ်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ဆိုက်ဘာလုံခြုံရေး ဥပဒေပြဌာန်းရန်အတွက် ယခုလ ၁၃ ရက်နေ့တွင် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) တစောင်ကို ဝန်ကြီးဌာနအသီးသီးထံ လိပ်မူပြီး သဘောထားမှတ်ချက်ပေးရန် ပေးပို့ခဲ့သည်။
ထိုဥပဒေမူကြမ်းထဲတွင် အင်တာနက်လိပ်စာ ခြေရာခံခြင်းအား ဖျောက်နိုင်သည့် VPN (Virtual Private Network) အား အသုံးပြုသူများကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်ထိ၊ ကျပ် သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပါရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် MPT ၊ Mytel နှင့် Telenor ကုမ္ပဏီကြီးများကို ချုပ်ကိုင်၍ အင်တာနက်သုံးစွဲမှုနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ခြေရာခံနိုင်ရန် ကြိုးစားခဲ့သော်လည်း လူထုကအင်တာနက်လိပ်စာ ခြေရာခံခြင်းအား ဖျောက်နိုင်သည့် VPN ကို အသုံးပြုခဲ့သဖြင့် စစ်ကောင်စီ အခက်ကြုံခဲ့ရသည်။
အာဏာသိမ်း စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ကို ပြဌာန်းရန် ကြိုးပမ်းလာမှုနှင့်ပတ်သက်ပြီး ဘလော့ဂါ လည်းဖြစ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လည်းဖြစ်သည့် ဦးနေဘုန်းလတ် အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။
ဦးနေဘုန်းလတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ သုတေသန ပြုချက်များကိုလည်း ရေးသားဖြန့်ဝေသူဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup