ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပကျေးရွာအုပ်စုရှိ မြန်မာရွှေ့ပြောင်း သွေးသစ်အထက်တန်းကျောင်းက ကျောင်း ဆရာတဦး ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ခံရတယ်ဆိုတဲ့သတင်းဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအသိုင်းအဝိုင်းကြား ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။
စွပ်စွဲခံရသူ အသက် ၇၂ နှစ်အရွယ် ကျောင်းဆရာဦးဇော်ငြိမ်းလတ်ကို စူဝမ်နမင်း ကလေးအခွင့်အရေးအဖွဲ့အစည်းနဲ့ နစ်နာ သူမိဘအုပ်ထိန်းသူတွေက ဇူလိုင် ၁၆ ရက်နေ့ မဲဆောက်ရဲစခန်းမှာ တိုင်ကြားခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်မှာ စွပ်စွဲခံရသူကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လက်ရှိအချိန်ထိ စွပ်စွဲခံရသူကို ထိုင်းဥပဒေအရ ဘယ်ပုဒ်မနဲ့အမှုဖွင့်ထား တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဦးဇော်ငြိမ်းလတ်ဟာ ကျောင်းသား ၈ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ရွှေ့ပြောင်း ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်တွေအတွက် ထိုင်းအစိုးရထောက်ခံမှုနဲ့ ဖွဲ့စည်းထားတဲ့ MECC စင်တာ အထိ ဆက်လက်တိုင်ကြားသွားမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
၂၀၀၃ ခုနှစ်ကတည်းက မဲဆောက်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ သွေးသစ်အထက်တန်းကျောင်းမှာ မြန်မာရွှေ့ပြောင်းကလေးတွေနဲ့ စစ်ဘေးရှောင်ကလေးတွေ အများဆုံးတက်ရောက်နေပြီး အများစုဟာ ကျောင်းအိပ်၊ ကျောင်းစားအဖြစ်နဲ့နေကြကာ ထောင် နဲ့ချီတဲ့ကလေးတွေ ပညာသင်ကြားလျက်ရှိပါတယ်။
ဒီလိုလာရောက်ပညာသင်ကြားနေသူတွေထဲက တဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ကောင်း(အမည်လွှဲ)ဟာ GED အတန်းမှာ လူမှုသိပ္ပံဘာသာရပ် (Social Science) သင်ကြားပေးနေတဲ့ ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံခဲ့ရတယ်လို့ အစ်ကိုဖြစ်သူက ပြောပြပါတယ်။
သူက “ဒီဆရာက ကျနော့်ညီလေးကို မုန့်ဖိုး ဘတ် ၁၀၀ ကို တရက်နေ့(ဇူလိုင် ၁ ရက်) ညနေမှာ လာပေးတယ်။ ကလေးက ငြင်းတော့ အသံမာမာနဲ့ ပြောပြီးပေးခဲ့တယ်။ ညကျတော့ ဆေးလိမ်းပေးဦးဆိုပြီး လာခေါ်တယ်။ အရင်ကလည်း တခြား ကလေးတွေကို လာခေါ်တာတွေ့ဖူး၊ မုန့်ဖိုးလည်းပေးထားတော့ ဆေးလိမ်းပေးဖို့ လိုက်သွားတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ” လို့ ဆိုပါတယ်။
“အဲဒါကို အတင်းရုန်းပြီး ပြေးဖို့လုပ်ပေမယ့် သူ့အခန်းထဲမှာ ခွေးရှိတယ်။ ဒီခွေးက တခြားကလေးတွေလည်း အကိုက်ခံရဖူး တာရှိတော့ ထွက်မပြေးရဲဘူး။ မနက် အသင်းရှိလို့ သားကို သွားခွင့်ပေးပါဆိုတော့ ဒီကိစ္စကို ဘယ်သူမှ လိုက်မပြောနဲ့၊ ချစ်လို့လုပ်တာလို့ ပြောတယ်။ ကလေးက အဆောင်ကို ပြန်ရောက်တဲ့အချိန်မှာ မနက်နှစ်နာရီခွဲနေပြီ” လို့ မောင်ကောင်း ပြောပြတာတွေကို အစ်ကိုဖြစ်သူက ပြန်ပြောပြပါတယ်။
၁၃ နှစ်အရွယ် ကလေးတယောက်အနေနဲ့ အခုလိုတွေကြုံရပြီးတဲ့နောက်ပိုင်း ကျောင်းသွားရမှာ ကြောက်လန့်နေသလို ညဘက်တွေမှာလည်း အိပ်မပျော်ဘဲ လန့်နိုးတာတွေဖြစ်နေလို့ အိပ်ဆေးသောက်အိပ်နေရတဲ့အထိ စိတ်ဒဏ်ရာရနေတယ် လို့လည်း ဆိုပါတယ်။
စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်ရဲ့ ပစ်မှတ်ထဲပါဝင်ခဲ့သူ နောက်တဦးကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် GED အတန်းတက်မှာ တက်ရောက်တဲ့ အသက် ၁၄ နှစ်ကျော်အရွယ် မောင်ခိုင်(အမည်လွှဲ) ဖြစ်ပါတယ်။
မောင်ခိုင်(အမည်လွှဲ)ရဲ့ ဖခင်က “ကလေးတွေကို မုန့်ဖိုးပေးတယ်။ ညဘက်ကျရင် နှိပ်ခိုင်းဖို့၊ စာပြပေးဖို့ အကြောင်းပြခေါ် တယ်။ ဆေးလိမ်းခိုင်းတယ်။ သူ့ကျောကို နောက်ကနေဖက်ထားဖို့တွေ ပြောတာပေါ့။ ကလေးကလည်း ကိုယ့်ဆရာဆိုတော့ မထင်ဘူး၊ လုပ်ပေးတာပေါ့လေ။ နောက်ကျ သူ့ရဲ့အတွင်းအင်္ဂါတွေ လိုက်ကိုင်ခိုင်းတယ်ပေါ့ဗျာ။ ကလေးကို မဖွယ်မရာပေါ့။ ကလေးကို သုံးညလောက် သူကခေါ်တာ။ တတိယညကျတော့ ကလေးက ထွက်ပြေးတယ်။ ဒါပေမယ့် အထောက်အထားမဲ့ ဆိုတော့ ဘယ်မှထွက်မရဘူးပေါ့။ အဲဒီနှစ်မှာ ကလေးဟာ GED စာမေးပွဲကျခဲ့တယ်” လို့ ပြောပြပါတယ်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီးတဲ့နောက် မောင်ခိုင်ဟာ မိသားစုထံအကြောင်းကြားခဲ့ပေမယ့် မိဘတွေ အဝေးရောက် နေတဲ့အတွက် ချက်ချင်းအကူအညီမပေးနိုင်ခဲ့သလို နီးစပ်ရာမိတ်ဆွေသူငယ်ချင်းတွေကို အကူညီတောင်းပေမယ့်လည်း ကျောင်းနဲ့နီးစပ်တဲ့သူတွေဖြစ်တာကြောင့် သူပြောတဲ့စကားကို မဖြစ်နိုင်ဘူးဆိုတာပဲ ပြောကြပြီး အထောက်အထားမဲ့လည်း ဖြစ်နေတာကြောင့် ဘာမှထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့ဘူးလို့ မောင်ခိုင့်ဖခင်က ပြောပါတယ်။
နောက်ပိုင်းမှာတော့ သွေးသစ်ကျောင်းမှာရှိနေတဲ့ ကျောင်းဆရာတယောက်ထံ အကြောင်းစုံရှင်းပြပြီး ကလေးကို စောင့် ရှောက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီကူညီပေးခဲ့တဲ့ ကျောင်းဆရာလည်း သွေးသစ်ကျောင်းကနေ အလုပ်ထွက် သွားပြီလို့ ဆိုပါတယ်။
မောင်ခိုင့်ဖခင်က “ဘယ်မိဘကတော့ ကိုယ့်သားသမီးကို ငရဲတွင်းကို ပို့ချင်မှာလဲ၊ ပညာရေးအတွက် ပို့လိုက်တာ။ အခုလည်း Counselling နှစ်ခေါက်လောက် လုပ်ပြီးသွားပြီ။ မရပါဘူးဗျာ။ ကလေးရဲ့ဘဝမှာ ဒါကြီးက အမဲစက်လိုဖြစ်သွားတာ။ ကျနော့်သားနဲ့ ကျနော်နဲ့ အခုချိန်ထိ နားလည်မှုတော်တော်ကြီးယူနေရတုန်း။ စကားတော့ပြောတယ်၊ ဒါပေမယ့် ကျနော်တို့ ကြောင့် ဖြစ်တာဆိုတဲ့စိတ်ကြီး ကလေးမှာစွဲသွားတဲ့အတွက် မိဘတယောက်အနေနဲ့ ခံစားရခက်တယ်” လို့ ဖွင့်ဟပါတယ်။
မောင်ကောင်းနဲ့မောင်ခိုင်လိုမျိုး တခြားကျောင်းသားတချို့လည်း ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်စဉ်သိရချင်း အုပ်ထိန်းသူတွေ ဘက်က ကျောင်းကိုတိုင်ကြားခဲ့ပေမယ့် ကျောင်းနဲ့မဆိုင်သလို၊ ကြိုက်ရာတိုင်ဆိုတဲ့ ပုံစံမျိုးကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန် ခံခဲ့ရတဲ့ ကျောင်းသားမိဘတချို့ပူးပေါင်းပြီး မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
အမှုဖွင့်ထားတဲ့ ကျောင်းသား ၈ ယောက်စလုံးဟာ မယ်တော်ဆေးခန်းအကူအညီနဲ့ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်ချက် တွေယူပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ လူပျိုပေါက်အရွယ်ကလေးတွေဖြစ်လို့ အခုလို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင် ရာ ကျူးလွန်ခံရတာကြောင့် စိတ်ဖိစီးရှက်ကြောက်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ခံစားနေရပါတယ်။
ကျူးလွန်ခံရတဲ့ကလေးတွေဟာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိ ပါဝင်ပြီး တချို့ကလေးတွေကို မိဘအုပ်ထိန်းသူက ပြန်ခေါ်ထားသလို ကလေးအများစုကတော့ ကျောင်းရဲ့အုပ်ထိန်းမှုအောက်မှာပဲ ရှိနေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။

အမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုနေရှိုင်းက “ကလေးတချို့ ကျောင်းထဲမှာပဲ ရှိနေတယ်။ သူတို့ ကလေးတွေကို ဘယ် လောက်တောင် ဖိအားပေးနေမလဲ၊ ဒီကိစ္စတွေကို ဘယ်လောက်တောင်ဖုံးဖိဖို့ လုပ်နေမလဲဆိုတာ ကျနော်တို့ မသိရဘူး။ ဒီကျူးလွန်တဲ့ ဆရာကိုယ်တိုင် ဇူလိုင် ၁၆ ရက်ထိကို သူနဲ့အတူ ရပ်တည်ပေးကြ၊ ကျောင်းကို နာမည်ဖျက်တာကို လက်မခံ နဲ့ဆိုတဲ့စာမျိုးတွေ တင်တာအထိ ရှိပါတယ်။ ကလေးတွေကို မက်ဆင်ဂျာကနေ လိုက်ပြောတဲ့စာတွေလည်း ကျနော်တို့ ရထားပါတယ်။ အဲဒီစာတွေက သွေးသစ်ကျောင်းကို ဖျက်မယ့်အကြံ တို့လက်မခံ၊ ဆရာကြီးဇော်ငြိမ်းလတ်ဘက်ကနေ ရပ်တည်ကြဆိုတဲ့ ပို့စ်တွေ တင်ပေးပါ။ တခြားသူငယ်ချင်းတွေလည်း တင်ဖို့ပြောပေးပါဆိုတဲ့ စာတွေလည်း ကျနော်တို့ ရထားပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်ဟာ ၁၉၇၄-၁၉၇၅ ခုနှစ် ကျောင်းသားအရေးခင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး နိုင်ငံရေးခိုလှုံခွင့်နဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ ဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဦးဇော်ငြိမ်းလတ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြန်လည်ရောက်ရှိလာပြီး သွေးသစ်အထက်တန်းကျောင်းမှာ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သလို နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း နာမည်ရှိ သူဖြစ်လို့ ကျောင်းရဲ့ အရေးပါတဲ့သူတဦး ဖြစ်ခဲ့တယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။
ကျောင်းသားမိဘတဦးက “သူက ကျောင်းမှာအရေးပါတဲ့သူဖြစ်တော့ တော်ရုံဘယ်သူကမှ ကလေးတွေပြောတာကို မယုံကြ ဘူး။ ခံရတဲ့ကလေးတွေကလည်း စစ်ဘေးရှောင်ဒေသက ကလေးတွေ၊ မိဘနဲ့ဝေးနေတဲ့ကလေးတွေ ဖြစ်နေတာ။ အခုကိစ္စ ဒီလအစမှာ စဖြစ်ဖြစ်ချင်းတုန်းက ကျောင်းမှာ အစည်းဝေးတွေ လုပ်ကြတယ်။ သူ့ကိုထုတ်ဖို့ တချို့ဆရာ၊ ဆရာမတွေက ပြောကြတယ်။ ဒါပေမယ့် ကျောင်းရဲ့အရေးပါတဲ့သူဖြစ်နေတော့ ကျောင်းဘက်က ချက်ချင်းမလုပ်ကြဘူး။ အဲဒီရက်ကပဲ ကျောင်း ၅ ရက်လောက် ပိတ်လိုက်သေးတယ်။ နောက်ဒီကိစ္စပြန့်လာမှ ကျောင်းဘက်က စာထုတ်လာတာ” လို့ ဧရာဝတီကို ပြောပြပါတယ်။
သွေးသစ်ကျောင်းမှာ GED အတန်းကိုထားတဲ့ မိဘအများစုဟာ ကိုယ့်ကလေးထူးချွန်တဲ့အခါ ဖင်လန်နိုင်ငံကို Scholarship ရနိုင်တဲ့အခွင့်အရေးရှိတာကြောင့် ဒီကျောင်းမှာထားသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အဆက် အစပ်ရှိမှု စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ လာရောက်အပ်နှံထားကြတဲ့သူတွေများတယ်လို့ သိရပါတယ်။
ဦးဇော်ငြိမ်းလတ်ကတော့ ၎င်းအပေါ်စွပ်စွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး “ထိုစွပ်စွဲချက်များ မှန်သည်မှားသည်ကို ကျနော် မငြင်းလိုပါ။ စွပ်စွဲသူများသည် ကျနော်နှင့် တိုက်ရိုက်လာရောက် တွေ့ဆုံဖို့တော့ တောင်းဆိုလိုပါသည်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
သွေးသစ်ကျောင်းဘက်ကမူ ကျောင်းဆရာ ဦးဇာ်ငြိမ်းလတ်အား ကျောင်းမှာ ပညာသင်ကြားစေခြင်းနဲ့ ကျောင်းတွင်းနေထိုင် ခြင်းကိစ္စရပ်တွေကို ဇူလိုင်လဆန်းပိုင်းထဲက ရပ်နားထွက်ခွာပေးဖို့၊ တိုင်ကြားလာတဲ့ အမှုကိစ္စတွေကို ကျောင်းတာဝန်ခံက တဆင့် ကလေးအခွင့်အရေးကော်မတီများထံ အကြောင်းကြားထားကြောင်း၊ သွေးသစ်ကျောင်းနဲ့ သက်ဆိုင်ခြင်းမရှိသဖြင့် အကြောင်းကိစ္စပေါ်ပေါက်လာပါက ကာယကံရှင်နဲ့သာ တွေ့ဆုံဖြေရှင်းဖို့ ဇူလိုင် ၁၆ ရက်ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကျောင်းသားမိဘတွေနဲ့ ကျူးလွန်ခံရတဲ့ကလေးမိဘတွေကြား မကျေနပ်ကြသလို ကျောင်း ရဲ့ထုတ်ပြန်ချက်ဟာ တာဝန်မဲ့လွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
လက်ရှိ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သွေးသစ်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်လွင်ဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ ဆရာကြီး တရားထိုင်နေတယ်ဆိုပြီး ဖြေကြားပေးဖို့ ငြင်းဆန်သလို ကျောင်းကိုသာ တိုက်ရိုက် လာရောက်မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော် ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးလုပ်ငန်းကို လုပ်ကိုင်ပေးနေသူ ပညာရေးနှင့် ဖွံဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (FED) အမူဆောင်ဒါရိုက်တာ ဦးထူးချစ်က “ဘယ်လိုကျောင်းပဲဖြစ်ဖြစ် ကျူးလွန်တယ်ထင်ရတဲ့ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေကို အဲဒီအဖွဲ့အစည်း၊ အဲဒီကျောင်းက တာဝန်ယူရပါမယ်။ အဲဒီလို တာဝန်မယူဘဲနဲ့ ကိုယ့်ဘာသာရှင်း ဆိုတာကြီးက လက်လွတ်စပယ်လုပ်တယ်လို့ ထင်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
