ခရီးသည်၏ အလုပ်သည် ကမ္ဘာလောကကြီးထဲတွင် လှည့်လည် သွားလာရခြင်း ဖြစ်သည်။
မိမိ၏ ဘဝကို မြစ်ရေစီးကြောင်းကဲ့သို့ အမြဲမပြတ် စီးဆင်းနေစေ ရလိမ့်မည် ဖြစ်၍ ခရီးလှည့်လည် သွားလာ သူသည် ခရီး ရေစီးကြောင်း၌ ပေါ်ပေါက်လာနိုင်သော အနှောင့်အယှက် အဟန့်အတားများကို သတိထားရ ပေလိမ့်မည်။ ယင်း အနှောင့် အယှက် အဟန့်အတားများနှင့် ပတ်သက်၍ အချို့ကို ပြောပြခဲ့ပြီးပြီ။
သို့ရာတွင် ခရီး လှည့်လည် သွားလာသူ လုလင်၏ ခရီးလမ်းတွင် ရှိနေသော အကြီးမားဆုံး အနှောင့်အယှက် အဟန့် အတားမှာ ချစ်ရေး ချစ်ရာ ကိစ္စ ဖြစ်သည်။
ချစ်ခြင်း၏ အဓိပ္ပာယ်မှာ မိန်းမနှင့် ယောက်ျား တဦးနှင့်တဦး ချစ်ခင်ခြင်း ဖြစ်သည်။ သို့မဟုတ် ကိုယ်ကာယ အရ လည်းကောင်း၊ စိတ်ဓာတ်အရ လည်းကောင်း တွယ်တာ ကပ်ငြိခြင်း ဖြစ်သည်။
ချစ်ခြင်း ဟူသည်မှာ အသွင်သဏ္ဌာန်မဲ့၊ အထည် ဒြပ်မဲ့ စိတ်ဓာတ်အရ တွယ်တာ ကပ်ငြိနေခြင်း ဖြစ်သည် ဟူ၍ ပြောဆို နိုင်သော်လည်း ချစ်ခြင်းသည် ထက်သန် အားကောင်းသော အရာမဟုတ် ဟူ၍ ပြော၍ မရပေ။
ချစ်ခြင်းသည် ထက်သန် အားကောင်းသော မြစ်ရေစီးကြောင်းကိုပင် ဟန့်တား ထားနိုင်သည့် စွမ်းရည် ရှိသည်။
ကိုယ်လွတ် စိတ်လွတ် နေတတ်သော လူ၏ အကြီးမားဆုံးသော အားနည်းချက်သည် ချစ်ခြင်း၌ တည်ရှိနေသည်။
ခရီးလှည့်လည် သွားလာသူ၏ ဘဝ တခုလုံး၌ လူအပေါင်းတို့ အပေါ်တွင် ချစ်ခင်မှု အပြည့် ရှိနေသည်။ ယင်း ဘဝ နိယာမ သဘောတရားသည် မည်သည့် နေရာတွင်မှ ခြွင်းချက် မထားပေ။
ယောက်ျား ယောက်ျားချင်း ချစ်သော အချစ်သည် ပုံသဏ္ဌာန်မဲ့ အထည် ဒြပ်မဲ့ နယ်နိမိတ်ဖြင့် ဘောင်ခတ်ထား၍ ရသည်။
ယောက်ျားနှင့် မိန်းမ ချစ်သော အချစ်ကိုမူ ပလာတိုနစ် အချစ်မျိုးကိုတောင်မှ ဘောင်ခတ်ထား၍ မရနိုင်ပေ။
ခရီး လှည့်လည် သွားလာသူသည် ခရီး လှည့်လည် သွားလာရင်း တစုံတခုသော နေရာဌာနသို့ ရောက်ရှိသွားသည်။ သူ၏ လိုက်လျော ညီထွေ ပြုတတ်သော အပြုအမူကြောင့် ယခင်က မိမိနှင့် အကျွမ်းတဝင် မရှိခဲ့သော နေရာဌာနမှ မိန်းမနှင့် ယောက်ျားများသည်ပင် ထိုခရီးသည်နှင့် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိသွားတတ်ကြသည်။
ထိုအခါမျိုး၌ သူတို့၏ အချစ်သည် အထည်ကိုယ် ဒြပ် ရှိသော အချစ်အဖြစ် ပြောင်းလဲသွားနိုင်သည်။
လူပေါင်းများစွာတို့သည် စင်ကြယ်သော၊ အထည်ကိုယ်ဒြပ် မရှိသော၊ ရုပ်ဝတ္ထုအရ မဟုတ်သော ပလာတိုနစ် အချစ်နှင့် ပတ်သက်၍ အကြီးအကျယ် အမွှမ်းတင်ကြသည်။
မိန်းမနှင့် ယောက်ျား၏ အချစ်သည် စင်ကြယ် သန့်ရှင်းသော အဆင့်ထိ သတ်မှတ် ပိုင်းခြားနိုင်သည် ဟူ၍ နားလည်ဖို့ ကြိုးစားကြသည်။
သို့ရာတွင် ယင်း အဓိပ္ပာယ် အဖွင့်သည် မိမိ အယူအဆကို မြှင့်တင်ပြီး သူတပါး အယူအဆကို နှိမ့်ချခြင်းထက် အနက် အဓိပ္ပာယ် ပိုထွက်လိမ့်မည် မဟုတ်ပေ။
ယခင်က ကျွန်ုပ် ပြောပြခဲ့သည့် အတိုင်းပင် ခရီး လှည့်လည် သွားလာသူသည် မိမိ၏ ရိုးရိုးပုံမှန် ချစ်တတ် ခင်တတ်သော သဘောကြောင့် လည်းကောင်း၊ ချစ်ခင် ကြင်နာမှု အပြည့်ရှိသော အပြုအမူကြောင့် လည်းကောင်း အန္တရာယ် ဖြစ်ပေါ် လာမှာ မစိုးရိမ်ရပေ။
တဦးနှင့် တဦး ချစ်ခင်ခြင်းသည် ခိုင်မာ အားကောင်းလာသော အခါကျမှသာ အန္တရာယ် ဖြစ်လာမှာ စိုးရိမ်ရသည်။
ချစ်ခင် ကြင်နာမှု ခိုင်ခိုင်မာမာ ဖြစ်မလာစေရန် အတွက် ခရီးသည်တို့၏ ဆရာ့ ဆရာကြီး အချို့သည် ခရီးသည် တဦး အနေနှင့် ရွာ တရွာ၌ တညထက် ပိုပြီး မနေရ ဟူသော စည်းမျဉ်းကို သတ်မှတ်ထားကြသည်။
ရည်ရွယ်ချက် သို့မဟုတ် ဦးတည်ချက် မရှိဘဲ ခရီးသွားကြသော ခရီးသည်များ အတွက်မူ ယင်း စည်းမျဉ်းသည် သင့်လျော်ကောင်း သင့်လျော် ပေလိမ့်မည်။
သို့ရာတွင် ခရီး လှည့်လည် သွားလာသူသည် ခရီး လှည့်လည် သွားလာရင်း ကမ္ဘာလောကအား မျက်လုံး ဖွင့်ကြည့် ရသည်။ ဒေသန္တရ၌ ရှိသော ပတ်ဝန်းကျင်များနှင့် လူပုဂ္ဂိုလ် များကို လေ့လာ အကဲခတ်ရသည်။
ယင်းသို့ ပြုလုပ်ရန် အတွက် လျှပ်တပြက် ကြည့်ရုံမျှနှင့် အောင်မြင် ထမြောက်မှု မဖြစ်နိုင်ပေ။ အရေးပါ အရာရောက်သော ဌာနတိုင်း၌ အချိန် ပေးရလိမ့်မည်။ ယင်း အချိန်ကာလသည် နှစ်လ သုံးလမှစ၍ တနှစ် ၂ နှစ်အထိ ကြာချင် ကြာပေ လိမ့်မည်။ ထို့ကြောင့် ယင်းသို့ ပြုလုပ်သည့် အခါ ချစ်ခင် ရင်းနှီးမှု ခိုင်မာသွားမှာ အမှန်တကယ်ပင် စိုးရိမ်ရသည်။
ယင်းကဲ့သို့သော နေရာမျိုး အတွက် ဗုဒ္ဓသည် အကာအကွယ် နှစ်ခုကို ညွှန်ကြား ဟောပြထားတော်မူသည်။
တခုမှာ “ဟီရိ” ဖြစ်ပြီး အခြားတခုမှာ “သြတ္တပ္ပ” ဖြစ်သည်။ ရှက်ခြင်း နှင့် ရွံ့ခြင်း ဖြစ်သည်။
ဗုဒ္ဓသည် “ဟီရိ” နှင့် “သြတ္တပ္ပ” ကို ဖြူစင်သော၊ မြင့်မြတ်သော ဓမ္မအဖြစ် ဟောကြားထားတော် မူသည်။
“ဟီရိ” နှင့် “သြတ္တပ္ပ” တရားနှစ်ပါး၏ အကူအညီဖြင့် ကျဆုံး မသွားအောင် ရှောင်ကွင်း သွားနိုင်သည်။
အခြား တရား စကားများ ကဲ့သို့ပင် ဗုဒ္ဓ၏ ဤသာမန် ရိုးရိုး တရားစကား၌လည်း အနှစ်သာရ အပြည့် ရှိနေသည်။
“ဟီရိ” နှင့် “သြတ္တပ္ပ” တရားနှစ်ပါးသည် လူတယောက်အား ချောက်ထဲ မကျအောင် ကာကွယ်သည် ဆိုသည်မှာ သံသယ ဖြစ်စရာ မလိုပေ။
မိမိ၏ တိုင်းပြည်၊ မိမိ၏ လူမျိုး၊ မိမိ၏ လူ့အဖွဲ့အစည်း၏ ဂုဏ်ကို မြှင့်တင်လိုသော ပုဂ္ဂိုလ်သည် “ဟီရိ” နှင့် “သြတ္တပ္ပ” တရားနှစ်ပါးကို စောင့်ထိန်းဖို့ မမေ့သင့်ပေ။
အဆင့်မြင့် ခရီး လှည့်လည် သွားလာသူသည် မိမိ၏ အပြုအမူကြောင့် မိမိ၏ တိုင်းပြည် အညစ်အကြေး စွန်းထင်းသွားမည့် အလုပ်မျိုးကို မည်သည့်အခါမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် “ဟီရိ” နှင့် “သြတ္တပ္ပ” တရားနှစ်ပါး၏ အရေးပါ အရာရောက်မှုကို လျှော့တွက်၍ မရပေ။ ခရီး လှည့်လည် သွားလာသူတို့၌ ယင်းတရား နှစ်ပါး သာသာထိုးထိုး ရှိနေသင့်သည်။
သို့ရာတွင် အခက်အခဲ တခုကလည်း ရှိနေသေးသည်။ တဦးနှင့် တဦး အပေးအယူ ရှိကြသော ပုဂ္ဂိုလ်များတွင် တယောက်နှင့် တယောက် ချစ်ခင်မှု ခိုင်မာ အားကောင်းနေကြသူ ဖြစ်၍ “သြတ္တပ္ပ” တရား လျော့ပါသွားကြသည်။
တပြိုင်တည်းမှာပင် တဦးနှင့် တဦး နားလည်မှု ရှိကြသောကြောင့် “ဟီရိ” တရားလည်း လျော့ပါးသွားသည်။ ယင်းသို့ အားဖြင့် “ဟီရိ” နှင့် “သြတ္တပ္ပ” တရားသည် တစုံတခုသော အတိုင်းအတာ အထိသာ အကာအကွယ် ပေးနိုင်သည်။
မိန်းမနှင့် ယောက်ျား တဦးနှင့် တဦး ချစ်ခင် တွယ်တာခြင်းသည် လည်းကောင်း၊ ယင်းချစ်ခင် တွယ်တာမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်သည် လည်းကောင်း လူတို့အတွက် ရင်ဆိုင်ရသော ထာဝရ ပြဿနာ တရပ် ဖြစ်ပေသည်။
ယင်း ပြဿနာကို ဖြေရှင်းရန် အတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်း အားထုတ်ကြသည်။ ကမ္ဘာဦး လူ့အဖွဲ့အစည်း၌ ယင်း အလေ့အထသည် ပြဿနာ မဟုတ်ပေ။
မိန်းမနှင့် ယောက်ျား နှစ်ယောက်၏ ပေါင်းသင်း ဆက်ဆံခြင်းသည် ဓမ္မတာ သဘာဝ အရ ဖြစ်ပြီး လူ့အဖွဲ့အစည်း အနေနှင့်လည်း ကန့်ကွက်ခြင်း၊ ဆန့်ကျင်ဘက် ပြုခြင်း လုံးဝ မရှိသောကြောင့် ဖြစ်သည်။
သိုရာတွင် လူ့အဖွဲ့အစည်း တိုးတက်မှု ရှိလာပြီး အထူးအားဖြင့် မိန်းမ၏ နေရာတွင် ယောက်ျားက လူ့အဖွဲ့အစည်း၏ အရှင် သခင် ဖြစ်လာသော အချိန်မှစ၍ ယောက်ျားသည် မိန်းမနှင့် ယောက်ျား၏ ဓမ္မတာ သဘာဝ အရ ပေါင်းသင်း ဆက်ဆံမှုကို အနှောင့်အယှက် အဟန့်အတား အမျိုးမျိုး ပြုလုပ်ခဲ့သည်။ အနှောင့်အယှက် အဟန့်အတားများကို ဖန်တီးပြီးလျှင် အခွင့် အလမ်းများကိုလည်း ဖန်တီးသည်။
ကမ္ဘာဦး လူသား အဆင့် ဟူ၍ လုံးဝ ပြော၍မရသော လူမျိုစု များစွာတို့၌ပင် ဧည့်သည်ကို မိန်းမနှင့် ဧည့်ဝတ်ပြုကြသည်။ မိန်းမကို ဆအ်ခြင်းသည်လည်း ဧည့်ဝတ်တမျိုး ဖြစ်နေသည်။
ဂရိ ဒဿန ပညာရှင် ဆိုကရေးတီးသည် သူ၏ ဧည့်သည်ကို သူ၏ ဧည့်သည်ကို ထိုနည်းအတိုင်း ဧည့်ဝတ် ပြုခဲ့သည်။ ဒေဟရာဒုန်းဒ်စတြိတ်ရှိ ဂျုံဆာရဒေသ၌ ယခု ရာစုနှစ် အစလောက်အထိ ဧည့်သည်အား ယင်းကဲ့သို့ ဧည့်ဝတ်ပြုခြင်းသည် အရိုးခံ အလုပ်တခုမျှသာ ဖြစ်ခဲ့သည်။
“ဟီရိ” နှင့် “သြတ္တပ္ပ” အပြင် ခရီး လှည့်လည် သွားလာသူ အနေနှင့် မိမိကိုယ်ကို ကာကွယ်နိုင်သော အခြားအရာများလည်း ရှိသေးသည်။ လိင်ဆက်ဆံမှု အလွယ်တကူ ရရှိသော နေရာမျိုး၌ လိင်ဆက်ဆံမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလည်း ရှိသည်။
မဖွံ့ဖြိုး မတိုးတက်သေးသော လူ့အဖွဲ့အစည်းများ၌ လိင်ဆက်ဆံမှု တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားခြင်း မရှိပေ။
ဟိမဝန္တာ ဒေသ၌ နေထိုင်ကြသူများသည် လိင် ဆက်ဆံမှုနှင့် ပတ်သက်၍ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကလူများ အတိုင်း လိုလို ဖြစ်နေသည်။
အင်္ဂလိပ်တို့သည် ဟိမဝန္တာဒေသ အချို့ နေရာများ၌ ယာယီ စခန်းများ အများအပြား ဖွင့်ထားကြသည်။ ယင်း ယာယီ တဲစခန်းများသို့ လွင်ပြင်မှ လူများလည်း ရောက်ရှိလာကြသည်။ ယင်း ယာယီ တဲစခန်းများသည် ကာလသား ရောဂါ ပြန့်ပွားအောင်လုပ်သည့် အလုပ်များကို အများအပြား လုပ်ကြသည်။
ယင်း ယာယီ တဲစခန်းများ၏ ပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ ရာနှုန်း ၇၀ မျှသော မိန်းမ ယောက်ျားများသည် ကာလသား ရောဂါ စွဲကပ်နေကြသူများ ဖြစ်ကြသည်။ ဆင်းမလား ပတ်ဝန်းကျင်ရှိ အချို့ရွာများမှာ ပျက်သလောက် ဖြစ်ကုန်ကြပြီ။
ခရီး လှည်လည် သွားလာသူသည် ယင်း ဘေးအန္တရာယ်ကို အထူးသတိထားသင့်သည်။ လိင်ဆက်ဆံမှု အလွယ်တကူ ရရှိသော နေရာမျိုး၌ ကာလသား ရောဂါ စသော ရောဂါဆိုးများလည်း အလွယ်တကူ ရရှိတတ်သည်။
လိင်ဆက်ဆံမှု အလွယ်တကူ ရရှိသော နေရာမျိုး၌ကား “ဟီရိ” နှင့် “သြတ္တပ္ပ” ကို ဒိုင်းသဖွယ် ရှိထားသင့်သည်။ ယင်းသို့ ပြုလုပ်လျှင်ကား ခရီးသည် လုလင် တို့သည် မိမိတို့ကိုယ် မိမိ ကောင်းစွာ ကာကွယ်နိုင်ပေလိမ့်မည်။
မိန်းမနှင့် ယောက်ျား တယောက်နှင့် တယောက် တပ်မက်ခြင်းသည် အလွန်တရာ အားကောင်းသော အရာ ဖြစ်သည်။
ခရီးသည် တဦးတယောက် အတွက် မိမိ၏ ကျင့်ဝတ်၊ မိမိ၏ ဘာသာတရားကို ပစ်ပယ်မထားဘဲ ဘဝခရီးကို အဆုံးအထိ သွား၍ ရနိုင်ပါမည်လော ဟူသည့် ပြဿနာ ပေါ်လာသည်။
ခရီးသည် နှစ်ဦးသည် တဦးနှင့် တဦး ချစ်ကြသည် ဆိုလျှင် သူတို့၏ အချစ်သည် သူတို့ အတွက် ကျော့ကွင်း အဖြစ်မျိုး ရောက်မသွားအောင် သတိပြုရမည်။
ခရီးသွားဖော် နှစ်ဦး နှစ်ယောက်၏ ချစ်ခြင်းမျိုး ဖြစ်ရလိမ့်မည်။ ခြေလေးချောင်းထက် ပိုမလာဖို့ သတိပြုရမည်။
စည်းကမ်းချက်မှာ ခက်ခဲသည် ဖြစ်သော်လည်း ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်ကြံ အားထုတ်သူသည် ယင်း စည်းကမ်းချက်များ အတွက် အဆင်သင့် ဖြစ်နေရမည်။
(ရာဟုလာ သံကိစ္စည်း၏ “ဃူမက္ကရသျှတ္တရ” မှ)
(စာရေးဆရာကြီး ပါရဂူ ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၂၀၀၀ ပြည့်နှစ် မေလတွင် ထုတ်ဝေသော “အတွေးအမြင်” စာစောင်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ ဆရာကြီး ပါရဂူ မြန်မာပြန်သော ရာဟုလာ သံကိစ္စည်း၏ “ဃူမက္ကရသျှတ္တရ ခြေသလုံးအိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း” စာအုပ် ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)