ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။ အရှေ့တောင်အာရှမှ ခေါင်းဆောင်များ ထရမ့်အစိုးရနှင့် မည်သည်တို့ကို လုပ်ကိုင်ရန် မျှော်လင့်ထားသနည်း။
နိုင်ငံစုံဝါဒကို ထရမ့်က အရေးမထားလှဘဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နှင့် ဆက်ဆံရေးသည် တင်းမာနေကာ သူ၏ ပထမရာထူးသက်တမ်းအတွင်း ASEAN ထိပ်သီးဆွေးနွေးပွဲသို့ ၂၀၁၇ ခုနှစ်တွင်သာ ကိုယ်တိုင်တက်ရောက်ပြီး အခြားထိပ်သီးဆွေးနွေးပွဲ ၃ ခုအနက် ၂ ခုသို့ အစိုးရအဖွဲ့ဝင်အဆင့် အရာရှိများကို မစေလွှတ်ပေ။ ထို့ကြောင့် ထရမ့်အစိုးရ ဒုတိယ သက်တမ်းတွင် ဒေသနှင့်ပတ်သက်ပြီး အလေးအနက်မရှိဟု ASEAN နိုင်ငံအချို့ မြင်နိုင်သည်။
သုတေသနအဖွဲ့ဖြစ်သော ဥရောပနိုင်ငံခြားဆက်ဆံရေးကော်မတီ၏ နိုင်ငံ ၂၄ နိုင်ငံတွင် ကောက်ခံသည့် စစ်တမ်းတွင် အိန္ဒိယနှင့် ရုရှားအပါအဝင် နေရာအများအပြားတွင် ထရမ့်ပြန်လာခြင်းသည် သတင်းကောင်းဖြစ်ကြောင်း The Economist စာစောင်၏ အဆိုအရ သိရသည်။
အကြွင်းမဲ့တန်ဖိုးများကို ကိုယ်စားပြုသည့် ကုလသမဂ္ဂကို ထရမ့်က မထေမဲ့မြင်ပြုသည်ကို မိမိတို့ ကောင်းစွာသိသည်။ ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ မြန်မာမှ အဖိနှိပ်ခံပြည်သူ အများအပြားကလည်း ကုလသမဂ္ဂကို အရေးမထား အထင်မကြီးသောကြောင့် ထရမ့်၏ မထေမဲ့မြင်ပြုမှုနှင့် အလားတူဖြစ်နေသည်။
ထရမ့် အထီးကျန်ဝါဒီလား
ထရမ့်ကို အထီးကျန်ဝါဒီဟု စွပ်စွဲခြင်းသည် ရိုးအသည်။ လက်တွေ့တွင် ထရမ့်သည် ဂရင်းလန်းနှင့် ပနားမားအပေါ် သူ၏သြဇာထူထောင်လိုပြီး မက္ကစီကိုသည် မလိုလားအပ်သော ရွှေ့ပြောင်းအခြေချမှု၊ မူးယစ်ဆေးနှင့် တရုတ်ကုန်စည်များ၏ ရင်းမြစ်ဖြစ်သည်ဟု မြင်သောကြောင့် ထရမ့်၏ နယ်ပယ်ချဲ့ထွင်ရေးဝါဒကို မိမိတို့တွေ့နေရသည်။
ထရမ့်က ပနားမားတူးမြောင်းကို မျက်စောင်းထိုးနေပြီး ပိုမိုကြီးမားသည့် ပိုင်ဆိုင်စရာအဖြစ် မြင်သည်။ လက်တွေ့တွင် သူသည် အမေရိကန်ပြည်ထောင်စုနှင့် နီးသည့် နိုင်ငံများနှင့် အခြေခံအဆောက်အအုံများအား သြဇာသက်ရောက်လိုသည်။
ဂရင်းလန်းတွင် သူသည် အာတိတ်ဒေသမှ ထိန်းချုပ် တွင်းထွက်နှင့် သေနင်္ဂဗျူဟာကျသည့် အနေအထားကို ရယူလိုသည်။ ထိုနောက် သူသည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံကိစ္စကို အောင်မြင်အောင် ကူညီခဲ့သည်။
ထိုနောက် တရုတ်နှင့်ပတ်သက်ပြီး သူ မည်သို့ ကိုင်တွယ်မည်နည်း။ အထူးသဖြင့် ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ် ပြဿနာတို့ဖြစ်သည်။ ဂရင်းလန်းနှင့် ပနားမားကို တောင်းဆိုသည့်စကား ထရမ့်ပြောနေခြင်းသည် တရုတ်နှင့် ရုရှားတို့က ၎င်းတို့အကျိုးစီးပွားအတွက် ထိုနေရာများကို အမြတ်ထုတ် အသုံးချမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ထရမ့်၏ ဒုတိယရာထူးသက်တမ်းသည် ပထမရာထူးသက်တမ်ထက် ပိုမို အနှောင့်အယှက် ဖြစ်စေရုံသာမက ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို လွှမ်းမိုးထားသည့်အ မြင်ကို အစားထိုးလိမ့်မည်ဟုပင် အကြံပြုထားသည်။
တရုတ်ကို ပြန်တွန်းထုတ်ခြင်း
အမေရိကသည် အင်ဒိုပစိဖိတ် နိုင်ငံဖြစ်ပြီး ကမ္ဘာတွင် စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးသြဇာတွင် နံပတ် ၁ ဖြစ်နေဆဲဖြစ်သည်။
သို့သော် လာမည့် ၄ နှစ်အတွင်း ထရမ့်သည် သူ၏ ပထမရာထူးသက်တမ်းနှင့်အညီ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တောင့်တင်းအောင်လုပ်ပြီး အမေရိကန် ပြည်ထောင်စု၏ အရှေ့တောင်အာရှမှ အင်ဒိုပစိဖိတ်သေနင်္ဂဗျူဟာကို အရှိန်မြှင့်တင်နိုင်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ၎င်းတို့ဒေသအတွင်း မဟာအင်အားကြီးများ အားပြိုင်မှုမြင့်မားလာမည်ကို စိုးရိမ်ကြသည်။ ဒေသတွင်းတွင် အမေရိကဆက်လက်ရှိနေမည်ဖြစ်ကြောင်း မဟာမိတ်များကိုအာမခံပြီး ဒေသတွင် သြဇာထူထောင်သည့် တရုတ်ကို ဝါရှင်တန်က မည်သို့တွန်းလှန်နိုင်မည်နည်း။
“ထရမ့်ရဲ့ဦးစားပေးစာရင်းမှာ အရှေ့တောင်အာရှပါရင်တောင် အထက်ပိုင်းမှာ ပါမယ်လို့ ကျနော် မထင်ဘူး။ ကျနော်တို့သိတာက သူဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ သိပ်ပြီး စိတ်အားထက်သန်မှု မရှိဘူး။ ဥပမာအားဖြင့် မြန်မာက လွတ်လပ်တဲ့သတင်းမီဒီယာနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေကို အမေရိကန် ထောက်ပံ့မှု အများကြီးနည်းသွားဖို့ဖြစ်နိုင်တယ်” ဟု သတင်းစာဆရာနှင့် မြန်မာအကြောင်း အထူးပြုစာအုပ် ဒါဇင်ပေါင်းများစွာ ရေးသားခဲ့သူ ဘာတေးလ်လင့်တနာက ဧရာဝတီကို ပြောသည်။
သမ္မတ ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသူ ပိဟဂ်ဆတ်က ASEAN နိုင်ငံတနိုင်ငံကိုသာမက ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံကဲ့သို့ ပဋိပက္ခတွင် အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီပေးရန် ကတိပြုထားသည့် ကာကွယ်ရေးမဟာမိတ်များ၏ အမည်ကိုမျှပင် မပြောနိုင်ပေ။ ထိုကိစ္စသည် စိတ်ပျက်စရာကောင်းပြီး ဆီနိတ်တာ တမ်မီဒက်ဝေါ့ ထောက်ပြသလို အိမ်စာအနည်းငယ် ပိုမိုလုပ်ရန် လိုအပ်သည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးနေရာများတွင် မည်သူ့ကို ခန့်ထားသည်ဖြစ်စေ ဒေသတွင်း အစိုးရများသည် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြသည်။
သို့သော် ထရမ့်၏ အဖွဲ့သည် ထိုင်း၊ စင်္ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံများနှင့် ထုံးစံအတိုင်း ဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီး ဆက်ဆံရေးခိုင်မာနေမည်ဟု အင်ဒိုနီးရှားနှင့် မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း စကော့မာဆီရယ်က ဧရာဝတီကို ပြောသည်။
ထရမ့်သည် ASEAN သို့ သံအမတ် မည်သည့်အခါကမျှ မခန်ခဲ့သော်လည်း စကော့ မာဆီရယ်သည် အိုဘားမားအစိုးရခေတ်က ထိုရာထူးတွင် တာဝန်ယူဖူးသည်။ ထရမ့်အောက်တွင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အခြေခံအားဖြင့် ပြောင်းလဲမည်မဟုတ်သော်လည်း မြန်မာ့အရေးကို ဆက်လက်ထောက်ခံသင့်သည်ဟု စကော့ မျှော်လင့်သည်။
နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုသည် အရေးကြီးသည့် နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ပြီးပြောရမည်ဖြစ်ပြီး “အစဉ်အလာ အမေရိကန်မူဝါ၏ ဆက်လက်ကျင့်သုံးတာ မြင်ရမယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။
