လူဦးရေအများဆုံးမြို့ဖြစ်သော ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်အောင် တိုင်းအစိုးရအနေဖြင့် လုပ်ဆောင်ရေး ပြောရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်ရောက်ချိန်တွင် မီးများလင်းကုန်သည်။
“လျှပ်စစ်မီး မပြတ်လို့ အံ့သြနေတာ” ဟု ရန်ကုန်ရှိ အခြားမြို့နယ်များကဲ့သို့ပင် လျှပ်စစ်မီး အလွန်ပြတ်သော မြို့နယ်တခုတွင် နေထိုင်သူတဦးက ပြောသည်။
ထို့နောက် အကြောင်းရင်းကို သူ သဘောပေါက်သွားသည်။ “မင်းအောင်လှိုင် ရန်ကုန်ရောက်နေတယ်။”
လျှပ်စစ်မီး အမြဲတမ်းလင်းနေရန်တွက် ဓာတ်ငွေ့၊ နေစွမ်းအင်နှင့် လေစွမ်းအင် အပါအဝင် မည်သည့် ဖြစ်နိုင်သမျှ ရင်းမြစ်မှမဆို လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ရန် စစ်ခေါင်းဆောင်က သူခန့်ထားသည့် ရန်ကုန်တိုင်းအစိုးရကို ပြောသည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုတောင်းသော ရန်ကုန်ခရီးစဉ်အတွက် လုံလောက်သော အကြောင်းရင်းကို သူတို့တွေ့ခဲ့သည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို အာဏာသိမ်းပြီးနောက်ပိုင်း နေရာတိုင်းတွင် ကြုံတွေ့လာရသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည် လူသားဒိုင်း အသုံးပြုခြင်းကဲ့သို့ပင် အဓိပ္ပာယ်တူ ဖြစ်လာသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင်ပင် အခြေအနေမကောင်းပေ။
၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး လျှပ်စစ်ဓာတ်အား ပုံမှန်ပြတ်တောက်ခြင်းသည် ရန်ကုန်နှင့် တနိုင်ငံလုံးတွင် နေ့စဉ်ဘဝ၏ အစိတ်အပိုင်း ဖြစ်လာသည်။ လျှပ်စစ်မီး ယာယီ ပြတ်တောက်မည်ဖြစ်ကြောင်း ဒေသခံများကို ကြိုတင်သတိပေးထားသည့်တိုင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည် ကြိုတင်အသိပေးထားသည့် အချိန်ဇယားအတိုင်း မဟုတ်တော့ပေ။
ထိုသို့ဖြစ်နေသော်လည်း မင်းအောင်လှိုင်သည် လျှပ်စစ်ရထားစီမံကိန်းကို ရန်ကုန်တွင် တည်ဆောက်မည်၊ လျှပ်စစ်ဘတ်စ်ကားများ ရန်ကုန်လမ်းများတွင် ပြေးဆွဲမည်ဟု မပြောဘဲ မနေနိုင်ခဲ့ပေ။ ထိုသို့သော ပြောဆိုမှုများကြောင့် ဖြစ်ပေါ်လာသည့် လှောင်ပြောင်ရယ်မောမှုများမှပင် စွမ်းအင်ထုတ်နိုင်ပါက မြန်မာသည် ထိုင်းသို့ လက်ရှိတင်ပို့နေသည့် လောင်စာထက် များစွာ ပိုမိုတင်ပို့နိုင်မည် ဖြစ်သည်။
အချိန်အခါရွေးချယ်ရာတွင် မင်းအောင်လှိုင်သည် ညံ့သည်။ သူသည် ရန်ကုန်တွင် အာဏာမကုန်သေးဟု ဆိုလျှင်ပင် ရှမ်းပြည်မြောက်ပိုင်းတွင် အာဏာကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ၏ စစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားရှေ့တန်း စစ်မျက်နှာများတွင် အလံဖြူထောင်ရန် စွမ်းအင်မျှသာ ရှိတော့ချိန်တွင် ရန်ကုန်ဒေသခံများကို လျှပ်စစ်ဓာတ်အား ပိုမိုပေးရန် ရန်ကုန်တိုင်းအစိုးရ အရာရှိများကို မင်းအောင်လှိုင် ညွှန်ကြားနေသည်မှာ သနားစရာကောင်းသည်။
ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ချိသည့် အချိန်ဇယားသည် တမြို့နယ်နှင်တမြို့နယ် မတူပေ။ သို့သော် လူနေရပ်ကွက်များ ဓာတ်အား ပြတ်တောက်မှုသည် ပျှမ်းမျှအားဖြင့် တနေ့ ၄ နာရီမှ အနည်းဆုံး ၈ နာရီအထိ တိုးလာသည်။ အချို့ရပ်ကွက်များတွင် ဓာတ်အား ပြတ်တောက်ခြင်းသည် ကြိုတင်ခန့်မှန်းမရအောင် ကြာကြောင်း ဒေသခံများက ပြောသည်။
မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကြီးထွားလာအောင် လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် လက်တွေ့ကျသည့် မည်သည့်အလုပ်မှ မလုပ်ပေ။ အဆီအငေါ်မတည့် ပြောဆိုနေရသည်ကို ပိုမိုနှစ်သက်နေသည်။ ထိုးထွင်းသိမြင်မှု ဖြစ်သည်ဟု ၎င်းက ထင်နေပုံရသည့်ကိစ္စကို ရန်ကုန်ရှိ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြောခဲ့သည်။ စက်ရုံများသည် လျှပ်စစ်ဓာတ်အား အလုံအလောက်ရမှသာ ထုတ်လုပ်မှု လုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မှလုပ်ငန်းရှင်များကို လှိုင်သာယာစက်မှုဇုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
အများစုသည် ဒီဇယ်မီးစက်များကို အားကိုးနေရပြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် လောင်စာဆီ ဈေးတက်သောကြောင့် အကုန်အကျ လွန်စွာများသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအတွက် မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုများ၊ သူ၏အဆိုအရ “အကြမ်းဖက်သမားများ” ကို မကြာခဏ အပြစ်တင်သည်။ တော်လှန်ရေး အင်အားစုများက မဟာဓာတ်အားလိုင်းများကို ပစ်မှတ်ထားသည်ဟု ၎င်းက စွပ်စွဲသည်။
လျှပ်စစ်ဓာတ်အားကိစ္စ မင်းအောင်လှိုင် ကိုင်တွယ်ပုံကို ဝေဖန်သည့် ဟစ်ပ်ဟော့ ဂီတသမား ဗျူဟာကို စစ်ကောင်စီက လွန်ခဲ့သောနှစ်တွင် ဖမ်းဆီးခဲ့သည်။ ရန်ကုန်အခြေစိုက် သီချင်းရေးဆရာနှင့် အဆိုတော် ဗျူဟာကို ထောင်အနှစ် ၂၀ ချထားသည်။
လျှပ်စစ်ဓာတ်အား စီမံကိန်းများကို ဆိုင်းငံ့ခြင်းအတွက် သူ့ဆရာသမား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်သည်။ ထိန်ပင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စီမံကိန်းကို အမြန်ဆုံး ပြီးအောင်လုပ်ရန် ရန်ကုန်တိုင်း အစိုးရကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တိုက်တွန်းသည်။ ယင်းစီမံကိန်းကို ဦးသိန်းစိန် လက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ၏ လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ဖြေရှင်းရန် ကူညီရေးအတွက် ရုရှား၊ တရုတ်နှင့် လာအိုကို မင်းအောင်လှိုင်က အကူအညီတောင်းသည်။ သုံးနှစ်မပြည့်မီ စွမ်းအင်ဝန်ကြီး သုံးဦး ပြောင်းလဲခန့်ခဲ့သည်။
သူဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် ဓာတ်အားပေးစက်ရုံများ မြန်မာတွင် ဖွင့်ခဲ့သည့် ဟောင်ကောင်မှ VPower သည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာမှလုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။ မြန်မာရှိ ၎င်းတို့၏ ဓာတ်အားပေးစက်ရုံများအတွက် သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့သည့် VPower ပိုင် သင်္ဘောသည် မြန်မာမှ လွန်ခဲ့သောနှစ် မတ်လတွင် ပြန်လည် ထွက်ခွာသွားသည်။
စစ်ကောင်စီသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက် ထက်ဝက်ကိုပင် မပေးနိုင်ကြောင်း လွန်ခဲ့သောနှစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံသော်လည်း ထိုအခြေအနေသည် ၂၀၂၅ ခုနှစ်တွင် ပြောင်းလဲသွားမည်ဟု ပြောသည်။
၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေး မြန်မာ့ရည်မှန်းချက်အတွက် အလားအလာနည်းကြောင်း လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတခု၌ ဖော်ပြထားသည်။
မင်းအောင်လှိုင်ကို ထောက်ခံသူများက သူ့အနေဖြင့် လျှပ်စစ်ဓာတ်အားအစား ရင်ဆိုင်နေရသည့် လက်နက်ကိုင်တော်လှန်မှုအတွက် ပိုမိုအားစိုက်ရန် တိုက်တွန်းကြသည်။ တော်လှန်ရေး အင်အားစုများသည် ကြီးမားသောအောင်ပွဲများ ရနေသည်။ နိုင်ငံ၏ တဝက်ကို ဆုံးရှုံးရလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အနည်းဆုံးအားဖြင့် အာဏာသိမ်းပြီးနောက် တဝက်သာကျန်သည့် နိုင်ငံအတွက် စွမ်းအင်ထောက်ပံ့ရေး ရည်မှန်းကို ပြည့်အောင် လုပ်နိုင်ပေလိမ့်မည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Leader Shifts Focus to Power in Yangon as Resistance Gains More Ground ကို ဘာသာပြန်သည်။)
You may also like these stories:
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
အဆိုတော် ဗျူဟာအား ရုံးထုတ် ရမန်ယူ
လျှပ်စစ်စီမံကိန်း ၂ ခုမှ ဟောင်ကောင် VPower ပြန်ဆုတ်
စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်