နိုင်ငံတဝန်းစစ်မျက်နှာပြင်များစွာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ စစ်တပ်အင်အားလျော့နည်းလာချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားပါတယ်။
ဒီဥပဒေထုတ်ပြန်ပြီးတဲ့နောက် အာဏာသိမ်း စစ်တပ်ဟာ နေရာအနှံ့မှာ ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူငယ်တွေကလည်း အိမ်နီးချင်း နိုင်ငံတွေဆီ အလျင်အမြန် ပုံစံမျိုးစုံနဲ့ ထွက်ခွာနေပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကလည်း သက်ဆိုင်ရာ နယ်မြေတွေမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်နေကြသလို တော်လှန်ရေး အဖွဲ့တွေဘက်ကလည်း တပ်သားတွေ ခေါ်ယူနေပါတယ်။
စစ်ကောင်စီ ရဲ့ ဥပဒေဟာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိရှိတဲ့ နိုင်ငံသားတိုင်းကို (၂) နှစ်အထိစစ်မှုထမ်းခိုင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးပေါ် အခြေအနေဖြစ်လာရင် စစ်မှုထမ်းကာလကို (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့လည်း ဆိုပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို သတင်းပို့ဖို့ ပျက်ကွက်ရင် (သို့မဟုတ်) တိမ်းရှောင်ရင် ထောင်ဒဏ် (၅) နှစ်အထိ ကျခံနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီအသက်သွင်းလာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့်ဧပြီ နှစ်သစ်ကူးနောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ ဆက်ပြီးဆောင်ရွက်နေတယ်လို့ စစ်တပ်ဘက်က ထုတ်ပြောထားပါတယ်။ စစ်ကောင်စီအပြောအရ အလုံးစုံဆောင်ရွက်တာထက် တစိတ်တပိုင်းဆောင်ရွက်တာကို စတင်သွားမယ်လို့ဆိုပြီး အပတ်စဥ်တခုကို လူဦးရေ ၅,၀၀၀ ခန့် ခေါ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်အသက်ဝင်တယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒီဥပဒေ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ဦးဆောင်ပါဝင်နေကြတဲ့ လူငယ်တွေရဲ့သဘောထား အမြင်တွေကိို ဧရာ၀တီက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။