စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုကျဆင်းသွား၍ ဝင်ငွေမရှိချိန်တွင် လျှပ်စစ် မီးမမှန်ခြင်း၊ ဘဏ်ချေးငွေအတိုးများတက်ခြင်း၊ လုပ်ငန်းလည်ပတ်စရိတ် ပိုမိုကုန်ကျလာခြင်းတို့ ဟိုတယ်လုပ်ငန်း အများစု ကို ပြန်လည် ရောင်းချလာကြကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစုတခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချလိုက်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့သည်။
ထို့အတူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ရန်ကုန်မြို့ရှိ နှစ်ပေါင်း ၂၅ နှစ်ကျော် သက်တမ်းရှိပြီး လူသိများထင်ရှားသော Savoy ကြယ်ငါးပွင့်ဟိုတယ်မှာလည်း ၎င်းတို့၏ လုပ်ငန်းများကို အပြီးပိတ်သိမ်းခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်ခြင်း၊ စီးပွားရေးကျဆင်းမှုများကြောင့် ဝင်ငွေမရှိဘဲ ဟိုတယ်လုပ်ငန်းကို ထိန်းသိမ်းရသည့် ကုန်ကျစရိတ်များ မြင့်တက်ကာ အရှုံးပေါ်လာသည့်အတွက် လုပ်ငန်းများကိုရပ်ဆိုင်းပြီး ပိတ်သိမ်း (သို့ မဟုတ်) ထုတ်ရောင်းခြင်းများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ဆိုကြသည်။
ခရီးသွားလုပ်ငန်းရှင်တဦး က “ဟိုတယ်တခုက သူ့အဆင့်အတန်းလိုက် Soft skill အတွက်လည်း နိုင်ငံခြားသား မန်နေဂျာ လိုမျိုး စားဖိုမှူးလိုလူတွေငှားထားရတဲ့ စရိတ်တွေက မသက်သာဘူး။ Demand ရှိတယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခု က ဟိုတယ်တွေက ဧည့်သည် မလာရင်ပိုကောင်းတယ်။ ဧည့်သည်လာရင် ၂ ခန်း၊ ၃ ခန်းအတွက်ရတဲ့ ပိုက်ဆံက မီးစက် မောင်းရတဲ့ ဆီဖိုးနဲ့ လူတွေ ခန့်ရတာနဲ့ မကာမိတော့ သူတို့လည်း အသာလေးပဲ နေလိုက်တော့တယ်။ အခြေအနေပေးရင် ရောင်းထုတ်လိုက်တယ်။ ဘဏ်ချေးငွေနဲ့ ဆောက်ထားတဲ့ ဟိုတယ်ကြီးတွေက ပိုထိတာပေါ့၊ အတိုးမဆပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားရင် အသိမ်းခံရနိုင်တာကို အဲဒီတော့ ရရာစျေးနဲ့ ထိုးရောင်းကြတဲ့ အခြေအနေတွေဖြစ်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေများအရ မြန်မာ့ခရီးသွားဒေသဖြစ်သော ရှမ်းပြည်နယ်၊ အင်းလေး၊ ညောင်ရွှေဒေသနှင့် ပုဂံ ဒေသ များတွင် တရားဝင်ဟိုတယ်လုပ်ငန်းလိုင်စင်ယူကာ လုပ်ကိုင်နေသော ဟိုတယ်လုပ်ငန်းပေါင်း ၂၅၀ ခန့် ရှိသော်လည်း ပြည် တွင်းပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ထိုအရေအတွက်၏ ထက်ဝက်ခန့်သာ လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “အင်းလေးကန် ပတ်ချာလည်မှာ ဖွင့်ထားနိုင်တာ ဟိုတယ်အလုံး ၄၀ တောင်မပြည့်ဘူး။ ညောင်ရွှေလို နေရာမျိုးဆိုရင် ည ၈ နာရီကျော်ရင် မြို့ပျက်ကြီးလိုပဲ၊ စားစရာဆိုရင်တောင် မရှိဘူး။ အရင်တုန်း က ဒီနေရာတွေက မိုးလင်း ပေါက် စည်ကားပြီး ပျော်စရာကောင်းတဲ့မြို့။ ရန်ကုန်၊ မန္တလေးက ဟိုတယ်တွေမှာ ကြယ်သုံးပွင့်၊ ကြယ်လေးပွင့် လောက်ပဲ အလုပ်ဖြစ်တယ်။ ရန်ကုန်မြို့က တဒါဇင်မကရှိနေတဲ့ ကြယ်ငါးပွင့်အထက် ဟိုတယ်ကြီးတွေတောင် တဝက်လောက်ပဲ ဖွင့်နိုင်တော့တယ်” ဟု ပြောသည်။
သို့သော် အားလပ်ရက် ပိတ်ရှည်ကာလများနှင့် အခါကြီးရက်ကြီးများတွင်မူ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ပုဂံ၊ ပြင်ဦးလွင် နှင့် တောင်ကြီး၊ ကလောဒေသများသို့ ပြည်တွင်းခရီးသွားအများစု သွားရောက်လည်ပတ်ကြပြီး ထိုဒေသရှိ လုံးချင်းအိမ်များနှင့် ဟိုတယ်လုပ်ငန်းများကမူ အလုပ်ပြန်ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက အနည်းဆုံး ကျပ်သိန်း ၃ ထောင်မှ ကျပ်သိန်း ၄ သောင်းကျော်၊ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိ အခန်းပေါင်း ၅၀ နှင့်အထက်ရှိသော ဟိုတယ် ၂၇ လုံး ရောင်းချရန် Luxury House အမည်ရှိ အိမ်ခြံမြေ ဝန် ဆောင်မှုကုမ္ပဏီတခု၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာထားသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး၌ ဟိုတယ်အလုံးပေါင်း ၁၉၀၀ ကျော်နှင့် အခန်း ပေါင်း ၈ သောင်းကျော်ရှိပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေးအပါအဝင် ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ရှမ်းပြည်နယ်တို့မှ ဟိုတယ်အလုံးပေါင်း ရာနှင့်ချီ ရောင်းချရန် ပြင်ဆင်မှုများရှိနေသည်။
ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းရှင်တဦးက “ပုဂံလိုဒေသက လျှပ်စစ်မီးမှန်ကို အဆင်ပြေမယ့်ဒေသပေါ့။ ပုဂံက ဘယ်မြို့နဲ့မှ မတူဘူး။ ဒီလာတဲ့ ဧည့်သည်နဲ့ လုပ်စားနေရတဲ့ စီးပွားရေးပဲရှိတော့ ဧည့်သည်ကို မျှော်ကိုးရတဲ့အချိန်မှာ လျှပ်စစ်မီးမမှန်၊ Facilities က အောက်နေတော့ အလုပ်က မဖြစ်တော့ဘူး” ဟု ပြောဆိုသည်။
ထို့ပြင် ပုဂံသို့ လာရောက်လည်ပတ်ကြမည့် အနည်းငယ်သော ပြည်တွင်းခရီးသွားများအပါအဝင် နိုင်ငံခြားခရီးသွားများကို လမ်းခရီး၌ စစ်ဆေးမှုများ တင်းကျပ်ထားခြင်းကလည်း ခရီးသွားလုပ်ငန်းအပေါ် များစွာထိခိုက်မှုရှိနေကြောင်း ၎င်းက ဆို သည်။
၎င်းက ဆက်လက်၍ “ မီးပုံးပျံ လာစီးမယ်၊ ဟိုတယ်လာတည်းရုံနဲ့ မပြီးဘူးလေ။ တခြားစားသောက်ဆိုင်တွေ Night Life (ညဖျော်ဖြေရေးလုပ်ငန်း) တွေ ပါမှပဲ လာတဲ့ ဧည့်သည်က ပျော်စရာကောင်းမယ်။ လုံခြုံရေးအနေနဲ့ကလည်း ပုဂံမှာ ဧည့် သည်ကို ပေးတဲ့ လုံခြုံရေးမျိုးဖြစ်စေချင်တယ်။ နောက်ပြီး ဧည့်သည်ကို ဧည့်သည်လို စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးတွေ ဖြစ် စေချင်တယ်” ဟု ပြောဆိုသည်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံခြားခရီးသွားများ သွားရောက်လည်ပတ်ရန်အတွက် အန္တရာယ်ရှိ သော နိုင်ငံစာရင်း၌ ရှေ့တန်းရောက်လာခဲ့ပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံကြီးများ၊ ဂျပန်နှင့် တောင်ကိုရီး ယားနိုင်ငံသားများသည် လာရောက်လည်ပတ်မှု မရှိသလောက်ဖြစ်သွားကာ၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ဂရိ၊ စပိန် အပါ အဝင် လက်တင်အမေရိကနိုင်ငံတချို့မှ ခရီးသွားအနည်းငယ်သာ လာရောက်လည်ပတ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်ကလည်း နိုင်ငံခြားသားခရီးသွား ပြန်လည်ဝင်ရောက်လာစေရေးအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံကို ဆိုက် ရောက်ဗီဇာ (Tourist Visa On Arrival) ခွင့်ပြုပေးထားပြီး၊ အာဆီယံနိုင်ငံများထဲမှ မလေးရှားနိုင်ငံမှ လွဲပြီး ကျန်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့်ပြုပေးထားသည်။
သို့သော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းလိုင်းအများစု ပြန်လည်ပြေးဆွဲခြင်း မရှိခြင်း၊ ခရီးစဉ်ဒေသနေရာများ အနီး၌ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ပြည်တွင်းရေး မငြိမ်မသက်မှုများနှင့် စျေးနှုန်းမြင့်တက်မှုများကြောင့် နိုင်ငံခြားသား ခရီး သွားအများအပြားပြန်လည် ဝင်ရောက်ရန် မျှော်လင့်ထား၍ မရနိုင်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တိုးရစ်ဗီဇာဖြင့် နိုင်ငံခြားသား ၂ သိန်း ၃ သောင်းခန့်ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ ထိုပမာဏသည် မြန်မာနိုင်ငံသို့ ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု၏ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။
You may also like these stories:
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား
ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ
စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့ ရန်ကုန်ထဲက ပြည်သူများ
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ














