စစ်ကောင်စီက ရုရှားခရီးသွားများအား ဆွဲဆောင်ရန် ရည်ရွယ်ထားသည့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ စားသောက်ဆိုင်တို့မှာ လတ်တလော တိုက်ပွဲများကြောင့် ပိတ်ထားရပြီး ကမ်းခြေတခုလုံး ခြောက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများက ရခိုင်ကမ်းမြောင်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း ပုသိမ်ခရိုင်ထိပါ ပျံ့နှံ့လာပြီး ချောင်းသာကမ်းခြေမှ မိုင် ၃၀ကျော်ကွာသည့် ဘောမိကျေးရွာတဝိုက် ဖြစ်ပွားနေခြင်းဖြစ်ရာ ယခုရက်ပိုင်းအတွင်း ကမ်းခြေသို့လည်ပတ်မည့် ပြည်တွင်းမှ ကြိုတင်ခရီးစဉ်အားလုံး ဖျက်သိမ်း သွားပြီဟု သိရ သည်။
ချောင်းသာကမ်းခြေ ဒေသခံတဦးက “ချောင်းသာမှာ သုံးပုံနှစ်ပုံလောက်က စိတ်မအေးကြဘူး။ ဟိုတယ်တွေ၊ KTV တွေ အကုန် ပိတ်လိုက်ပြီ။ ဈေးဆိုင်တွေဆို မရှိတော့ဘူး။ ချောင်းသာဘက်မှာ ဘာမှကို မရှိတော့ဘူး၊ အကုန်ကုန်သွားပြီ၊ ပြေးတဲ့သူကို ပြောတာ။ မနေ့က ကျနော်တို့ ဟိုတယ်ကပစ္စည်းတွေ အကုန်သွားရွှေ့ရတာလေ။ ရွှေချောင်းသာတဲ့ ဟိုတယ်ကဟာတွေ အကုန်ရွှေ့ပေးရတယ်၊ မနေ့က မွေ့ယာတွေ၊ မီးစက်တွေရော ရွှေ့လို့ရတာ အကုန်ရွှေ့တာပေါ့။ ဟိုတယ်အခွံနဲ့ လုံခြုံရေး လောက်ပဲ ထားခဲ့တာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်ခရိုင်ရှိ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသည် ပြည်တွင်းခရီးသွား အများဆုံးလည်ပတ်သည့် နေရာဖြစ်သလို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ရုရှားခရီးသွားများ ချောင်းသာနှင့် ငွေဆောင်သို့ အလွယ်တကူသွားရောက်န်ိုင်ရန် ရန်ကုန် – ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေပြီး ဒူးမားဟုခေါ်သည့် ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌ နေပြည်တော်သို့ လာစဉ်ကလည်း ငွေဆောင်ကမ်းခြေသို့ ပို့ဆောင်ကာ ချစ်သူကျွန်းသို့ လည်ပတ်စေသည်။
ချောင်းသာဒေသခံ ဧည့်လမ်းညွှန်တဦးက “ကြိုတင်ပြင်ဆင်တာပေါ့။ တချို့ဟိုတယ်လည်း ပိတ်တယ်။ ဖွင့်ထားတဲ့ ဟိုတယ် တွေလည်း ဖွင့်ထားသေးတယ်။ များသောအားဖြင့် ကြိုတင်စီစဉ်တဲ့အနေနဲ့ မီးစက်တွေဖြုတ်တာ၊ ဝန်ထမ်းတွေ လျှော့ချတာ လုပ်တယ်။ တချို့ဟိုတယ်တွေဆိုလည်း ဘိုကင်တွေ ဆက်ပြီးလက်မခံတော့ဘူး။ ချောင်းသာဒေသခံတွေ ကတော့ ရွှေသောင်ယံ ဘောမိဘက်မှာ ဖြစ်နေတယ်ဆိုတဲ့ သတင်းကြားထဲက ကြိုပြီးရှောင်ထားကြတာ”ဟု ဧရာဝတီကို ပြောသည်။

ချောင်းသာကမ်းခြေဇုန်(၁)ထဲတွင် ဟိုတယ်အကြီး ၁၃ လုံး ရှိပြီး နောက်ထပ်တိုးချဲ့ထားသည့် ရွှေသောင်ယံဘက်မှ ဟိုတယ် အကြီးများပါဆိုလျှင် ၁၈ လုံးခန့်ရှိကြောင်း၊ လိုင်စင်ရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဘန်ဂလို စသည့် အသေးများမှာ အလုံးပေါင်း ၂၀၀ ကျော်ရှိကာ လက်ရှိတွင် အများစုမှာ ပိတ်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “အခုကတော့ တော်တော်များများကို ချောင်းသာကမ်းခြေက ခြောက်ကပ်သွားပြီ။ ခါတိုင်း အခုလို ခရီးသွားရာသီမှာဆိုရင် ချောင်းသာဟိုတယ်တွေက ကြိုတင်ပြီးတော့ တလစာလောက် ဘိုကင်လုပ်ထားမှ အခန်းရတာ။ အဲဒီလောက်ထိ စည်ကားတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်းမှ ထင်ရှားသည့် ချောင်းသာကမ်းခြေနည်းတူ ငွေဆောင်ကမ်းခြေဒေသ၌လည်း လက်ရှိတိုက်ပွဲများ အခြေအနေကြောင့် ခရီးသွားဧည့်သည်များ စိုးရိမ်စိတ် ဖြစ်ပေါ်နေသဖြင့် ကြိုတင်ဘိုကင်ယူထားမှုများအား ဖျက်သိမ်းမှုများ ရှိနေကြောင်း ငွေဆောင်ကမ်းခြေဒေသခံများက ဆိုသည်။
ငွေဆောင်ကမ်းခြေဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတဦးက “ဒီမှာတော့ မပိတ်ဘူးဗျ။ ခရီးသည်တွေတော့ရှိတယ်။ ဟိုတယ်တွေဘာတွေတော့ လက်ရှိအထိ လည်ပတ်နေသေးတယ်။ တချို့ကတော့ ဘိုကင်ဖျက်တာရှိတယ်။ မလာရဲလို့ပေါ့” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အာရက္ခတပ်တော်(AA)ကလည်း ရခိုင်-ဧရာဝတီတိုင်းအစပ်၏ နေရာအချို့၊ ပွိုင့်(၃၆၉)ကုန်းနှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် (AA)သည် ပြီးခဲ့သည့် နှစ် ဇွန်လအတွင်း ကမ္ဘာကျော် ငပလီကမ်းခြေကို သိမ်းပိုက်လိုက်သည်။
You may also like these stories:
မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား
ဧရာဝတီကမ်းခြေမြို့များတွင် စစ်ကောင်စီ ခံစစ်ပြင်
ငွေဆောင်၊ ချောင်းသာခရီးစဉ် ဖျက်သိမ်းမှုတွေရှိလာ (ရုပ်/သံ)