စာရေးသူ ဒါရိုက်တာ သာဓု က စာတိုက်မှ တဆင့် သူ့ထံသို့ ရောက်လာသော ရွှေပေလွှာများ အကြောင်းကို ရေးသားခဲ့သည်။
ရွှေပေလွှာ ပေးပို့သူများသည် သက်သက်မဲ့ လက်အညောင်းခံ၊ စာရေးစက္ကူ အကုန်ခံ၊ တံဆိပ်ခေါင်းဖိုး အကုန်ခံ၍ သူများကို စိတ်ညစ်စေရန် ဖန်တီးနေကြသူများ ဖြစ်သည်။
တော်ပါသေးသည်ဟု ဆိုရမည်။
ကျနော်တို့ မြန်မာ လူမျိုးများတွင် သန့်သန့်ရှင်းရှင်း ဖြူဖြူဖွေးဖွေး မြင်ရလျှင် မနေတတ် မထိုင်တတ်၊ ဖျက်လို ဖျက်ဆီး ပြုလိုသော၊ လက်ကမြင်းချင်သော စိတ်က ဗီဇကပင် ပါလာသလောဟု တွေးမိသည်။
ကြည့်ပါ။
ရန်ကုန်မြို့ရှိ အုတ်နံရံ ဖြူဖြူဖွေးဖွေး ဟူသမျှ လက်ကမြင်း ဝါဒီ သမားများ၏ ဘေးအန္တရာယ် မလွတ်ကင်းနိုင်အောင် ရှိရသည်။
သင်္ချိုင်း ဇရပ်များမှာ မီးသွေးခဲနှင့် ကင်းလွတ်သည့် နေရာ မရှိ။ အစိုးရရုံး အိမ်သာများ အတွင်း၌ပင်လျှင် အယုတ္တ အနတ္တ စုံလင်အောင် ရေးခြစ်ထားကြသည်။
ထို့ကြောင့် မြန်မာ လူမျိုးတို့၏ အကျင့်များတွင် ကျနော် အမုန်းဆုံး တခုမှာ အုတ်နံရံပေါ် လက်ကမြင်းသည့် အကျင့်တခု ပါဝင်သည်။
ယခုမူ ကျနော်သည် လမ်းဘေး အုတ်နံရံပေါ်တွင်သာ မက၊ ကျနော့် အိမ်တွင်း၌ပင် ဤ လက်ကမြင်းဝါဒကို အလူးအလဲ ခံနေရသည်။
တနေ့ အိမ်အပြန်တွင် ကျနော်၏ တံခါးဝ တံခါးချပ် တခုပေါ်၌ လက်ကမြင်း ဝါဒသမားတဦး ဝင်ရောက်ကာ မြေဖြူခဲဖြင့် အောက်ပါ အတိုင်း ရေးခြစ်သွားခဲ့သည်ကို စိတ်ဆိုးစွာ တွေ့မြင်ရသည်။
“ကလေးအသား ခါးတယ်၊ ခွေးအသား ချိုတယ်”
ကျနော့် နေအိမ်တွင် ကျနော် မရှိစဉ်ကာလ သမီးဖြစ်သူနှင့် မြေးငယ် တဦးသာ ကျန်ရစ်ခဲ့သည်။
“ဟေ့…သမီး လာစမ်း၊ ဒီမှာ ဘယ်သူ လာလက်ကမြင်း သွားသလဲ။ ကြည့်စမ်း၊ အဝတ်စုတ်တခု ရေဆွတ် ယူခဲ့၊ ဖျက်ပစ်ရအောင်”ဟု လှမ်းအော်လိုက်သည်။
သမီး ဖြစ်သူက နောက်ဖေး မီးဖိုချောင်မှ ကပျာကသီ ပြေးထွက်လာသည်။
“ဘာလဲ ပါပါရဲ့၊ ဘာဖြစ်လာတာလဲ။ ဒီမှာ ကလေးက တနေ့လုံး အီနေလို့ ခုမှ ချော့သိပ်ထားရတဲ့ အထဲ ပါပါက လာအော်နေပြန်ပြီ”
“ဟ ဘာရမလဲဟ၊ ဒီတံခါးချပ်ပေါ်မှာ ဘယ်သူလာပြီး ဘာတွေ ရေးသွားတာလဲ၊ ကြည့်စမ်းပါဦး…ဒီမှာ”
“အို…ပါပါကလည်း အဲဒါ သမီး ရေးထားတာပါ”
သမီးက အေးတိအေးစက် ပြန်ဖြေလိုက်သည်။
“ဘာပြောတယ်၊ နင်ရေးတာ ဟုတ်လား”
“ဟုတ်တယ်”
“နေစမ်းပါဦး၊ ဘာအဓိပ္ပာယ်နဲ့ ဘာတွေ ရေးထားတာလဲ”
“အို…ပါပါက ဘာသိသလဲ၊ သားသားက ခုတလော ခဏခဏ နေမကောင်း ဖြစ်နေတာ၊ အဲဒါ ဟိုဘက်ခြံက ဦးကြီးက အိမ်တံခါးဝမှာ အဲဒီလို ရေးထား ခုတလော ကလေးတွေကို ဘီလူး စားနေတာ၊ အဲဒါ ရေးထားရင် ဘီလူး အိမ်ထဲ မဝင်ဘူးတဲ့။ ကလေးလည်း နေကောင်းသွားမယ်တဲ့”
“ဟုတ်ပါ့ကွာ၊ ကျရောဟေ့။ အောက်ဘက်နားက (ပုံ) ဘသော် လို့ ရေးထားပါဦးလား။ ဒါမှ ဘီလူး ဖျားသွားမယ်၊ ဟား…ဟား…ဟား…”
ကျနော် ရယ်မောလိုက်ရုံမှ အပ၊ အခြား ဘာတတ်နိုင်ဦးမှာနည်း။
မှန်ပါသည်။ ကျနော့် မြေး “ရှား…စံရှား…ရှာမှ ရှား…ဆယ်မိုင် စော်ဘွားကြီးကုန်း” ကလည်း ခုတလော ကိုယ်ပူ ခေါင်းပူ တကယ်ထသည်။
ကျနော့် သမီးကလည်း သူ့သား “ရှား” ကို မိခင်သဘာဝ ကျောပူ ခေါင်းပူ ထတာကလေးကအစ၊ “စပါယ်ရှယ်လစ်” နှင့်မှ ပြချင်သည်။
သူ့သား ကျန်းမာရေး အတွက် တစုံတဦးက တစုံတရာ ပြောလာလျှင် မဆိုင်းမတွ ထလုပ်တတ်သည်။
ယခုလည်း သူ့အား အဘယ်သို့သော “စပါယ်ရှယ်လစ်” က အဘယ်ပုံ ပြောလာသည် မသိ၊ ကျနော့်အိမ် တံခါးချပ် ပေါ်တွင်မူ “ကလေးအသား ခါးတယ်၊ ခွေးအသား ချိုတယ်” ဟူသော စာတန်းသည် ပြတ်သားစွာ ပေါ်လွင်နေတော့သည်။
“အို ပါပါကလည်း ပြောရော့မယ်၊ သူများ အိမ်တွေလည်း လိုက်ကြည့်ပါဦး။ ကလေးရှိတဲ့ အိမ်မှန်သမျှ ဒီလို ရေးထားကြတာပဲ”
“ကဲပါလေ…ထားလိုက်ပါတော့၊ ညည်းတို့ စိတ်ချမ်းသာမယ်ဆို ရေးပါဗျ။ တအိမ်လုံးပဲ အနှံ့ ရေးထားထား” ဟု လိုက်လျော ခွင့်ပြုလိုက်ရပါသည်။
ဤတွင် နိဋ္ဌိမတံသေးပါ။
နှစ်လ သုံးလခန့် အကြာ တနေ့သော အခါတွင် ရွှေပေလွှာ ထပ်ပေါ်လာပြန်သေးသည်။ ဒီတချီတွင်မူ အိမ်ရှေ့ တံခါးဝ၌ မဟုတ်၊ အိမ်နောက်ဖေး မီးဖိုဆောင်၌ ဖြစ်သည်။
“နတ်ရေစင်” လောက် စာလုံးကြီးကြီးနှင့်။
“ကြွက်ရောင်းရန် ရှိသည်။ ပိုးဟပ်ပါ အဆစ်ရမည်။ ပုရွက်ဆိတ်လည်း အလကားယူရမည်”
“ဟ…ဒီမှာလာ…ဘယ်သူ လက်ကမြင်းသွားပြန်ပြီလဲဟ၊ နင့်အမေ ဂလိန်းတဲ့မှပဲ၊ ငါ့အိမ်လည်း တအိမ်လုံးကို နေရာလပ် မရှိတော့ပါလား”
ကျနော် အပြင်းအထန် ဒေါသ ပေါက်ကွဲသွားပါသည်။ ဤတချီတွင်မူ သမီးနှင့် ရင်မဆိုင်ရဘဲ ကျနော်၏ မဒမ်ကြီးနှင့် ရင်ဆိုင်ရပါသည်။
“တော်က ဘာသိသလဲ၊ ဘာလာ ပြောနေတာလဲ။ အဲဒါ ကျုပ်ရေးထားတာတော့” ဟု ထိုးစစ်ကို စတင် ကြေညာ လိုက်ပါသည်။
“နေပါဦး…အဲဒါက ဘာအဓိပ္ပာယ်နဲ့ ရေးထားတာလဲ၊ မင်းကြွက်ကို ဘယ်သူက ဝယ်မှာလဲကွ။ ရန်ကုန်မှာ သားငါးလည်း ဒါလောက် မရှားသေးပါဘူး၊ ပိုးဟပ်ကကော ကြော်စားလို့ရသလား…နောက်ပြီး…”
“ရှင်ဟာလေ စာရေးဆရာလည်း ဆိုသေး၊ တော်တော် တုံးတာပဲ။ ကြွက်တွေ သောင်းကျန်းနေတယ်ရှင့်၊ သိလား။ တအိမ်လုံးမှာလည်း ပိုးဟပ်နဲ့ ပရွက်ဆိတ်ချည်းပဲ၊ ခြေချစရာတောင် မရှိဘူး သိရဲ့လား”
“သိတာပေါ့ကွ၊ မြို့တော် စည်ပင်သာယာရေးကလည်း ကြွက်၊ ခြင်၊ ယင် နှိမ်နင်းရေးကို အင်တိုက် အားတိုက် လုပ်နေတယ် မဟုတ်လား။ ဟိုနေ့ကတောင် မြူက အလုပ်သမားလေးတွေ ဝါးကျည်တောက်နဲ့ ကြွက် အဆိပ်တွေ လာချပေးသွားတယ် မဟုတ်လား”
“ဟင်း…တော့် ကြွက် အဆိပ်များတော့ ရန်ကုန်ကြွက်က မစားသေးဘူး။ စားရင်လည်း သူ့ကို ဗီတာမင် ကြွေးသလား သဘောထားတယ်”
“နို့ မင်း ဒီစာရေးထားတော့ကော”
“ဒီစာ ရေးတော့ ကြွက်က ပြေးရောတော့် သိလား။ ခုဆို တွင်းဝကတောင် ပြူထွက်မလာရဲဘူး။ ပိုးဟပ်တွေကလည်း အိမ်သာထဲမှာလောက် နည်းနည်းကျန်တော့တယ်။ ဟုတ်ပါရဲ့ ခုမှ သတိရတယ်။ အိမ်သာထဲမှာလည်း ရေးရဦးမယ်” ဟု သူ့လုပ်ငန်း အောင်မြင်ချက် အတွက် အလွန် ဂုဏ်တက်နေသည့်ပမာ အားရစွာ ပြောလိုက်ပါသည်။
“နေပါဦးကွာ၊ ငါမသိလို့ မေးပါရစေ။ မင်းကြွက်တွေ ဘယ်တုန်းက စာဖတ်တတ်သွားတာလဲ”
“တော်တို့ စာရေးဆရာတွေထက် တတ်တယ်၊ မှတ်ထား”
“ကြွက်က ရှင့်ထက် စာတတ်တယ်”
ပထမ တချက်နှင့် အားမရသည့် အလား နောက်တချက် ဆင့်ဆော်လိုက်ပြန်ပါသည်။
တဖန်ဆက်၍ “ရှင် ဒီညနေ ဗိုလ်မှူးထူး နဲ့ တွေ့ဦးမှာလား”ဟု မေးပါသည်။
“မသိဘူး။ တွေ့ချင်လည်း တွေ့ဦးမှာပဲ။ ဘာဖြစ်လို့”
“ကျုပ် သူ့ကိုမှာထားတယ်။ ကြွက်ပြေးတဲ့ ဂါထာလေးတွေ လမ်းမှာ ရောင်းနေတယ်တဲ့၊ တစောင် ငါးမူး၊ တကျပ်ဖိုး သုံးစောင်တဲ့။ ဥုံ…ဘာဆိုလား မသိပါဘူးတော်…အဲဒါ အိမ်ရှေ့ခန်းမှာ တစောင်၊ အိပ်ခန်းမှာ တစောင်၊ မီးဖိုချောင်မှာ တစောင် ကပ်ထားဖို့ တကျပ်ဖိုး မှာထားတယ်၊ တွေ့ရင် တောင်းယူခဲ့စမ်းပါ”
“ဟား…ဟား…မင်းကြွက်က စာတတ်ရုံမက ဂါထာတောင် ကြောက်တတ်နေပြီလား။ ကပ်မထားဘဲ ရွတ်လို့ကော မရဘူးလား”
“ရတယ်…ရွတ်လည်းရွတ် ကပ်လည်း ကပ်၊ ကြွက် အစတောင် ရှာမရတော့ဘူးတဲ့”
“ပုံ/ ဘသော် ထည့်ရွတ်ရသေးလား”
“ဘာ”
“ဘာမှ မဟုတ်ပါဘူး။ ဒီမှာ ငါအကြံရပြီ မိန်းမ၊ မင်း အိမ်ထဲမှာတင် ရွတ်မနေနဲ့၊ လော်စပီကာ ငှားပြီး လမ်းထိပ်က ရွတ်လိုက်ရင်တော့လား…တလမ်းလုံး ကြွက် ရှင်းသွားမယ်”
“တော့် အကြံဉာဏ်က ခေတ်မမီသေးပါဘူး”
“အလို…ဆိုစမ်းပါဦး”
“ကျုပ်က လေယာဉ်ပျံ စင်းလုံးငှား၊ လော်စပီကာတွေ တောင်ပံတပ်၊ ရန်ကုန် မြို့ပေါ်ဝဲ၊ ဂါထာ စာရွက်တွေလည်း ကြဲ၊ ဂါထာလည်း ရွတ်လိုက်ရရင်တော့၊ ရန်ကုန် တမြို့လုံး ကြွက်တွေ ရှင်းသွားမယ် ထင်တာပဲ”
“အား…မင်း အကြံ ကောင်းတယ်ဟေ့၊ မဆိုးဘူး။ ငါ ဗိုလ်မှူးထူး လိုက်ရှာလိုက်ဦးမယ်”
ကျနော်သည် ကြံကြံဖန်ဖန် ကြွက်ပြေး ဂါထာ တွေ့ထားသည့် ဗိုလ်မှူးထူး ခေါ် တပ်ကြပ် မောင်ထူးအား ရှာရန်အတွက် သူ့အား တွေ့နိုင်မည် ထင်သည့် အရပ်သို့ ထွက်ခွာခဲ့ပါတော့သည်။ ။
သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ မတ်၊ ၁၉၈၂။
(စာရေးဆရာကြီး မောင်သော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ပင်စင်နာ တဦး၏ အတွေးအထင် ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)