မန္တလေးမြို့လယ် လူစည်ကားရာနေရာများပါမကျန် နေ့ခင်းပင် အသက်သေသည်အထိ အုပ်စုဖွဲ့ လုယက်မှု များပြားလာရာ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ် ၂၇ လမ်းနှင့် ၂၉ (A) လမ်းကြား၊ ၅၃ လမ်း ပေါ် ကလေးကျောင်းပို့ ပြန်လာသည့် ၄၉ နှစ်ရှိ အမျိုးသားတဦး ဓားဖြင့်ခုတ် ဆိုင်ကယ်လုယက်ခံရမှုကြောင့် နေရာ၌ ပင် ပွဲချင်း ပြီး သေဆုံးခဲ့ရသည်။
လူ ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရှေ့မှပိတ်ရပ်ကာ အသင့် ဆောင်လာသော ဓားများဖြင့်ထိုး၍ ဆိုင်ကယ်အား လုယူ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်ကို ကျုးလွန်ခဲ့သူများမှာ အသက် ၁၇ နှစ်မှ ၂၂ နှစ်ကြား လူငယ်လေးဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ လုယက်ထား သည့် ဆိုင်ကယ်ကို ဝယ်ခဲ့သူကိုပါ သက်သေခံပစ္စည်းနှင့်အတူ အခင်းဖြစ်ပြီး ၃၅နာရီအတွင်း ဖမ်းမိကြောင်း၊ ၎င်းတို့သည် မန္တလေးမြို့ လူသူအသွားအလာရှင်းသည့် နေရာများတွင် တန်ဖိုးကြီးဆိုင်ကယ်များကို အုပ်စုဖွဲ လုယက်မှုအကြိမ်ကြိမ် ကျူးလွန်ခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းဆိုးရွားသည့် ရာဇဝတ်မှုများသည် စစ်တပ် အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်း၍ ခိုး၊ ဆိုး၊ လုယက် မှုများ ပိုမိုဖြစ်ပွားလာခြင်း ဖြစ်ပြီး ယခုအခါ လူကို အသက်အန္တရာယ် ဖြစ်စေသည်အထိ တုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဓားဖြင့် ခုတ်ခြင်း တို့ကြောင့် စိုးရိမ်စိတ်များဖြင့် သွားလာနေကြရသည်ဟု မြို့ခံများက ဆိုသည်။
အုပ်စုဖွဲ့ ဆိုင်ကယ်လုရုံသာမက မြို့တွင်း ဆိုင်ကယ်ဖြင့် သွားလာနေကြသူများ၏ ဖုန်း၊ ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ နားကပ်များ ကိုပါ ဆွဲယူလုယက်နေသလို အိမ်တွင်းနှင့် ဈေးဆိုင်များရှေ့ ရပ်ထားသော ဆိုင်ကယ်များပါ ခိုးယူခံ နေရသည့်အပြင် ရွှေဆိုင်နှင့် ဘဏ်များလည်း မကြာခဏ လုယက်ခံနေရသည်။
ချမ်းမြသာစည်မြို့နယ်တွင် နေသူတဦးက “လမ်းတွေပေါ်မှာ သွားလာနေတဲ့ ဆိုင်ကယ်တွေ လုယက်ခံရတာ ဆိုးဆိုး ရွားရွား ဖြစ်နေတယ်။ အခုက ညပိုင်းတင်မဟုတ်တော့ဘဲ နေ့ခင်းပိုင်းအချိန်မျိုးတွေမှာတောင် အတင့်ရဲပြီး လုယက်တာတွေ ဖြစ်နေ တာ။ လုယက်သူတွေက အုပ်စုဖွဲ့သွားလာပြီး ဆိုင်ကယ်ရော လူပါရိုက်ပြီး လုကြတာ။ ရိုးရိုးတန်းတန်း လုယက်တာမျိုး တောင် မဟုတ်တော့ဘဲ အသက်ကိုရန်ရှာတဲ့အထိ ဖြစ်နေတာ။ အချို့ဆိုရင် အသက်သေဆုံးသွားတဲ့ ဖြစ်စဉ်မျိုးတွေ အထိ ရှိလာတယ်” ဟု ပြောသည်။
ယခုနှစ် ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်း ၂ နာရီခန့်ကလည်း အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက် ၁၂ လမ်း နှင့် ၁၄ လမ်းကြား၊ ၈၇ လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသော အမျိုးသား ၁ ဦးကို လူ ၄ ဦးက ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားကြောင်း၊ လုယက်ခံရသည့်အမျိုးသားမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသက်လု၍ အနီးရှိ ဝန်းတံခါး ဖွင့်ထားသော နေအိမ်တခုသို့ ဝင်ပြေးခဲ့သောကြောင့် အသက်မသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ရက် ည ၇ နာရီခွဲခန့်က အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ညောင်ပင်ဈေး အနီး လူ ၆ ဦးက ဆိုင်ကယ်မောင်းလာသူတဦးကို နောက်ဘက်မှ ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး အလုခံရ သူ မှာ ဓားဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့ တရက်ကို လမ်းကြောင်း ၇ ခုလောက် ထွက်ရ တယ်ဆိုရင် အနည်းဆုံး ၄ ခုလောက်က တုတ်နဲ့ရိုက်၊ ဓားနဲ့ထိုးတာ၊ ခုတ်တာတွေလုပ်ပြီး ဆိုင်ကယ်လုခံရ တာတွေပဲ။ ဒဏ်ရာပြင်းပြီး စိုးရိမ်ရတဲ့အခြေအနေဆိုရင်တော့ ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ပေးရတယ်။ သိပ်ပြီး ဒဏ်ရာမပြင်းဘူး ဆိုရင်တော့ အပြင်ဆေးရုံဆေးခန်းတွေကို ပို့ပေးရတာတွေလည်း ရှိတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် လုယက်ခံရမှု၊ ဖောက်ထွင်းခံရမှု၊ ခိုးမှုများအနေဖြင့် ချမ်းမြသာစည်မြို့နယ် တခုတည်း၌ပင် ၂၀၂၃ ခုနှစ် အတွင်းက ဖြစ်ပွားမှုပေါင်း ၁၄၀ ခန့်ထိရှိခဲ့ပြီး တရားခံဖမ်းဆီးရမှု အလွန်နည်းကြောင်း၊ လုယက်ခံရမှုများထဲ လူသေဆုံးမှု ၂၀ ကျော်ထိ ပါဝင်နေပြီး ထိခိုက်ဒဏ်ရသူ ၅၀ ကျော်ထိ ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက် ညဦးပိုင်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက် ဦးပွား ခုံးကျော်အနီး ရန်ကုန်-မန္တလေးလမ်းပေါ်တွင် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး ဆိုင်ကယ်ဖြင့် အလုပ်မှပြန်လာစဉ် လုယက် သူများက ဆိုင်ကယ် ၂ စီးဖြင့် ညှပ်ပိတ်ကာ ပိုက်ဆံအိတ်နှင့် ဖုန်းအား လုယူပြီး တွန်းလှဲခဲ့သဖြင့် လမ်းပေါ်လဲကျသွားချိန် ကားကြိတ်ခံရပြီး သေဆုံးခဲ့သည်။
အဆိုပါ အမျိုးသမီး၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက “အလုပ်ကအပြန် ဆိုင်ကယ် ၂ စီးနဲ့ညှပ်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုခံရပြီး ဆိုက်ကယ်ပေါ်က ပြုတ်ကျလို့ ကားနဲ့ကြိတ်မိတဲ့နေရာမှာပဲ သေဆုံးခဲ့တာ။ မိသားစုကတော့ အခုအချိန်ထိ ဖြေလို့မရနိုင်ကြသေးဘူး။ တရားဥပဒေစိုးမိုးမှုမရှိခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ဗျာ” ဟု ဆိုသည်။
အဆိုပါလုယက်မှု ဖြစ်ပွားရာအနီးတွင် စစ်တပ်ပိုင် မြဝတီဘဏ်၌ လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသလို ဦးပွားခုံးကျော်အနီးရှိ စစ်ကောင်စီ၏ လုံခြုံရေးဂိတ်များနှင့်လည်းနီးကြောင်း သိရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “ဖြစ်စဉ်တော်တော်များများက စစ်တပ် လုံခြုံရေးယူထားတဲ့နေရာတွေနဲ့ မဝေးတဲ့နေရာမျိုးတွေမှာများတယ်။ သူတို့ (စစ်ကောင်စီ) ကိုယ်တိုင် ခိုးဆိုးလုယက် ဒုစရိုက်သမားတွေကို လျစ်လျူရှု ထားတော့ အတင့်ရဲပြီး ရမ်းကားလာကြတာလို့ပဲမြင်တယ်။ အခုက ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တရားခံတွေကို ဖမ်းဖို့ထက် သူတို့လုံခြုံရေးအတွက်ပဲ သူတို့ လုပ်နေကြတာ။ ပြည်သူတွေက လမ်းပေါ်ထွက်ရင် အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေဆိုတော့ ဘုရားတနေကြရတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားသော်လည်း ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အုပ်စုဖွဲ့လုယက်မှုများလည်း ပိုများလာနေကြောင်း၊ ကျူးလွန်သည့်တရားခံများ ဖမ်းဆီးရမိမှု အလွန်နည်းသလို တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှုသိပ်မရှိသဖြင့် လုယက်ခံရသူများဘက်ကလည်း ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခြင်းမျိုး ရှားပါးကြောင်း မြို့ခံတချို့က ဆိုသည်။
စစ်တပ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း နိုင်ငံတဝန်းရှိ ဘဏ်လုယက်ဓားပြတိုက်ခံရမှု ၂၅ ကြိမ်၊ ရွှေဆိုင် လုယက်ဓားပြတိုက်ခံရမှု ၅၇ ကြိမ် စုစုပေါင်းဖြစ်စဉ် အကြိမ်ရေ ၈၂ ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေဆိုင်လုယက်မှုများအနက် မန္တလေးမြို့တွင် ၁၂ ကြိမ်ရှိပြီး အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရန်ကုန်၌ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ရွှေဆိုင်များလုယက်ခံရမှုတွင် ရွှေဆိုင်ဝန်ထမ်းနှင့် ပိုင်ရှင် ၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရွှေဆိုင်လုယက်မှုဖြစ်စဉ်များ၏ ၂၀ ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ
ခိုးဆိုးလုနှိုက် အန္တရာယ်နှင့် လုံခြုံမှုကင်းမဲ့လာသည့် မြို့ပြများ
မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို