အတွေးအခေါ် အယူအဆ တခုဟာ ဘယ်လောက်ပဲ ရှေ့နောက် ညီညွတ်နေပေမယ့် ဟုတ်ပြီ မှန်ပြီလို့ မယူဆသင့် သေးကြောင်းကို တွေးခေါ်ပညာရှင်တွေက အထောက်အထားတွေ၊ ဘဝ ဖြစ်ရပ်တွေနဲ့ ဆက်စပ် ဖော်ပြတတ်ကြ ပါတယ်။
ပြီးတော့…
အစွဲဥပါဒါန်တွေနဲ့ တွေးခေါ် ကြံဆထားတဲ့ အယူအဆ တရပ်ဟာ တမင်ဆင်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်း တခုလို ဖြစ်နိုင်တယ်။
ကိုယ့်ဆင်ခြေတွေ ကိုယ်ပေးပြီး ကိုယ်လိုတဲ့ နိဂုံးကို ရောက်နိုင်တဲ့ ရှေ့နောက်ကိုက်ညီ ဆီလျော်မှုတွေကို ရှာတတ်တယ် လို့လည်း ဆိုကြပါတယ်။
သည်သဘောမျိုးကို အောက်ပါ ဖြစ်ရပ်က ဖော်ညွှန်းနေပါတယ်။
*****
ပါမောက္ခကြီး တဦးဟာ လူ့အသိဉာဏ်နဲ့ သက်ဆိုင်တဲ့ အလွန် လေးနက်တဲ့ ကျမ်းကြီး တကျမ်းကို ပြုစုနေပါတယ်။ သူ့ကို လေးစား မြတ်နိုး အထင်ကြီးတဲ့ ဇနီးက သူ့ လက်ရေးမူကြမ်းတွေကို အချော ကူးပေးပါတယ်။
ပါမောက္ခကြီးရဲ့ ဇနီးဟာ နေ့မအား ညမအား စာမူတွေကို အချော ကူးပေးနေရတော့ အိမ်ထောင် ထိန်းသိမ်းမှုတွေ လစ်ဟင်းနေပါတယ်။
တအိမ်လုံး အမှိုက်သရိုက်တွေကလည်း ရှုပ်ပွပြီး ကြွက်တွေကလည်း သောင်းကျန်းနေပါတယ်။
တခုသော နေ့လယ်ခင်းမှာ စာကူးပေးနေရင်းက ကျောညောင်းတာနဲ့ ပါမောက္ခကြီးရဲ့ ဇနီးဟာ ကြမ်းပေါ်မှာ ပက်လက် လှန်ပြီး ခေတ္တ အနားယူတယ်။ ပင်ပန်းလွန်းနေတဲ့ အတွက် ချက်ချင်းပဲ အိပ်ပျော်သွားရှာပါတယ်။ ဇနီး ဖြစ်သူဟာ ပါးစပ်ကလေး ဟပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျနေရှာပါတယ်။
အဲဒီ အခိုက် ကြောင်တကောင်ရဲ့ အလိုက်ကို ခံရတဲ့ ကြွက်ငယ် တကောင်ဟာ အသက်လုပြီး ပြေးလာရင်းက ဟလျက်သား ရှိနေတဲ့ ပါမောက္ခကြီးရဲ့ ဇနီး ပါးစပ်ထဲကို တဟုန်ထိုး ပြေးဝင်သွားတယ်။ အားကုန် သွန်ပြီး လိုက်လာတဲ့ ကြောင်လည်း ကြွက်နောက်က ပြေးဝင် လိုက်သွားတယ်။
သည်အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ပါမောက္ခကြီးဟာ ရုတ်တရက် ဘာလုပ်ရမှန်း မသိ ဖြစ်နေပါတယ်။ ရှိသမျှ ဉာဏ်တွေ လက်ကုန် ဆန့်ကြည့်ပေမယ့် ဘာလုပ်ရမှန်း မသိတဲ့ အတွက် လမ်းထိပ်က ဆရာဝန်ဆီ ပြေးပါတယ်။
ဆရာဝန်ထံကို ရောက်တဲ့အခါမှာ သူ့ဇနီးရဲ့ ပါးစပ်ထဲကို ကြွက်ရော ကြောင်ပါ ဝင်နေတဲ့ အကြောင်း ပြောပြပြီး ကြွက်နဲ့ ကြောင်ကို ထုတ်ယူဖို့ လိုက်ခဲ့ပါရန် ခေါ်ပါတယ်။
ဆရာဝန်က အရေးကြီးတဲ့ လူနာကို စမ်းသပ်နေဆဲ ဖြစ်လို့ ပါမောက္ခကြီးကို “အိမ်ကို မြန်မြန် ပြန်နှင့်ပါ၊ လမ်း ဒိန်ခဲ တခု ဝယ်သွားပါ။ အိမ်ကို ရောက်ရင် ခင်ဗျားဇနီးရဲ့ ပါးစပ်ရှေ့မှာ ဒိန်ခဲကို ကြိုးနဲ့ ချည်ဆွဲပြီး ပြထား၊ ဒါဆို ကြွက်ဟာ ဒိန်ခဲ အနံ့ရပြီး ပြန်ထွက်လာပါလိမ့်မယ်။ ကျုပ် ခဏကြာတော့ လိုက်လာခဲ့မယ်” လို့ မှာကြားလိုက်ပါတယ်။
ပါမောက္ခကြီးဟာ အလျင်အမြန် ပြန်ထွက်သွားပါတယ်။
များမကြာခင် ဆရာဝန်ဟာ ပါမောက္ခကြီးရဲ့ အိမ်ကို လိုက်သွားပါတယ်။ ဟိုရောက်တော့ သူညွှန်ကြားလိုက်တာနဲ့ ပါမောက္ခကြီး လုပ်နေတာ တခြားစီ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဘယ်လိုလဲ ဆိုတော့ ပါမောက္ခကြီးဟာ ဒိန်ခဲကို နံဘေးချထားပြီး ငါးကြော် တကောင်ကို ကြိုးချည်ပြီး သူ့ဇနီးရဲ့ ပါးစပ် ရှေ့မှာ ပြနေတာကို တွေ့ရလို့ပါပဲ။
ဆရာဝန်က “ဘာကြောင့် ဒိန်ခဲ မပြတာလဲ” မေးတော့၊ ပါမောက္ခကြီးက “ရှေ့က ဝင်သွားတာက ကြွက်၊ နောက်က ဝင်လိုက်သွားတာက ကြောင်၊ ကြွက်ပေါ်မှာ ကြောင်ရှိနေတယ်။ ကြောင်ထွက်ပြီးမှသာ ကြွက်က ထွက်လာနိုင်မှာ။ ဒီတော့ ကြောင်ထွက်လာအောင် အလျင်အဦး လုပ်ရမယ် ဆိုတဲ့ အတွေးအခေါ်နဲ့ အခုလို ငါးကြော် ပြနေတာပဲ” လို့ ရှင်းပြတယ်။
ဆရာဝန်က “ပါမောက္ခကြီးရဲ့ တွေးခေါ်ပုံဟာ ရှေ့နောက် ဆီလျော် ညီညွတ်ပြီး သဘာဝကျပါပေတယ်” လို့ ပြောရင်း ရပ်ကြည့်နေပါတယ်။
မကြာခင် ကြောင်ဟာ ငါးကြော်နံ့ ရပြီး ထွက်လာပါတယ်။ ပါမောက္ခကြီး ဆွဲထားတဲ့ ငါးကြော်ကို ဖျတ်ခနဲ ဖမ်းယူ ကိုက်ချီပြီး ပြေးထွက်သွားတယ်။
ပါမောက္ခကြီးဟာ ဒိန်ခဲကို ကြိုးနဲ့ချည်ပြီး ဇနီးရဲ့ ပါးစပ်ရှေ့မှာ ပြပြန်တယ်။ မကြာခင် ဒိန်ခဲနံ့ ရတဲ့ ကြွက်ငယ်ဟာ ထွက်လာပါတယ်။
ဒါပေမယ့် ကြောင်ရဲ့ အဖိကို ခံထားရတဲ့ ကြွက်ငယ်ဟာ အပြင်ကို ရောက်တဲ့အခါမှာ အတော် နာကျင် ပင်ပန်းနေပါတယ်။ ဒိန်ခဲကိုတောင် မစားနိုင်ဘဲ ငြိမ်ကုတ်နေပါတယ်။
မကြာခင်မှာ ပါမောက္ခကြီးရဲ့ ဇနီးဟာ အိပ်ပျော်ရာက လန့်နိုးလာပါတယ်။ ဇနီး ဖြစ်သူဟာ ပါမောက္ခကြီးနဲ့ ဒိန်ခဲကို တလှည့်၊ ဆရာဝန်ကို တလှည့်ကြည့်ရင်း အဓိပ္ပာယ် နားမလည်နိုင်အောင် ဖြစ်နေပါတယ်။
အဲဒီ အခိုက် ကြွက်အဘိုးအို တဦး ရောက်လာပြီး နာကျင် ချိနဲ့နေတဲ့ ကြွက်ငယ်ကို ဖေးမတွဲယူ ခေါ်ဆောင်သွားပါတယ်။
ကြွက်အဘိုးအိုရဲ့ အိမ်ကို ရောက်လို့ ထိုင်မိကြတဲ့ အခါမှာ ကြွက်ငယ်က…
“ကံကောင်းလို့ ကျနော် မသေတာ အဘရာ၊ ကြောင်ကြီးက ကျနော့် နောက်မှာ ဘယ်အချိန် ရောက်လာမှန်း မသိလိုက်ဘူး။ ကျနော့် အပေါင်းအသင်း ရောင်းရင်းတွေ အကြံပေးသလို ကြောင်ကို ချူဆွဲထားရင် သိပ်ကောင်းမှာပဲ။ ဒါမှ သည် အကောင်ကြီး လာရင် လာမှန်း သိပြီး ပြေးချိန်ရမှာဗျ”
“ဘာလဲ၊ လာပြန်ပြီလား ကြောင်ကို ချူဆွဲဖို့ ကိစ္စ၊ ဟိုနေ့က ကြွက်တွေ အန္တရာယ် ကင်းရေး အတွက် ကြောင်ကို ချူဆွဲပေးထားရမယ်၊ ချူဆွဲရေး အယူအဆသည်သာ မှန်ကန်သော အယူအဆ ဖြစ်တယ်လို့ အများက သဘောတူ ဆုံးဖြတ်ကြတယ်။ ငါက မင်းတို့ အယူအဆက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် ကြောင်ကို ဘယ်သူ ချူဆွဲမှာလဲ၊ ဘယ်သူက ဆွဲမှာလဲ မေးတော့ ချူဆွဲမယ့်ကောင် တကောင်မှ ထွက်မလာဘူး။ ဒီမယ် ငါပြောမယ်။ တစ်နဲ့ တစ် ပေါင်းရင် နှစ်ရတာ ဟုတ်ပေမယ့် ရေတစက် နဲ့ ရေတစက် ပေါင်းတဲ့ အခါမှာတော့ ရေနှစ်စက် မရဘူး။ ရေတစက်ပဲ ရတယ်။ အယူအဆ တခုဟာ ရှေ့နောက် ဆီလျော် ညီညွတ်နေပေမယ့် လက်တွေ့ ဘဝမှာ မမှန်နိုင် မဖြစ်နိုင်တာမျိုး ရှိတတ်တယ် ကွယ့်။ ကဲ…ကဲ…စားစရာ ရှိတာ စားပြီး မင်းအနားယူချေဦး”
ကြွက်ငယ် ထွက်သွားတဲ့ အခါမှာ ကြွက်အဘိုးအိုဟာ “တစ်ကို တစ်ပေါင်း တစ်ရကြောင်း” ကို ဆက်လက် စဉ်းစား နေပါတယ်။ ။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို လှိုင်းသစ် စာပေတိုက်က ၁၉၉၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “အသွင်သဏ္ဌာန်တို့ နောက်ကွယ်၌ ဒုတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)