နေ့သစ်ကို အစပြုတဲ့ နံနက်ခင်း၊ နေရောင် လာအထိမှာ ပင်လယ်က လှိုင်းအိတွေ ရွှေရောင် တလက်လက် တောက်နေတယ်။
ကမ်းခြေကနေ…တမိုင်လောက် အကွာမှာ တံငါလှေ တစင်းကို မြင်နေရတယ်။ စင်ရော် ငှက်တွေ အစာစားဖို့ အုပ်လိုက် ပျံလာတယ်။ အစာကို သူ့ထက်ငါ လုယက်နေကြတယ်။
ဒါပေမယ့် Jonathan Livingstone စင်ရော်ကတော့ ကမ်းနဲ့ ဝေးတဲ့ နေရာမှာ အပျံကျင့်နေတယ်။
*****
ရစ်ချဒ်ဘာခ် Richard Bach ရေးတဲ့ Jonathan Livingstone Seagull စာအုပ်ထဲက စင်ရော် ငှက်ကလေး အပျံ ကျင့်နေတာကို မှတ်မိသလောက် တွေးမြင် ကြည့်တယ်။
ရစ်ချဒ်ဘာခ် ရဲ့ Jonathan Livingstone Seagull စာအုပ်ဟာ အင်မတန် လူကြိုက်များခဲ့တဲ့ စာအုပ်၊ အရောင်းရ တွင်ကျယ်ဆုံး စာအုပ် တအုပ် ဖြစ်တယ်။
ဒီစာအုပ်ကို ဖတ်ရတဲ့ အချိန်က အုပ်ရေ ၇ သန်းကျော် ရောင်းရပြီးပြီလို့ မှတ်သားမိပါတယ်။
ဒီစာအုပ်ကို ဘသန်း (ဓမ္မိက) က “ယောနသံ စင်ရော်” ဆိုပြီး မြန်မာလို ပြန်တယ်။ အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့တယ် လို့လည်း မှတ်သား မိပါတယ်။
*****
စင်ရော်ကလေးဟာ အကြိမ် ရာချီပြီး အပျံကျင့်တယ်။ ပျံပုံ ပျံနည်း အမျိုးမျိုးကို စမ်းသပ်နေတယ်။
အခြား စင်ရော်တွေကတော့ မနက် မိုးလင်းလာရင် အစာရဖို့ အစာစားဖို့ပဲ စိတ်ဝင်စားတယ်။ အစာရှိရာကို ပျံသွားမယ်။ အစာစားပြီးတဲ့အခါ ကမ်းခြေကို ပြန်လာမယ်။
တနေ့ တနေ့ ဒီလို စားရင်းနဲ့ပဲ အချိန်ကုန်တယ်။ အစာဆီကို သွားလိုက်၊ ကမ်းခြေကို ပြန်လိုက် ဒီအလုပ်ပဲ လုပ်တယ်။ ဒီထက်ပိုပြီး မလုပ်ချင်ဘူး။ အပျံကျင့်ဖို့တော့ ဝေလာဝေးပဲ။
စားဖို့ကို ဂရုမစိုက်ဘဲ အပျံကျင့်နေတဲ့ စင်ရော်လေးကို သူတို့က သက်သက်မဲ့ ပင်ပန်း ရှာနေတာလို့ သူတို့က မြင်တယ်။ စင်ရော်တို့ရဲ့ အစဉ်အလာကို ဖောက်ဖျက်နေတယ်လို့ မြင်တယ်။
အပျံကျင့်နေတဲ့ စင်ရော်ကလေးကို မြင်ယောင်ရင်းက…ဂရိ ဒဿန ပညာရှင်ကြီး ဆော့ခရတ္တိကို သတိရပါတယ်။
စွဲချက် အမျိုးမျိုးနဲ့ သူ့ကို သေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီ အဖွဲ့ကို ရည်ညွှန်းပြီး ဆော့ခရတ္တိက…
“သင်တို့ဟာ အသိပညာ ရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ် စင်ကြယ် တိုးတက်ရေး အတွက် အားမထုတ်ကြဘဲ တနေ့ပြီး တနေ့ ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာ မြင့်မားရေး၊ ထင်ပေါ် ကျော်စောရေး အတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော” တဲ့။ ပြောဖူးတယ်။
တကယ်တော့ လူများစွာဟာ မရှက်ကြပါဘူး။ ပစ္စည်း ဥစ္စာ တိုးတက်ရေး၊ ဂုဏ်သက္ခာ မြင့်မားရေး၊ ထင်ပေါ်ကျော်စောရေး အတွက်ပဲ နေ့ရှိသရွေ့ ကြိုးစားနေကြတာ၊ ဒါတွေကို ရရှိရေး အတွက်ပဲ စဉ်းစားနေကြတာ၊ ဒါတွေကို ရဖို့ ကြိုးစားရင်း၊ စဉ်းစားရင်း “အလို မပြည့်မီဘဲ လူဟာ သေရတယ်” ဆိုတဲ့ စကားအတိုင်း လောဘရဲ့ လှည့်စားမှု အတွင်းမှာ မကျေမနပ်နဲ့ဘဲ အသက် ကုန်သွားကြတယ်။ ဘဝ တခု ဆုံးသွားတယ်။
အသက် ရှင်နေခိုက်မှာ ထူးထူးခြားခြား လေးလေးနက်နက် “ဘဝ အသိ” ဆိုတာကို ရအောင် မရှာမိလိုက်ဘူး၊ ရအောင် မကြိုးစားဖြစ်ဘူး။
စင်ရော်ကလေး အပျံကျင့်သလို မသိမိုက်မှားမှုတွေကနေ လွန်မြောက်နိုင်အောင် မလေ့ကျင့်ဖြစ်လိုက်ဘူး။
*****
အထက်က အတွေးတွေနဲ့ ကျောက်ဆောင်ကြီးပေါ်ကို ရောက်လာတယ်။
Liam O’ Flaherty ရဲ့ His First Flight ဇာတ်လမ်းထဲက…ပင်လယ်ဘေး ကျောက်တောင်စွန်း ပေါ်ကနေ ပထမ အကြိမ် အဖြစ် ပျံထွက်ဖို့ အခက်ကြုံနေတဲ့ စင်ရော် ငယ်ကိုလည်း မြင်ယောင်နေပါတယ်။ ။
အင်တာဗျူး ဂျာနယ် နံပါတ် – ၁၂၃ (၂၄.၄.၂၀၀၂)
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို လှိုင်းသစ် စာပေက ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “သမုဒ်ပင်လယ်ပြာ နှိုင်းပမာ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)