“မြန်မာမူဝါဒကို အိမ်ဖြူတော်က ကိုင်မယ်လို့ ပြောတယ်။ ဒါကြောင့် အဲဒီကိစ္စတွေအမှန်တကယ် ထိတွေ့ဆက်ဆံဖို့ ဘယ်သူက ဆုံးဖြတ်တယ်ဆိုတဲ့အပေါ်ကို နည်းနည်းပဲမူတည်တယ်။ ဒါပေမယ့် အာရုံစိုက်တဲ့ကိစ္စကတော့ တရုတ်နဲ့ တရုတ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်မှာ သေချာတယ်” ဟု သူပြောသည်။
ထရမ့်၏ ယခင်အစိုးရသက်တမ်းအတွင်းက မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့အပေါင်းပါခရိုနီများက သူ သမ္မတဖြစ်သည့်သတင်းကို ကြိုဆိုကြသည်။
မင်းအောင်လှိုင်နှင့် သူ၏ ရာဇဝတ်ကောင်များက ထရမ့်အုပ်ချုပ်ရေးသည် ၎င်းတို့အတွက် ပိုမိုလွယ်ကူစေမည်ဟု လိုရာဆွဲတွေးနေသည်။ တရုတ်နှင့် ရုရှားသည် မြန်မာတွင် လူမုန်းအများဆုံး စစ်ကောင်စီ၏ မဟာမိတ်များဖြစ်သည်။ ဘိုင်ဒင်အစိုးရသည် မြန်မာစစ်ကောင်စီ၊ ခရိုနီများနှင့် လက်နက်မှောင်ခိုများကို အရေးယူပိတ်ဆို့မှုများ ချမှတ်သော်လည်း ထိုမျှနှင့်မလုံလောက်ကြောင်း အတိုက်အခံများပြောသည်။ လက်နက်အကူအညီသည် အတိုက်အခံတို့ လိုလားသောအရာဖြစ်သည်။
သို့သော် မြန်မာမှ ရာဇဝတ်ကောင်များသည် ထရမ့်၏ အသိအမှတ်ပြုမှု ရမည် မဟုတ်ကြောင်း စကော့ သတိပေးသည်။
“ထရမ့်က မနက်ဘက်မှာ အိပ်ယာက နိုးလာပြီး နေပြည်တော်က ဗိုလ်ချုပ်တွေကို ဘယ်လိုကူညီရမလဲလို့ စဉ်းစားတယ်လို့ သူတို့ထင်ရင် မှားမယ်။ အဲဒီလိုဖြစ်မလာမှာ တော်တော် သေချာတယ်။ မြန်မာက အမေရိကန်အကျိုးစီးပွားဟာ ဘယ်သမ္မတမဆိုရဲ့အမြင်ထက်မဆို ပိုမိုကြီးမားတယ်လို့ ကျနော်ထင်တယ်။ ဒါက ဗိုလ်ချုပ်တွေဘက်မှာ ရှိမှာ မဟုတ်ဘူး” ဟု သူပြောသည်။
ASEAN ဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာဆီရယ်က ထရမ့်လက်အောက်မှ အမေရိကန် နိုင်ငံရေးစနစ်သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု ရှာဖွေတည်ဆောက်ရေးလှုပ်ရှားမှုကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်နေသည်။
“ဗိုလ်ချုပ်တွေရဲ့ ဖရိုဖရဲနဲ့ အဂတိလိုက်စားမှု၊ ရာဇဝတ်မှုကို ထောက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ထရမ့်အစိုးရက ဘာလုပ်မယ်ဆိုတာ ကျနော်သေချာပေါက် မပြောနိုင်ပေမယ့် နေပြည်တော်မှာ အချိန်မတိုင်ခင် ကြိုဆိုနေကြတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။
(စကော့မာဆီရယ်နှင့် တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို မကြာမီ ထုတ်ဝေမည်။)
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Trump Is Back: What Can ASEAN and the Criminals in Naypyitaw Expect? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း
မြန်မာ့အရေး တရုတ်စွက်ဖက်နေမှု ထရမ့်အစိုးရက ရပ်တန့်စေမယ်လို့ ယုံကြည်တယ် (ရုပ်/သံ)
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး
မြန်မာ့အရေး ကမ္ဘာက မေ့ထားတာ ပိုကောင်းနိုင်သည်
၂၀၂၄ ခုနှစ် NUG အစိုးရအပေါ် သုံးသပ်ချက် (ရုပ်/သံ)














