စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တချိန်က ဆုံးရှုံးခဲ့တဲ့ စခန်းတွေကို ကရင်အမျိုးသား
လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ပြီး
ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သော်လဲထာ၊ သီးမူထာနဲ့ ကျောက်ညှပ် စခန်းအပါအဝင် KNU တပ်မဟာ ၆ မှာရှိတဲ့ မော်ခီးနဲ့ သေဘော့ဘိုး စခန်းတွေကို စစ်ကောင်စီက မြေပြင် ဝေဟင် စစ်ဆင်ရေး လုပ်နေတဲ့ ကြားမှာပဲ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီစခန်းတွေဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်မှာ စစ်တပ်က အင်အားသုံး သိမ်းပိုက်ခံခဲ့ရတဲ့ စခန်းတွေဖြစ်ပြီး စစ်ရေး အရ အရေးပါတဲ့စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ KNLA တပ်တွေဟာ စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။











