ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်က ဦးဆောင်သည့် အပစ်အခတ်ရပ်စဲရေး ပြိုကွဲခြင်းနှင့် အချို့နေရာများတွင် တိုင်းရင်းသား တော်လှန်ရေးတပ်များ ရှေ့သို့ချီတက်လာခြင်းသည် မြန်မာ့အနာဂတ်အတွက် အရေးပါသည့် ပြဿနာ နှစ်ခုကို မီးမောင်း ထိုးပြနေသည်။
တရုတ်လုပ် ငြိမ်းချမ်းရေး သဘောသဘာဝ၊ ရည်ရွယ်ချက်များနှင့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက နိုင်ငံတွင် ကျင့်သုံးခဲ့သည့်စနစ်နှင့် တူသည့် ဖက်ဒရယ်စနစ် ပြန်လည် ထူထောင်ခြင်းသည် မည်သို့ဖြစ်သင့်သည် ဆိုသည့် ပြဿနာ နှစ်ခုဖြစ်သည်။
တရုတ်သည် တိုင်းရင်းသားတပ်မတော်များကိုသာမက မြန်မာစစ်တပ်အပေါ်တွင်ပါ သြဇာကျင့်သုံးနိုင်သည့် တခုတည်းသော ပြင်ပအင်အားကြီးနိုင်ငံဖြစ်ကြောင်း ထင်ရှားသည်။
လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ခုခံတော်လှန်ရေးအင်အားစု အများစုက ၎င်းတို့သည် “လွတ်လပ်သော ဒီမိုကရက်တစ် ဖက်ဒရယ် မြန်မာ” ကို လိုလားကြောင်း ပြောသော်လည်း မည်သည့်အင်အားစုကမှ ၎င်းတို့ ဒေသများအတွင်းရှိ လူမျိုးစုံ လူမျိုးစုများ၏အဆင့်သည် မည်သို့ဖြစ်မည် သို့မဟုတ် မည်သို့ဖြစ်သင့်သည်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပေ။
လက်ရှိလူမျိုးစု ပြည်နယ် ခုနှစ်ခုဖြစ်သည့် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်နှင့် ကရင်နီ (ကယား) တို့ကို စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျန်တိုင်း ခုနစ်ခုကို ဗမာလူများစုက အုပ်ချုပ်ကာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို လူတိုင်းအတွက် ဘုံဒေသအဖြစ် ထားလျှင် ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် လူမျိုးစု ပဋိပက္ခ အမှန်တကယ် အဆုံးသတ်ပါမည်လား။
ပြဿနာမှာ ချင်းပြည်နယ်သည် အဓိက လူမျိုးစုတခုတည်းသာရှိသည့် ပြည်နယ် ဖြစ်ကောင်းဖြစ်နိုင်ခြေရှိခြင်း ဖြစ်သည်။ သို့သော် ထိုသို့ဆိုသည့်တိုင် ချင်းလူမျိုးစုတွင် ဘုံဘာသာစကား မရှိဘဲ အပြန်အလှန် နားမလည်ကြသည့် ဒေသိယစကားများကို ဒေသအမျိုးမျိုးတွင် ပြောဆိုကြသည်။
ကချင်ပြည်နယ်တွင် အလွန်များပြားသည့် ရှမ်းလူမှုအသိုက်အဝန်းရှိပြီး မြန်မာနိုင်ငံ အစိတ်အပိုင်း အများအပြားမှ ရွှေ့ပြောင်းခြေချခြင်းများ ရှိသောကြောင့် ကချင်လူမျိုးစုများသည် ၎င်းတို့ပြည်နယ်တွင် လူနည်းစု ဖြစ်လာနေသည်။ ထိုနောက် လီဆူးများနှင့် နုံ-ရဝမ်များသည် ၎င်းတို့ကိုယ်၎င်းတို့ ကချင်အဖြစ် သတ်မှတ်ခံ၊ မခံ ဆိုသည့် မေးခွန်းရှိနေသေးသည်။
လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ခုခံတော်လှန်ရေးအင်အားစု အများစုက ၎င်းတို့သည် “လွတ်လပ်သော ဒီမိုကရက်တစ် ဖက်ဒရယ် မြန်မာ” ကို လိုလားကြောင်း ပြောသော်လည်း မည်သည့်အင်အားစုကမှ ၎င်းတို့ ဒေသများအတွင်းရှိ လူမျိုးစုံ လူမျိုးစုများ၏အဆင့်သည် မည်သို့ဖြစ်မည် သို့မဟုတ် မည်သို့ဖြစ်သင့်သည်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပေ။
တချိန်တည်းတွင် ကရင်အများစုသည် အရှေ့ပိုင်းရှိ ကရင်ပြည်နယ်တွင် မရှိဘဲ ဧရာဝတီတိုင်းတွင် ရှိနေပြီး ကရင်ပြည်နယ်တွင် ရှမ်း၊ ဗမာနှင့် အခြား လူမှုအသိုက်အဝန်းများလည်း ရှိနေသည်။
မွန်ပြည်နယ်တွင် မြို့ပြမွန်အများစုသည် ဗမာမှုပြုခံထားရသောကြောင့် မည်သူသည် မည်သည့်လူမျိုးဖြစ်သည်ကို ပြောရန်ခက်ပြီး ပြည်နယ်မြို့တော် မော်လမြိုင်တွင် လူမျိုးစုအရ၊ ဘာသာရေးအရ ရောထွေးနေသည့် လူဦးရေရှိသည်။
ကရင်နီ (ကယား) ပြည်နယ်တွင် ကြီးမားသော ရှမ်း၊ ကယန်းပဒေါင်နှင့် ပအိုဝ်း လူမှုအသိုက်အဝန်းများ ရှိသည်။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာရခိုင်၊ မွတ်ဆလင်ရိုဟင်ဂျာ၊ ကမန်နှင့် တောင်တန်း မျိုးနွယ်စုများ ရှိသည်။
ထို့နောက် အကျယ်ပြန့်ဆုံးနှင့် လူမျိုးစုအရ အကွဲပြားဆုံး ရှမ်းပြည်နယ်ရှိပြီး ရှမ်းပြည်နယ်တွင် ဝ၊ ပလောင်၊ ကိုးကန့်တရုတ်နှင့် ပအိုဝ်း အပါအဝင် ရှမ်းမဟုတ်သူ အများအပြားကလည်း ၎င်းတို့ သီးခြားပြည်နယ်များ သို့မဟုတ် အနိမ့်ဆုံးအဆင့်တွင်ပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုလားကြသည်။ အဓိက ပြဿနာကို ရှမ်းပြည်မြောက်ပိုင်းတွင် တွေ့နိုင်ပြီး ထိုဒေသ၌ ပလောင်များနှင့် ကချင်အုပ်စုများသည် အပြန်အလှန် နယ်နိမိတ်တောင်းဆိုမှု ဖြစ်နေပြီး ၎င်းတို့၏ စစ်တပ်အသီးသီးသည် ပြည်တွင်းစစ် သမိုင်းတလျှောက်လုံးတွင် မကြာခဏ ပဋိပက္ခဖြစ်ကြသည်။
ဝ သည် အရှေ့ဘက် တောင်တန်းများတွင် စတုရန်း ကီလိုမီတာ ၂၀,၀၀၀ ကျော် ကျယ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်သဖွယ်ဖြစ်သည့်ဒေသကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ၎င်းတို့၏ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ ရှမ်းပြည်တပ်မတော် (SSA) နှင့် မဟာမိတ်ဖြစ်သော်လည်း SSPP/SSA ၏ ပြိုင်ဘက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တိုက်ခိုက်နေသည်။ RCSS၏ စစ်တပ်ကိုလည်း ရှမ်းပြည်တပ်မတော်ဟုပင် ခေါ်သည်။ တောင်ပိုင်းတွင် ပအိုဝ်း လူမျိုးစုများသည် ၁၉၄၀ ပြည့်နှစ်များက စတင်ပြီး ဗဟိုအစိုးရကို မတိုက်ဘဲ ရှမ်းစော်ဘွားများကိုတိုက်ရန် ပုန်ကန်သည်။
အကျယ်ပြန့်ဆုံးနှင့် လူမျိုးစုအရ အကွဲပြားဆုံး ရှမ်းပြည်နယ်ရှိပြီး ရှမ်းပြည်နယ်တွင် ဝ၊ ပလောင်၊ ကိုးကန့်တရုတ်နှင့် ပအိုဝ်း အပါအဝင် ရှမ်းမဟုတ်သူ အများအပြားကလည်း ၎င်းတို့ သီးခြားပြည်နယ်များ သို့မဟုတ် အနိမ့်ဆုံးအဆင့်တွင်ပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုလားကြသည်။
၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၁၉၇၁ ခုနှစ်တွင် SSPP ဟုခေါ်သည့် ၎င်း၏နိုင်ငံရေးပါတီကို ထူထောင်သည့် မူလ SSA က ၎င်းတို့သည် ရှမ်းပြည်တခုလုံး လွတ်မြောက်စေရေးအတွက် တိုက်ပွဲဝင်နေကြောင်း ပြသရန် ၎င်းတို့တပ်များတွင် အခြားလူမျိုးစုများ ပါဝင်သည်ဟု ပြောသည်။ ၎င်းတို့တွင် ကိုးကန့်တရုတ် တပ်ဖွဲ့တဖွဲ့၊ ပလောင်တပ်ရင်း အများအပြားရှိပြီး ကချင်နှင့် ဝ အရာရှိများလည်း ရှိသည်။
အခြားတဖက်တွင် RCSS သည် ပြင်းထန်သည့် လူမျိုးစုဗဟိုပြု ရှမ်း-ဗုဒ္ဓဘာသာ အမျိုးသားရေး လက္ခဏာကို မြှင့်တင်အားပေးသည်။ မြေပေါ် နိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ်တွင် စတင်ထူထောင်ပြီးနောက် SSPP/ SSA သည်လည်း ရှမ်းအမျိုးသားရေး ပိုမိုဆန်လာသည်။ ရှမ်းပြည်နယ်မှ ကျိုးကြောင်းဆီလျော်မှု မရှိလောက်အောင် ရှုပ်ထွေးသည့်အခြေအနေကို ဗုဒ္ဓဘာသာ အဆောင်လက်ဖွဲ့များ ဝတ်ဆင်သည့် ကရင်လူမျိုး ခရစ်ယာန် တာကလေက တချိန်က အင်အားကြီးမားသော ကွန်မြူနစ်ပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ပအိုဝ်းတပ်မတော်ကို ဦးဆောင်ခြင်းက ပြသနေသည်။
ထို့ကြောင့် အနာဂတ် မြန်မာ အထူးသဖြင့် အနာဂတ် ရှမ်းပြည်နယ်သည် မည်သည့်ပုံစံဖြစ်မည် ဆိုသည့်ကိစ္စသည် တိုက်ရိုက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ သို့သော် ရှမ်းပြည်နယ်နှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် အာသံအကြား တူညီမှုရှိသည်။ ထိုပြည်နယ်သည် သမိုင်းကြောင်းအရ ရှမ်းအုပ်ချုပ်သည့် ဘုရင့်နိုင်ငံတော် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ အိန္ဒိယ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်များက အာသံပြည်နယ်တွင် ထရီပူရနှင့် မဏိပူရ ပြည်နယ်များမှအပ ဆီလီဂူရီစင်္ကြံဒေသ အရှေ့ဘက် နယ်မြေအားလုံး ပါဝင်သည်။
ရှမ်းပြည်နယ်ကဲ့သို့ပင် အာသံလူမျိုးများသည် မြေနိမ့်ဒေသကို လွှမ်းမိုးပြီး အခြား တောင်ပေါ်လူမျိုးများသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများတွင် နေထိုင်သည်။ သို့သော် ပုန်ကန်မှု နှစ်ပေါင်းများစွာဖြစ်ပြီးနောက် အရှေ့ဘက်မှ နာဂတောင်တန်းများသည် ခွဲထွက်ပြီး ၁၉၆၃ ခုနှစ်တွင် နာဂလန်း ဖြစ်လာသည်။ နာဂလန်း၏တောင်ဘက် မီဇိုတွင်လည်း အိန္ဒိယပြည်နယ်ကို ပုန်ကန်မှုဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မီဇိုရမ် ပြည်ထောင်စုနယ်မြေကို ၁၉၇၂ ခုနှစ်တွင် တည်ထောင်မှုဖြစ်စေပြီး ၁၉၈၇ ခုနှစ်တွင် ပြည်နယ်အဖြစ် ကြေညာသည်။
၁၉၇၂ ခုနှစ်တွင် ခါစီ၊ ဂျိန်းရှားနှင့် ဂါရို တောင်တန်းများသည် မီဂါလယဟုခေါ်သည့် သီးခြားပြည်နယ် ဖြစ်လာသည်။ ထိုစဉ်က အာသံသည် မီဂါလယတွင်ရှိသည့် ၎င်း၏မြို့တော်ကို ရှီလောင်မှ ဂူဝါဟတီအနီး မြေနိမ့်ဒေသ အဓိက မြို့ကြီးဖြစ်သော ဒစ္စပူရ်သို့ ရွှေ့ပြောင်းရသည်။ ၁၉၇၂ ခုနှစ်တွင် တရုတ်နယ်စပ် အာသံမြောက်ပိုင်း နယ်မြေများ ပါဝင်သော အရှေ့မြောက် နယ်စပ်ဒေသ အေဂျင်စီ (NFA) သည် အရူနာချယ် ပရာဒက်ပြည်ထောင်စုဒေသ ဖြစ်လာပြီး ၁၉၈၇ ခုနှစ်တွင် ပြည်နယ်ဖြစ်လာသည်။ အာသံပြည်နယ်အတွက် ကျန်သည့် အစိတ်အပိုင်းများမှာ ဗြမ္မပုတ္တရမြစ် ပတ်ဝန်းကျင်ရှိ မြေနိမ့်ဒေသများသာ ဖြစ်လာသည်။
ရှမ်းပြည်နယ်ကဲ့သို့ပင် အာသံလူမျိုးများသည် မြေနိမ့်ဒေသကို လွှမ်းမိုးပြီး အခြား တောင်ပေါ်လူမျိုးများသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများတွင် နေထိုင်သည်။ သို့သော် ပုန်ကန်မှု နှစ်ပေါင်းများစွာဖြစ်ပြီးနောက် အရှေ့ဘက်မှ နာဂတောင်တန်းများသည် ခွဲထွက်ပြီး ၁၉၆၃ ခုနှစ်တွင် နာဂလန်း ဖြစ်လာသည်။
အာသံကို ဘော်လ်ကန်ဒေသသဖွယ် အစိတ်စိတ်ခွဲဝေခြင်းသည် လူများစု အာသံများအကြား မကျေနပ်လာခဲ့သည် မဟုတ်သော်လည်း ထိုကိစ္စသည် ငြိမ်းချမ်းရေးအတွက် ၎င်းတို့ပေးဆပ်ရသည့်တန်ဖိုး ဖြစ်သည်။ ၎င်းတို့၏ အတွင်းပိုင်းလူမျိုးစုအတွက် အလားတူဖြေရှင်းမှုမျိုးကို ရှမ်းတို့ လက်ခံနိုင်ပါမည်လား။ ဖြစ်နိုင်ခြေများအရ တွက်ပါက လက်မခံနိုင်ဟုသာ ဖြေရမည်ဖြစ်သည်။
သို့သော် ရှမ်းပြည်နယ်မှ ရှမ်းမဟုတ်သော လူမျိုးစုများအတွက် သီးခြားပြည်နယ်များ ရှိမလာပါက အဖြေမည်သို့ ထွက်မည်နည်း။ သေးငယ်သော လူမျိုးစုဒေသများ၏ ကွန်ဖက်ဒရေးရှင်း ဖြစ်လာမည်လား။ ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်များ ဖြစ်လာမည်လား။ သို့သော် ထိုသို့သော အခြေအနေကို ပြည်နယ်အတွင်း အခြားဒေသများမှ သီးခြားအုပ်ချုပ်ရန် ရည်ရွယ်သည့် ကိုယ်ပိုင် ပိုင်နက်ရှိသော ဝ က ပယ်ချထားပြီးဖြစ်သည်။ အလားတူဖြစ်ရပ်မျိုး ကိုးကန့်ဒေသတွင်လည်း ဖြစ်ပေါ်နေပြီး ထိုဒေသတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) သည် နယ်မြေအများစုကို ထိန်းချုပ်လိုက်ပြီး သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်နေသည်။
ကချင်ပြည်နယ်တွင် မည်သို့ ဖြစ်မည်နည်း။ နေပြည်တော်အာဏာပိုင်များက ထောက်ပံ့ထားသည့် ရှမ်းအချို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို တိုက်ခိုက်ရန် လက်နက်တပ်ဆင်နေပြီး ဖြစ်သည်။ နိုင်ငံ၏ ထိုအစိတ်အပိုင်းတွင် ငြိမ်းချမ်းရေး ရလျှင်ပင် ဒေသခံရှမ်းများနှင့် ဗမာ၊ ရခိုင်ရွှေ့ပြောင်းအခြေချများနှင့် ဖြစ်နိုင်ခြေအရှိဆုံး လီဆူးနှင့် နုံ-ရဝမ်များသည် ကချင်လွှမ်းမိုးသည် ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်းကို ဆန့်ကျင်ကြမည်ဖြစ်သည်။
အနာဂတ် ကရင်ပြည်နယ်သည် လက်ရှိ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းမှ ကရင်လွှမ်းမိုးသည့် ဒေသများပါ ပါဝင်မည်လား။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ လူနည်းစုတွင် သီးခြားပြည်နယ် သို့မဟုတ် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အကြား ၎င်းတို့အတွက် ရှိခဲ့သည့် မေယုတောင်တန်းခရိုင် ရှိသင့်ပါသလား။ ၎င်းတို့ပြည်နယ်မှ လူမျိုးရေး ဘာသာရေး ပဋိပက္ခအတွက် ထိုအဖြေ နှစ်ခုကို လက်ခံရန် ဗုဒ္ဓဘာသာ ရခိုင်လူများစုမှ မည်မျှ များများသည် စိတ်အားထက်သန်မည်နည်း။
မြန်မာ၏ ဆယ်စုနှစ်များစွာကြာသည့် လူမျိုးစု ပဋိပက္ခကို ဖြေရှင်းရန် လွယ်ကူသော နည်းလမ်းမရှိဘဲ လက်ရှိစနစ်မှ အလုပ်ဖြစ်သော အပြောင်းအလဲတခုကို ဖော်ထုတ်နိုင်စွမ်းမရှိ သို့မဟုတ် စိတ်အားထက်သန်ခြင်း မရှိသည်မှာ ညီညွတ်သော တော်လှန်ရေးအင်အားစု၏ ခေါင်းဆောင်ဆိုသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တခုတည်း မဟုတ်ပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ လူနည်းစုတွင် သီးခြားပြည်နယ် သို့မဟုတ် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အကြား ၎င်းတို့အတွက် ရှိခဲ့သည့် မေယုတောင်တန်းခရိုင် ရှိသင့်ပါသလား။ ၎င်းတို့ပြည်နယ်မှ လူမျိုးရေး ဘာသာရေး ပဋိပက္ခအတွက် ထိုအဖြေ နှစ်ခုကို လက်ခံရန် ဗုဒ္ဓဘာသာ ရခိုင်လူများစုမှ မည်မျှ များများသည် စိတ်အားထက်သန်မည်နည်း။
ပွင့်လင်းမှု အထိုက်အလျောက်ရှိသော ၂၀၁၁-၂၀၂၁ ကာလအတွင်း မြန်မာသို့ အုပ်စုလိုက်ရောက်လာသည့် ပြည်ပမှ ငြိမ်းချမ်းရေး တည်ဆောက်သူများသည် “ငြိမ်းချမ်းရေး တည်ဆောက်ရေး”၊ “တွေ့ဆုံဆွေးနွေးမှု ပုံသဏ္ဍန်များ”၊ “ကောင်းမွန်သော အုပ်ချုပ်ရေး”၊ “ပြန်လည်သင့်မြတ်ရေး” စသည့် ပဋိပက္ခဒေသများ၏ မြေပြင်မှ ခါးသီးသော ပကတိအခြေအနေများနှင့် လုံးဝမသက်ဆိုင်သည့် နားလည်ရခက်ခဲသော ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပကြသည်။
ကမ္ဘာအနှံ့အပြားမှ လုံးဝ ကွဲပြားခြားနားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အခြေခံကာ ပုံစံထုတ်ထားပြီး ကျင့်သုံးမရသည့်အဖြေများကို အကြံပြုကာ ဒေါ်လာသန်းပေါင်းများစွာကို မိုက်မဲသော လုပ်ငန်းများတွင် ဖြုန်းတီးကြသည်။ နောက်ဆုံးတွင် ထိုအားထုတ်မှုများသည် မှားယွင်းသော မျှော်လင့်ချက်များဖြစ်စေကာ ရှုပ်ထွေးမှုများ ဖြစ်နေပြီးသည့် လက်ရှိ ပြဿနာများနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားစေသည်။
အခြေအနေကို ပိုမိုကျယ်ပြန့်စွာ လေ့လာရပါက စစ်တပ်နှင့် အဓိက တိုင်းရင်းသားလက်နက်ကိုင် တပ်များကို ဖိအားပေးရန် လုံလောက်သည့် ပြည်ပအင်အားကြီး တရုတ်နိုင်ငံတနိုင်ငံတည်းသာ ရှိသောကြောင့် ထိုပြည်ပအုပ်စုများသည် ခေတ်နှင့်ကိုက်ညီခြင်း မရှိပေ။ တရုတ်သည် အနောက်နိုင်ငံများမှ ငြိမ်းချမ်းရေးသမားများနှင့် မတူဘဲ မြန်မာတွင် ၎င်း၏ အရေးပါသော ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားရှိပြီး ၎င်းတို့လိုချင်သည်ကို ရရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်။
အတိအကျပြောရပါက တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ဖော်ဆောင်မည်ဖြစ်သည်။ ထိုစင်္ကြံတွင် တည်ဆောက်ပြီးဖြစ်သော ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ၊ အဆင့်မြှင့်တင်ထားသည့် အဝေးပြေးလမ်းများနှင့် ဘင်္ဂလားပင်လယ်အော်မှ ရေနက်ဆိပ်ကမ်းသို့ ဦးတည်သည့် မြန်နှုန်းမြင့် ရထားလမ်းများ တည်ဆောက်မည့် စီမံကိန်းများ ပါဝင်သည်။ တရုတ်သည် မြန်မာတွင် အဓိက ရင်းနှီးမြှုပ်နှံသူနှင့် အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်လာသောကြောင့် ၎င်း၏ အကျိုးစီးပွားများသည် စီးပွားရေးနှင့်လည်း သက်ဆိုင်သည်။
အများမျှော်မှန်းထားသည်နှင့် မတူဘဲ နေပြည်တော်မှ စစ်ကောင်စီသည် ကျဆုံးရန် နီးကပ်လာသည် မဟုတ်ဘဲ ကျဆုံးလျှင်ပင် လူမျိုးစုရေးရာ၊ အုပ်ချုပ်ရေးစနစ်များနှင့် ပတ်သက်သည့် စိန်ခေါ်မှုအများအပြားအတွက် လက်တွေ့ကျပြီး အလုပ်ဖြစ်သည့် အဖြေများရှာရန် လုပ်ငန်းစဉ်အစသာ ဖြစ်သေးသည်ဟု အဓိပ္ပာယ်ဆောင်သည်။
အများမျှော်မှန်းထားသည်နှင့် မတူဘဲ နေပြည်တော်မှ စစ်ကောင်စီသည် ကျဆုံးရန် နီးကပ်လာသည် မဟုတ်ဘဲ ကျဆုံးလျှင်ပင် လူမျိုးစုရေးရာ၊ အုပ်ချုပ်ရေးစနစ်များနှင့် ပတ်သက်သည့် စိန်ခေါ်မှုအများအပြားအတွက် လက်တွေ့ကျပြီး အလုပ်ဖြစ်သည့် အဖြေများရှာရန် လုပ်ငန်းစဉ်အစသာ ဖြစ်သေးသည်ဟု အဓိပ္ပာယ်ဆောင်သည်။
စစ်ကောင်စီခေတ်အလွန် မည်သည့်အစိုးရမဆိုသည် အိမ်နီးချင်း အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံနှင့် ပညာသားပါပါ ဆက်ဆံရမည် ဖြစ်သည်။ မြန်မာကို ထိန်းချုပ်လိုသော တရုတ်နှင့် လတ်တလောတွင် အောင်မြင်မှု များများစားစား မရသော်လည်း လျှော့မတွက်ရမည့် အိန္ဒိယကလည်း မြန်မာတွင် တရုတ်သြဇာကို အနည်းဆုံး ထိန်းညှိထားလိုသည်။
မြန်မာ့ပြည်တွင်းရေးတွင် အခန်းကဏ္ဍတခုမှ ပါဝင်ရန် မကြာခဏ ကြိုးစားကြသည့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အာဆီယံ၊ ကနေဒါ၊ သြစတြေးလျ၊ နော်ဝေ၊ ဆွစ်ဇာလန် စသည့် ပြင်ပနိုင်ငံများသည် အဆုံးအဖြတ်ကျပြီး အရေးပါမှုဖြစ်မည့် မည်သည့် နည်းလမ်းသာမက ပရိယာယ်ကျွမ်းကျင်မှုလည်း ချို့တဲ့နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ The Future of Myanmar: Ethnic Diversity or Ethnic Strife? ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာ ဖြစ်သည်။)
You may also like these stories:
မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား
မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ
ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ
ဖက်ဒရယ်ချည်း သွားလို့မရ ဒီမိုကရေစီနည်းနဲ့လည်း သွားရမယ်
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရဲရဲရေးဆွဲဖို့လိုတယ်
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ













