ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့ အချိန်မှာ တီဗီကလာတဲ့ အနောက်က လာတဲ့ ရုပ်ရှင်ကားတွေကို တခါတလေ ဝင်ကြည့်မိတယ်။
ကြည့်တဲ့အခါ အမေက ရုပ်ရှင်မကြည့်တာ ကြာလှပြီ ဆိုတော့ သူတို့ကားတွေကို မနည်း သည်းခံပြီး ကြည့်ရတယ်။
ကားတွေကလည်း အမေတို့ ငယ်ငယ်က ကြည့်ရတဲ့ ကားတွေနဲ့လည်း မတူတော့ဘူး။ Action လို့ ခေါ်တဲ့ လှုပ်ရှားမှုတွေက သိပ်များတာပါကလား။
ပစ်ခတ်နေတာတွေကလည်း တကယ့် များမှများ၊ ပစ်တာ ခတ်တာမှာ သေနတ်တွေက ရိုးရိုး မဟုတ်သေးဘူး။ ပစ်လိုက်ရင် မီးဟုန်းဟုန်း တောက်တာလည်း ပါရဲ့။ လူချင်း တိုက်ကြ ခိုက်ကြတာတွေကလည်း ကြောက်ခမန်းလိလိ။ ပြီးတော့ တော်တော် နဲ့ မသေနိုင်ဘူး။
အဲဒီလို ပစ်တာခတ်တာတွေ မဟုတ်ပြန်တော့လည်း ယောက်ျား နဲ့ မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း တော်ရုံ မဟုတ်ဘူး။ ရေချိုးခန်းထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်း ပါရဲ့။ ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေ အနေနဲ့ ကြည့်ရတာ စိတ်ဆင်းရဲစရာကြီးကိုး။
လူမျိုးစုံ ဝင်ကြထွက်ကြတဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေ၊ ကပွဲခန်းတွေ ပြပြန်တော့လည်း မိန်းကလေးတွေ ကပြ နေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ် ဆိုရုံ၊ အထက်ကလည်း ရင်သားလေး ၂ ခုကာရုံ၊ အောက် ကလည်း လက်တဝါးလောက် ကာပြီးတော့ လှုပ်ရှား ကပြရတာကလည်း ပြောဝံ့စရာ မရှိဘူး။
အဲဒီတော့ အမေက “သြော် သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေး အတွက် ရှာဖွေ စားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါလား။ သနားပါတယ်၊ သူတို့ဘဝ” လို့ အောက်မေ့မိပါတယ်။
ပြီးတော့ သူတို့ဆီမှာ ယောက်ျာကလေးကလည်း ဆံပင် အရှည်နဲ့ နားကပ်နဲ့၊ တခါတလေ မိန်းမနဲ့ ယောက်ျား ခွဲလို့ မရအောင် ဝတ်စားနေကြတာလည်း ရှိရဲ့။
ဒါနဲ့ ရန်ကုန်ကလာနေတဲ့ မိတ်ဆွေနဲ့ ခုခေတ် တို့မိန်းကလေးတွေ ဝတ်ကြစားကြတာနဲ့ ပတ်သက်လို့ ပြောမိတော့၊ အဲဒီ မိတ်ဆွေက (ရန်ကုန်မှာ မိန်းကလေး တချို့ရဲ့ ခါးပေါ်မှာ ထဘီ မရှိတော့ဘဲ၊ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ ဘောင်းဘီ အရှည် ဝတ်တဲ့ လူက ဝတ်တယ်၊ စကတ် ဆိုပြီး၊ ၂ ကွဲ၊ ၃ ကွဲ၊ အတိုကွဲ၊ အရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။
အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော် ဝတ်တဲ့ မိန်းကလေးမျိုး တယောက် တလေတောင် ပေါ်နေပြီ။ အဲဒီ ချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထား ဆင်ထား သတဲ့) လို့ အင်မတန် ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရား တမိတယ်။
အမေတို့ မြန်မာ မိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီကလေးတော့ လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေ ပေမယ့် မိန်းကလေးတွေ ဒူးပေါ် ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေ အခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တချို့နဲ့ ဂျာနယ်များက မိန်းကလေးတွေရဲ့ ဝတ်စား ဆင်ယင်ပုံ အသစ်အဆန်း အမျိုးမျိုးကို ဖော်ပြ ရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း၊ ဂျာနယ်တွေကသာ မက ရုပ်မြင်သံကြားတွေမျာကလည်း ကြည့်လိုက်ရင် လူငယ်တွေ အတုခိုး မှားစရာတွေကိုသာ အားပေး အားမြှောက် ပြုနေတဲ့ ပြကွက်တွေကို မြင်ရတယ်။
လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊ နမ်းပါများတော့ ပျယ်သတဲ့။
အဲဒီတော့ အမေက စကား ရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။
အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ၊ ကောင်းနိုးရာရာကို လုပ်ကြတာပါ။ လူငယ်တွေရဲ့ အတွေးအခေါ် တွေကို လျစ်လျူရှုလိုက်ပါတော့လို့။ ဒါလည်း သူတို့အနေနဲ့ ဆိုရင် ဟုတ်တာပေါ့လေ။ သူတို့နဲ့ အမေနဲ့က ခေတ်ချင်း ကွာဟမှုက ရှိနေတာကိုး။
နို့ပေမယ့် ကနေ့ အနောက်က လာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံး လုံလုံခြုံခြုံ ဘောင်းဘီ ရှည်တွေနဲ့၊ နက္ကတိုင်နဲ့၊ ရှပ်အင်္ကျီ လက်ရှည်ပေါ်မှာ ကုတ်အင်္ကျီ ဝတ်လို့၊ မိန်းကလေးတွေကတော့ နည်းပညာ မျိုးစုံသုံး၊ လှနိုးရာရာ အဆင်အပြင် အမျိုးမျိုး စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှ ပေါ်အောင် ဖော်လှစ် ပြသ နေကြရတယ်။
ဒါဟာ ကျား မ တန်းတူ ရှိသေးရဲ့လား၊ မတွေရဲ့ ဘဝက ကျားတွေကို ဆွဲဆောင်နိုင်မှု အတွက် တသက်လုံး ကြိုးပမ်း အားထုတ်နေရတာလား။ လူ့ဘဝ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့ မလာရဘူးလားကွယ်။
မိန်းမ ဘဝရဲ့ အဆုံးစွန်သော အားထုတ် လုပ်ဆောင်ရချက်က ယောက်ျားတွေ အတွက် ဆိုတာပဲလား။ တခြား ဘာမှ အဖိုးတန်တဲ့ အလုပ် မလုပ်နိုင်တော့ဘူးလား။
အမေရယ် ဒီလို ဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေလို တကိုယ်လုံး ဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံး ခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လို သဘောရပါသလဲလို့ မေးလာရင် –
အဲဒါဟာ မိန်းမကို အိမ်မွေး တိရစ္ဆာန် တကောင်လောက် တန်ဖိုးထားတဲ့ သဘော၊ မိန်းမကို လူ့အခွင့်အရေး တမူးသားမှ မပေးတဲ့ လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။
လင်ယောက်ျား တယောက်က အပိုင် မွေးထားတဲ့ ထမင်းချက်၊ ကလေး ထိန်းတဲ့၊ လင်ယောက်ျား အလိုကို ဖြည့်ရတဲ့ လူသာသာ ပါပဲ။ အဲဒီထက် ဘာမှ မပိုပါဘူး။
အမေတို့က မိန်းမ ဆိုတာ လူ့ဂုဏ်သိက္ခာ အပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောက်ျားတွေနဲ့ တန်းတူ ရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူ့လောက သာယာ ဝပြောရေး အတွက် အားလုံးနဲ့ အတူတူ တာဝန်ရှိတဲ့ လူသား ဖြစ်စေချင်တာပါ။ ဘယ်သူက ဘယ်သူထက်မှလည်း မနိမ့်ကျစေချင်ဘူး။
တိရစ္ဆာန် လောကမှာတော့ နိုင်သူက အနိုင်ကျင့်တယ်လေ။ အားနည်းရင် အရှုံးပေရတယ်၊ အားကြီးရင် အနိုင်ကျင့်တယ်။ တို့က တိရစ္ဆာန်ထက် အများကြီး အဆင့်အတန်း မြင့်တာပဲဟာ။ အဲဒီတော့ တို့အားလုံး အတွက် လူဟာ လူနဲ့ တူအောင် တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့ နိုင်ငံမှာ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့် လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။
အဲဒီ အလုပ်တွေကို လှပ ပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာကိုယ် ဖြစ်ဖို့ ကြိုးစား လုံးပမ်း နေရတာနဲ့ အချိန်ကုန် ငွေကုန် ခံနေကြမှာလား။
မိန်းကလေးတွေမှာ ဒီထက် ပိုပြီး တန်ဖိုးရှိတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်ထားကြရဦးမှာပါ။ လှအောင် ပအောင် ယောက်ျားတွေမြင်ရင် ကြိုက်ချင် ချစ်ချင် လာအောင် ရှိသမျှ ဖော်ထုတ် မြှူဆွယ် ရတယ်ဆိုတာ အင်မတန် သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။
တို့ မိန်းကလေးတွေမှာ အင်မတန် ကြီးလေးတဲ့ တာဝန်တွေ ထမ်းရွက်ဖို့ အများကြီး ရှိပါတယ်။ လှလှ မလှလှ ကျန်းမာဖို့၊ စိတ်ကောင်း စေတနာရှိဖို့၊ အသိအမြင် မြင့်မားဖို့ ငါတို့ ကြိုးစားနေရမှာပါ။
ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။ ငါ့သမီးတို့ စဉ်းစားကြပါ။ ။
(ကလျာ မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၂)
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “အမေ့ရှေးစကားများ” ပေါင်းချုပ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ နှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














