ကမ္ဘာလှည့်ခရီးသည် အများအပြား ရောက်ရှိလာသည်ဆိုသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်များကို မြန်မာ့ခရီးသွားလုပ်ငန်းက အပြင်းအထန် ပယ်ချလိုက်သည်။
မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း မြန်မာကို နိုင်ငံခြားခရီးသွား ၆ သိန်းကျော် ဝင်ရောက်ပြီး အရင်နှစ်ကထက် ၆ ဆတိုးလာတယ်” ဟု ၎င်းကပြောသည်။
သို့သော် အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။
“အဲဒီ ကိန်းဂဏန်းရအောင် ဘယ်လိုတွက်လိုက်တယ်တော့ မသိဘူး။ ဒါပေမယ့် အဲဒီအရေအတွက်က မဖြစ်နိုင်ဘူး” ဟု ခရီးသွားလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
တရုတ်၊ ထိုင်းနှင့် အခြား အာရှနိုင်ငံများမှ ခရီးသည်အချို့ လာသော်လည်း ဂျပန် ခရီးသည်များ မလာတော့ကြောင်း ၎င်းကပြောသည်။
၂၀၁၉ ခုနှစ်တွင် မြန်မာသို့ ပြည်ပခရီးသည် ၄ ဒသမ ၃ သန်းလာပြီး အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ခရီးသည် ၂၃၀,၀၀၀ လာကြောင်း စစ်ကောင်စီစာရင်းအရ သိရသည်။
အမေရိကန် ပြည်ထောင်စုက လက်နက်ကိုင် ပဋိပက္ခများ၊ လူမှုမငြိမ်သက်မှု၊ မှားယွင်းဖမ်းဆီးခြင်း၊ မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများနှင့် ခဲယမ်းများကို ကိုးကားပြီး မြန်မာနိုင်ငံသို့ ခရီးသွားခြင်းကို အမြင့်ဆုံးအဆင့်အထိ သတိပေးထားသည်။
ဝန်ထမ်းများသည် ခရီးသွားလုပ်ငန်းကို စွန့်ခွာနေကြပြီး တနိုင်ငံလုံးတွင် ဟိုတယ်များကို ပြန်လည် ရောင်းချနေကြသည်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် လုပ်ငန်းပိတ်သိမ်း သို့မဟုတ် စီးပွားရေး ပုံစံပြောင်းလဲကာ တခါတရံ နိုင်ငံသားများ မြန်မာမှထွက်ခွာရန် ကူညီနေသည်။
“ခရီးသည် မလာလို့ ပြည်ပခရီးစဉ်တွေ ရောင်းနေတယ်။ ရွေတိဂုံဘုရားမှာတောင်မှ လူမရှိဘူး” ဟု ရန်ကုန်မှ လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း တနေ့လျှင် ပြည်ပ ဘုရားဖူး ၃၀၀ ခန့်ရှိပြီး အများစုသည် ထိုင်းနှင့်တရုတ်မှဖြစ်ကြောင်း ပြောသောကြောင့် ၂၀၂၀ ပြည့်နှစ်က တလလျှင် ပြည်ပခရီးသည် ၉၀,၀၀၀ မှ ကျဆင်းသွားခြင်းဖြစ်သည်။
စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက ပုဂံ၊ ကလော၊ ငွေဆောင်၊ ချောင်းသာနှင့် ပြင်ဦးလွင် အပါအဝင် ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းနေရာ ၁၄ ခုရှိကြောင်း ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပုဂံတွင် ခရီးသည် မတွေ့ရသလောက် ဖြစ်နေကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ပုဂံမှ ဟိုတယ်မန်နေဂျာတဦးက ပြောသည်။
“အာရှက ခရီးသည် တယောက် နှစ်ယောက်ပဲ ရှိတယ်” ဟု ဧရာဝတီသို့ ၎င်းကပြောသည်။
ရှမ်းပြည်တောင်ပိုင်းမှ ကလောတွင် ပြည်တွင်းခရီးသွား အနည်းငယ်သာရှိကြောင်း ဒေသခံများက ပြောသည်။ ထိုအပန်းဖြေ စခန်းမြို့တွင် လန်းဆန်းသော ရာသီဥတု၊ လှပသော ရှုခင်းနှင့် တောင်တက်ခရီးသွားရန် အခွင့်အလမ်းများ ရှိသည်။
စစ်ကောင်စီသည် တရုတ်နှင့် အိန္ဒိယမှ ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ပေးသော်လည်း လာရောက်သူ အနည်းငယ်သာ ရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Travel Sector Mocks Junta Tourist Claim ကို ဘာသာပြန်သည်။)
You may also like these stories:
အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
နိုင်ငံတကာလေကြောင်းလိုင်းများ ဖွင့်လိုက်ခြင်းက ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်မလား
အသက်မဲ့သွားတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း (ရုပ်/သံ)
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း