အခုလိုဖြစ်ရပ်ဟာ တခြားရာနဲ့ချီတဲ့ ရွှေ့ပြောင်းကျောင်းတွေကိုပါ အများကြီးထိခိုက်နိုင်ပြီး ထိုင်းအစိုးရဘက်က ရွှေ့ပြောင်း ပညာရေးလုပ်ငန်းတွေမှာ အခုထက်ပိုတင်းကျပ်လာမယ့်အပေါ် စိုးရိမ်တဲ့အတွက် ရွှေ့ပြောင်းကျောင်းတွေအနေနဲ့ စနစ်ကျတဲ့ ကလေးသူငယ်စောင့်ရှောက်ရေးမူဝါဒတွေ ရေးဆွဲပြီး သေချာတာဝန်ပေးသင့်သလို ဖြစ်လာရင်လည်း ထိုင်းအစိုးရ ဌာနဆိုင် ရာတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း သူက အကြံပြုပါတယ်။
“ရွှေ့ပြောင်းကလေးတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံထဲမှာ အဓိကအားဖြင့် မဲဆောက်ပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာစော် ကားမှုတွေက အခုမှ စဖြစ်တာမဟုတ်ဘူး။ ကျနော်တို့ အတွေ့အကြုံအရဆို ခဏခဏဖြစ်နေတယ်။ တချို့ကိစ္စတွေမှာ ထိုင်း နိုင်ငံရဲ့ ဥပဒေအတိုင်း အပြစ်ပေးအရေးယူနိုင်ခဲ့တဲ့ ကိစ္စတွေရှိတယ်။ ဥပမာ ၂၀၁၃ တုန်းကအမှုဆို ထောင် ၂၅ နှစ်ကျသွား တာ။ ၂၀၀၉ တုန်းက ထောင် ၁၂ နှစ် ကျသွားတာတို့ အဲဒီလောက်ပဲ။ တချို့သူတွေက လွတ်သွားတာရှိတယ်။ တချို့ကျတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကလေးအခွင့်အရေး ဖြေရှင်းတာမျိုးတွေ တွေ့ရတယ်” လို့လည်း သူ့အတွေ့အကြုံကို ပြန်လည်မျှ ဝေပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့မှာ ထိုင်းပညာရေးဌာနက အသိအမှတ်ပြုထားတဲ့ မြန်မာရွှေ့ပြောင်းသင်ကြားရေး ကျောင်းပေါင်း ၆၃ ကျောင်းရှိပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ တနိုင်တပိုင်ကျောင်းလေးတွေလည်း ရှိတယ်လို့ ရွှေ့ပြောင်း အလုပ်သမားရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။
လက်ရှိ သွေးသစ်ကျောင်းက ကျောင်းသားတွေ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုနဲ့ ပတ်သက်လို့ မဲဆောက်ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခံထားရစဥ်မှာပဲ အဲဒီကျောင်းက တခြားသော ကျောင်းသူ/သားတွေအပေါ် လိင်အမြတ်ထုတ်ကျူးလွန်ခဲ့ကြတဲ့ နောက်ထပ်ဆရာတွေလည်းရှိသေးကြောင်း လူမှုကွန်ရက်မှာ ထပ်မံထုတ်ဖော်ပြောဆိုလာကြပါတယ်။
အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကျူးလွန်ခံရသူ ကျောင်းသားတဦးရဲ့ ဖခင်က “အရေးယူဖို့ ဆောင်ရွက်ရာမှာ မိဘတွေအနေနဲ့ အဝေးမှာရှိနေတာ၊ ကျူးလွန်ခံ ရတဲ့ ကျောင်းသားဟာ အထောက်အထားမဲ့ဖြစ်နေလို့ အခက်အခဲတွေ ရှိခဲ့တာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ အခု ချိန်မှာတော့ ကျနော်ရဲ့သားဖြစ်သူ ခံစားရသလို တခြားကျောင်းသားတွေ မခံစားရစေဖို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ လုံခြုံရေး အာမခံနိုင်ရင် တရားရုံးအထိ သက်သေအဖြစ် ထွက်ဆိုသွားမယ်” လို့ ဆိုပါတယ်။ ။
You may also like these stories:
မမှီဝဲနဲ့ ကင်းအောင်နေဖို့ တိုက်တွန်းတဲ့ Shield အဖွဲ့အား မေးမြန်းခြင်း
‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ
Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို













